menu

Sunday 30 September 2012

အလေးချိန် နှစ်ပိဿာနီးပါးရှိသည့် ရွှေအရိုင်းတုံး တွေ့ရှိခဲ့


အောင်သမာဓိရွှေဆိုင်သို့ လာရောက်သန့်စင်ခဲ့သည့် ရွှေတုံးကြီးကို
တွေ့ရစဉ်။
ဓါတ်ပုံ- ကြေးမုံဝင်း
စုစုပေါင်း အလေးချိန် ၁၉၂ ကျပ်သား ကျော်ရှိသော ရွှေအရိုင်းတုံး တစ်တုံးကို စက်တင်ဘာ ၁၆ ရက်နေ့က အောင် သမာဓိရွှေဆိုင်တွင် လာရောက် သန့်စင် ခဲ့ကြောင်း သိရသည်။ အဆိုပါ ပမာဏရှိ ရွှေ အရိုင်းတုံးကို မြန်မာနိုင်ငံ အောက်ပိုင်းဒေသတစ်ခုမှ လာရောက် သန့်စင်ခြင်းဖြစ်ပြီး ရွှေလုပ်ကွက်တစ်ခုမှ တူးဖော်ရရှိခြင်း မဟုတ်ဘဲ ချောင်းအတွင်းမှ ကောက်ယူရရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
"ဒီလောက်အလေးချိန်များတဲ့ ရွှေ အရိုင်းတုံးကို တစ်ခါမှမမြင်ဖူးဘူး။ ဩဂုတ်လဆန်းပိုင်းတုန်းကတော့ တစ် ပိဿာရှိတဲ့ အတုံးတစ်တုံး လာသန့်စင် ဖူးတယ်။ ဒါကတော့ နှစ်ပိဿာနီးနီးရှိ တာပေါ့။ တူးဖော် လို့၊ ရွှေကျင်လို့ရတာမျိုး မဟုတ်ဘဲ ချောင်းထဲက ကောက်ရတာလို့ ပြောတယ်။ ပုံမှန်ဆို သဘာဝ တွင်းထွက်က တစ်မတ်သား ငါးမူးသား ကနေ ငါးကျပ်သားလောက်ထိပဲ အကြီးဆုံး တွေ့ဖူးတာ။ ဒါတောင် ရွှေချည်း မဟုတ်ဘဲ ကျောက်နဲ့ရောသေးတယ်။

"တွင်းထဲက ထွက်တဲ့ရွှေတုံးဆိုရင် အရင်ကြိတ်ခွဲ၊ ပြဒါးနဲ့ဖမ်း၊ အမှုန့်ဖြစ် အောင်လုပ်၊ မီးဖုတ်ပြီးမှ သန့်စင်တဲ့ အဆင့်ကို ရောက်တာ။ အခုရွှေအရိုင်း တုံးက ချက်ချင်းသန့်စင်လို့ရတဲ့ အနေ အထားမျိုးဖြစ်နေပြီ။ အဲဒါထူးခြားချက်ပဲ။ သန့်စင်ခကကို ကျပ် ၂၅၀,၀၀၀ ကျော် တယ်။ လာသန့်စင်တဲ့လူက ရောင်းတော့ မသွားဘူး" ဟု အောင်သမာဓိ ရွှေဆိုင်မှ မဇင်မိမိအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
အဆိုပါ ၁၉၂ ကျပ်သား ၄ ပဲ ၆ ရွေး အရွယ်ရှိ ရွှေအရိုင်းတုံးကို သန့်စင်ရာတွင် ရွှေစင် ၁၇၀ ကျပ်သား ၁ ပဲ ၃ ရွေးခွဲ ရရှိခဲ့ကြောင်းနှင့် စက်တင်ဘာ ၁၆ ရက် နေ့ ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၇၈၆,၈၀၀ ရှိခဲ့ပြီး အဆိုပါ ရွှေတုံး၏ ကာလပေါက်ဈေး မှာ ကျပ် သိန်း ၁,၃၄၀ ၀န်းကျင် ရှိကြောင်း သိရသည်။
မန္တလေးရွှေဈေးမှာ စက်တင်ဘာ ၁၄ ရက်နေ့က တစ်ကျပ်သားလျှင် ကျပ် ၇၉၃,၅၀၀ ထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး ကမ္ဘာ့ရွှေဈေးမှာမူ တစ်အောင်စလျှင် ဒေါ်လာ ၁,၇၇၅၊၁,၇၇၇ ရှိခဲ့သည်။ စက်တင်ဘာ ၂၁ ရက်နေ့တွင်မူ တစ်ကျပ် သားလျှင် ကျပ် ၇၈၇,၀၀၀ (အ ရောင်း)၊ ၇၈၆,၀၀၀ (အ၀ယ်) ဖြစ်ပြီး ကမ္ဘာ့ဈေးမှာ ၁,၇၇၁ ဒေါ်လာ ဖြစ်သည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis