menu

Saturday 29 September 2012

၂၀၁၂ ခုနှစ် မြန်မာ့နိုင်ငံရေးအရွေ့နောက်က ခရီးသွားလုပ်ငန်းအချိုးအကွေ့




၂၀၁၂ ခုနှစ်သည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအဖို့ ရောင်ခြည်ဦးကို မြင်ရသော နှစ်တစ်နှစ် ဖြစ်လာခဲ့လေသည်။
တကယ်တော့ မြန်မာ့ခရီးသွား လုပ်ငန်းနယ်ပယ်သည် အကွေ့အကောက် အလွန်များသော လမ်းပေါ်၌ ဖြတ်သန်းခဲ့ရသကဲ့သို့ ရှိပါသည်။ တိုးတက်ခြင်း၏ နောက်တွင် တစ်ဖန်ကျဆင်းခြင်းကို နှစ်များစွာ ကြုံတွေ့ခဲ့ရသည်။
၁၉၉၀ ကျော်နှစ်များကို ပြန်ကြည့်မည်ဆိုလျှင် ၁၉၉၆ ခုနှစ်သည် လုပ်ငန်းပိုင်း ကောင်းမွန်သော အနေအထားတွင် ရှိခဲ့သည်။ ၁၉၉၆ ခုနှစ်သည် မြန်မာနိုင်ငံ၏ ခရီးသွားနှစ်။ ၁၉၉၀ ကျော်နှစ်များ၌ မြန်မာနိုင်ငံ၌ ဟိုတယ်ကြီးများ ဖွင့်လှစ်လာခဲ့သည်။ အမှန်တကယ်လည်း ၁၉၉၆ တွင် လုပ်ငန်းများ ကောင်းမွန်လာခဲ့ပါသည်။ ထိုနောက်ပိုင်းနှစ်များတွင်တော့ မညီညာသော အကွေ့အကောက်များစွာ။ နိုင်ငံတွင်းက၊ ဒေသတွင်းက လှိုင်းများ ရိုက်ခတ်တိုင်း ခရီးသွားလုပ်ငန်းသည် လိုက်ပါ စီးမျောခဲ့သည်။ မှောင်တစ်ခါ လင်းတစ်လှည့်ကာလများ။

၂၀၀၀ ပြည့်နှစ်ကျော်နှစ်များတွင်တော့ ၂၀၀၆ ခုနှစ်သည် တစ်နိုင်ငံလုံးရှိ ၀င်ပေါက်တိုင်းမှ ခရီးသွားတိုးတက်လာသော နှစ်တစ်နှစ် ဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံအဖို့ ပထမဆုံးသော လုပ်ငန်းအတိုးတက်ဆုံးနှစ်ကို ပြပါဆိုလျင် ၂၀၀၆ ခုနှစ်ကို ပြရမည်ဟု ခရီးသွားလုပ်ငန်းလုပ်ကိုင်သူအချို့က ဆိုစမှတ်ပြုကြသည်။
မျှော်လင့်ချက် ရောင်ခြည်သန်းလာပြီဟု အားလုံးမျှော်လင့်ခဲ့ကြသည်။ ကိန်းဂဏန်းအားဖြင့်လည်း တစ်နိုင်ငံလုံး ခရီးသွားဦးရေ ခြောက်သိန်းကျော်ဆိုသည်မှာ အနာဂတ်ကို ကြိုတင်တွက်ချက်၍ စိတ်ချလက်ချ ဖြစ်နိုင်လောက်သော အနေအထားပင်။ သို့သော် အလှည့်အပြောင်းများခဲ့သော ခရီးသွားလုပ်ငန်းသည် ထိုတစ်ကြိမ်တွင်လည်း အပြောင်းအလဲကို ထပ်ကြုံပြန်သည်။ သည်တစ်ကြိမ် ချိုးကွေ့ခြင်းသည် မှောင်ရိပ်သန်းသော အခြမ်းသို့သာဖြစ်သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့သော ရွှေဝါရောင် တော်လှန်ရေး၊ ၂၀၀၈ ခုနှစ်တွင် တိုက်ခတ်ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်း၊ နှစ်ကုန်ပိုင်းတွင် ကြုံတွေ့ရသော ကမ္ဘာ့စီးပွားရေး အကျပ်အတည်း၏ ရိုက်ခတ်မှုများက သက်ရောက်မှုများစွာ ရှိလာခဲ့ပါသည်။
လာရောက်ရန် စီစဉ်ထားပြီးသား ခရီးစဉ်များ ဖျက်သိမ်းခြင်းကို ကြုံခဲ့ရသည်။ ဈေးကွက်မြှင့်တင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း တိုးတက်မှု နည်းပါးခဲ့သည်။ ၂၀၀၈ ခုနှစ်မှသည် ၂၀၀၉ ခုနှစ် နှစ်လယ်ပိုင်းအထိ လုပ်ငန်းပိုင်းက တောက် လျှောက် ကျဆင်းလာခဲ့သည်။ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင်တော့ ခရီးသွားလုပ်ငန်းသည် အနည်းငယ် အသက်ရှူချောင်ရမည့် လမ်းပေါ်သို့ ရောက်စပြုလာခဲ့သည်။ သို့သော် အလုံးစုံတော့ မဟုတ်သေး။
အပြောင်းအလဲသည် ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် စတင်ခဲ့ပါသည်။ ရွေးကောက်ပွဲပြုလုပ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းတို့သည် မြင်သာသော အပြောင်းလဲများ ဖြစ်လာသည့်နောက် မီဒီယာများ၌ မြန်မာနိုင်ငံ၏ သတင်းတို့က ပေါ်လွင်ထင်ရှားစ ပြုလာပါသည်။
''နိုင်ငံရေးပိုင်းက အပြုသဘောဆောင်တဲ့ အပြောင်းလဲတွေက ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှု အများကြီးရှိလာတယ်''ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်သော ပွင့်လင်းကာလ ခရီးသွားရာသီ၌ ရန်ကုန်မြို့တွင်ပင် ဟိုတယ်အခန်း ငှားရမ်းရန် ခက်ခဲမှုများ ကြုံတွေ့လာရတော့သည်။ ခရီးသွားအ၀င်က မြင့်တက်လာသည်။ ၂၀၁၁ ခုနှစ်အတွင်း ရန်ကုန်ဝင်ပေါက်၊ မန္တလေးနှင့် ပုဂံဝင်ပေါက်၊ နယ်စပ်ဝင်ပေါက်တို့မှ ခရီးသွားဦးရေ ၈၁၀၀၀၀ ကျော် ၀င်ရောက်ခဲ့ သည်။ ခရီးသွားလုပ်ငန်း၏ ၀င်ငွေ အမေရိကန်ဒေါ်လာ ၃၁၉ သန်းရှိခဲ့ပါသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲပြီးချိန်မှာတော့ ခရီးသွားလုပ်ငန်း၏ အချိုးအကွေ့က သိသာထင်ရှားလာခဲ့ပြီ ဖြစ်ပါသည်။ နိုင်ငံရေး အရွေ့အပြောင်းနောက်တွင် နိုင်ငံတကာ၏ အာရုံစိုက်မှု မြင့်တက်လာပြီ။ လာ ရောက်လည်ပတ်ရန် စိတ်ဝင်စားသူ ပိုမိုလာသလို စီးပွားရေးလုပ်ငန်းများ ရင်းနှီးလုပ်ကိုင်ရန်လည်း အာရုံစိုက်မှုက မြင့်တက်လာသည်။ အိမ်နီးချင်းနိုင်ငံများသာမက အာရှ၊ ဥရောပနိုင်ငံများမှပါ စီးပွားရေးလုပ်ငန်းများ လာရောက်လေ့လာခဲ့ကြသည်။ ဟိုတယ်နှင့် ခရီးသွားကဏ္ဍသည် ရင်းနှီးမြှုပ်နှံလိုသူတို့၏ အဓိက စိတ်ဝင်စားသော ကဏ္ဍလည်း ဖြစ်နေသည်။
''အစိုးရပိုင်းက ဆောင်ရွက်မှုအနေနဲ့ ပြောရမယ်ဆိုရင်တော့ ဗီဇာရရှိမှုပိုင်းက အရင်ထက် လွယ်ကူလာတယ်။ အရင်လို အချိန် သိပ်မယူရတော့ဘူး။ နောက်တစ်ခုက ပို့ဆောင်ရေးပိုင်းမှာ ကားသစ်သုံးလာနိုင်တော့ နည်းနည်းအဆင်ပြေလာတယ်။ sanction ကို ဖြေလျော့လိုက်တဲ့နောက် banking က ပိုလွယ်လာတယ်။ ကတ်ပါသုံးနိုင်ပြီဆိုရင်တော့ ဒီထက် အဆင်ပြေလာမယ်''ဟု Nature Lovers ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဒင်က ပြောပြသည်။
တကယ်တော့ မြန်မာနိုင်ငံသည် မြောက်ဖျားပိုင်းမှ တောင်ပိုင်းအထိ လေ့လာရန် မကုန်နိုင်သော သဘာဝရေမြေအနေအထားများ ပြည့်စုံနေသည့် နိုင်ငံဖြစ်ပါသည်။ အရှေ့တောင်အာရှ၌ မြန်မာတွင်သာ တွေ့နိုင်သည့် ရေခဲတောင်ဒေသ သည် ကချင်ပြည်နယ်၌ ရှိနေသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းတွင်တော့ မန္တလေး၊ ပုဂံစသည့် ယဉ်ကျေးမှုမြို့တော်များ။ တိုင်းရင်းသားတို့၏ လူနေမှုများကို လေ့လာနိုင်သည့် အင်းလေးဒေသ။ ရခိုင်ပြည်နယ်မှ ငပလီကမ်းခြေ။ ရှေးဟောင်းဘုရား ပုထိုးများတွေ့မြင်နိုင်မည့် မြောက်ဦးဒေသ။ မြန်မာနိုင်ငံ၏ အဓိက၀င်ပေါက်လည်းဖြစ်သော ရန်ကုန်။ တောင်ပိုင်းမှ မြိတ်ကျွန်းစု။
မြန်မာနိုင်ငံသည် တစ်ချိန်က ဗမာဟုဆိုမှ လူသိခဲ့သည့် နိုင်ငံဖြစ်သည်။ ခုတော့ မြန်မာဟုပြောလိုက်လျှင် ကမ္ဘာတစ်ဝန်းက သိနေပြီ။ ခရီးသွားလုပ်ငန်းကို အမှီပြုနေရသူ အားလုံးအတွက် အချိန်အခါကောင်းတစ်ခု ဖြစ်လာသည်။
တစ်ချိန်တည်းတွင် ရင်ဆိုင်လာရသည်မှာ အခြေခံအဆောက်အအုံ လိုအပ်မှုဖြစ်သည်။  ဟိုတယ်အခန်း လိုအပ်မှုသည် ပြဿနာတစ်ခုသဖွယ် ဖြစ်လာသည်။ ဇုန်သစ်များ ဖော်ထုတ်မည်၊ ဟိုတယ်ကြီးများ ထပ်မံမြှုပ်နှံ တည်ဆောက်မည်ဟုဆို သော်လည်း နောက်သုံးနှစ်ဝန်းကျင်တွင်မှ အဆင်သင့်ဖြစ်နိုင်မည်ဟု လုပ်ငန်းကျွမ်းကျင်သူများကလည်း သုံးသပ်ထားကြသည်။ နောက်တစ်ခုကတော့ အလုပ်အကိုင် အခွင့်အလမ်းအတွက် လူငယ်များ နိုင်ငံတွင်းမှ ထွက်ခွာသွားခဲ့ကြ၍ ပေါ်ပေါက်လာ သည့် လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်ပြဿနာ။
''ခရီးသွားလုပ်ငန်းက တိုးတက်လာတော့ အလုပ်အကိုင် အခွင့်အလမ်းတွေတော့ အများကြီးပေါ်လာတယ်။ ဒါပေမယ့် ပေါ်လာတဲ့ အလုပ်အကိုင်တွေကို နိုင်ငံခြားသားတွေက လာယူသွားတာမျိုး မဖြစ်စေချင်ဘူး''ဟု Myanmar Voyages International Tourism Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက ဆိုပါသည်။
လုပ်ငန်းတိုးတက်မှုနောက်၌ ပါလာနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများကိုတော့ ယခုကတည်းက အနည်းဆုံးလျော့ချနိုင်ရန် ပြင်ဆင်ထားသင့်သည်ဟုလည်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတို့က ဆိုကြသည်။ ခရီးသွားဧည့်သည် အ၀င်များခြင်း၏ နောက်တွင် ယင်းနှင့် ဆက်စပ်၍ ကောင်းသော သက်ရောက်မှုသာမက အဆိုးဘက်က သက်ရောက်မှုများကိုလည်း ကြုံတွေ့လာနိုင်သည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးပြီး နိုင်ငံတို့သည် ဧည့်သည်အ၀င်များခြင်းနှင့် အသားကျနေသည်။ သို့သော် မြန်မာနိုင်ငံသည် ယခုမှ စတင်ဖွံ့ဖြိုးလာသော နိုင်ငံဖြစ်သည်။ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုဖြစ်ရန် ထိန်းညှိမှု လိုအပ်နေပါသည်။ ၀န်ဆောင်မှု၊ ဖော်ရွေမှု၊ ဈေးနှုန်း စသည်တို့ကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုနေသည်။ တစ်ကြိမ်လာရောက်ပြီး သူတို့ ဘယ်သောအခါမှ ထပ်မလာချင်တော့သော ၀န်ဆောင်မှုများ မဖြစ်ရန်တော့ လိုအပ်နေဆဲဖြစ်ပါသည်။
၂၀၁၂ ခုနှစ်သည် နိုင်ငံရေးက လှပစွာ ရွေ့ခဲ့သလို ခရီးသွားလုပ်ငန်းကလည်း အခြားသော စီးပွားရေးလုပ်ငန်းများနည်းတူ လိုက်ပါပြောင်းလဲခဲ့သည်။ အချိုးအကွေ့ကောင်းတစ်ခုတော့ ရောက်ခဲ့ပြီ။ ထိုအချိုးအကွေ့သည် တည်မြဲသော အချိုးအ ကွေ့ဖြစ်ရန်လည်း အားလုံးက မျှော်လင့်ထားကြသည်။
 EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis