menu

Saturday 29 September 2012

ဟာသဆန်သည့် တီထွင်လေ့လာမှုများအတွက် ချီးမြှင့်သည့် Ig Nobel ဆုများ ဆုပေးပွဲအခမ်းအနားကို ဟားဗတ်တက္ကသိုလ်တွင် ကျင်းပ






ဟာသဆန်သည့် ပေါက်တတ်ကရ တီထွင်လေ့လာမှုများအတွက် ချီးမြှင့်သည့် Ig Nobel ဆုများ ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ ၂၀ ရက်နေ့က အမေရိကန်နိုင်ငံရှိ နာမည်ကျော် ဟားဗတ်တက္ကသိုလ်  ဆန်ဒါစ်ပြဇာတ်ရုံတွင် ကျင်းပခဲ့သည်။
၂၂ နှစ်ကြိမ်ရှိခဲ့ပြီဖြစ်သော ဆုပေးပွဲ အခမ်းအနားသို့ နိုဗယ်ဆုအစစ်ရခဲ့သည့် သိပ္ပံပညာရှင်များပါ တက်ရောက်ခဲ့ကြကာ စကြ၀ဠာအကြောင်း ဟာသဆန်ဆန်သရုပ်ပြခြင်း၊ ဆုချီးမြှင့်ပေးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
သောတအာရုံဆိုင်ရာ အစ်ဂ်နိုဗယ်ဆု
မိမိပြောသည့်စကားကို မီလီစက္ကန့် အနည်းငယ်မျှ ပိုနှေးသွားစေကာ စကားထစ်သကဲ့သို့ အသံထွက်လာစေသည့် စက်ငယ်ကို တီထွင်သည့် ဂျပန်မှ ကူဇူတာကာကူရီဟာရနှင့် ကိုဂျီဆူကာဒါတို့က ဆွတ်ခူးခဲ့သည်။ ယင်းကိရိယာဖြင့် ပွဲလမ်းသဘင်များ၊ အခမ်းအနားများတွင် မိန့်ခွန်းပြော၊ အမှာစကားပြောသူများ ပုံမှန်ထက် လေကြောရှည်နေပါက ယင်းစက်ဖြင့်ချိတ်ထားကာ ဖွင့်လိုက်ခြင်းဖြင့် ပြောသမျှစကားတိုင်းထစ်နေသလို ဖြစ်စေပြီး ဆက်ပြောချင် စိတ်မရှိစေရန် ဖန်တီးပေးမည်ဖြစ်သည်။

စာပေဆိုင်ရာ အစ်ဂ်နိုဗယ်ဆု 
အမေရိကန် စာရင်းစစ်ချုပ်ရုံးက အစီရင်ခံစာများအကြောင်း အစီရင်ခံသည့် အစီရင်ခံစာအတွက် ကြိုတင်ပြင်ဆင်မှုနှင့်ဆိုင်သော အစီရင်ခံစာ လိုအပ်ကြောင်း ထောက်ခံထားသည့် အစီရင်ခံစာများအကြောင်း လေ့လာသုံးသပ်ထားသည့် အစီရင်ခံစာက ဆွတ်ခူးခဲ့သည်။
အရည်ဒိုင်းနမစ်ဆိုင်ရာ အစ်ဂ်နိုဗယ်ဆု
လူတစ်ယောက် ကော်ဖီခွက်ကိုင်လာသောအခါ အရည်ဘောင်ဘင်ခတ်ခြင်း၏ လှုပ်ရှားမှုဒိုင်းနမစ် သဘာဝ မည်သို့ဖြစ်သည်ဆိုခြင်းကို လေ့လာခဲ့သော အမေရိကန်၊ ရုရှားပညာရှင်နှစ်ဦးက  ရရှိခဲ့သည်။
ခန္ဓာဗေဒဆိုင်ရာ အစ်ဂ်နိုဗယ်ဆု
ချင်ပန်ဇီမျောက်များသည် အခြားမျောက်များ၏ ခန္ဓာကိုယ်နောက်ပိုင်းကိုကြည့်ရုံဖြင့် သိထားပြီးသူဖြစ်ပါက မည်သည့်အကောင်ဖြစ်သည်ဆိုခြင်းကို ခွဲခြားနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည့် နယ်သာလန်နှင့် အမေရိကန်မှ ပညာရှင်နှစ်ဦးက ဆွတ်ခူးခဲ့သည်။
ဆေးပညာဆိုင်ရာ အစ်ဂ်နိုဗယ်ဆု
အူမကြီးကိုစစ်ဆေးသည့် ကိရိယာကို လူနာ၏စအိုမှ ထိုးသွင်းရာတွင် လူနာနာကျင်မှု အနည်းဆုံးဖြစ်စေရန် မည်သို့သွင်းရမည်ကို လေ့လာတွေ့ရှိခဲ့သည့် ပြင်သစ်မှပညာရှင်နှစ်ဦး ဆွတ်ခူးခဲ့သည်။
စိတ်ပညာဆိုင်ရာ အစ်ဂ်နိုဗယ်ဆု
လက်ဝဲဘက်သို့ စောင်းပြီးကြည့်ပါက အီဖဲလ်မျော်စင်မှာ ပိုသေးသည်ဟုထင်ရကြောင်း လေ့လာတွေ့ရှိခဲ့သည့် နယ်သာလန်မှ ပညာရှင်များက ဆွတ်ခူးခဲ့သည်။
ငြိမ်းချမ်းရေး အစ်ဂ်နိုဗယ်ဆု
ဆိုဗီယက်ခေတ် လက်နက်ခဲယမ်းမီးကျောက်များကို ရုရှားစိန်အဖြစ် ပြောင်းလဲနိုင်သည့် SKN ကုမ္ပဏီက ဆွတ်ခူးခဲ့သည်။
အာရုံကြောသိပ္ပံဆိုင်ရာ အစ်ဂ်နိုဗယ်ဆု
အဆင့်မြင့် ဦးနှောက်စကန်ဖတ် စစ်ဆေးသည့် ကိရိယာများသည်  ဆော်လ်မွန်ငါးသေ၏ ဦးနှောက်အခြေအနေကို လေ့လာရာတွင်ပင် သုံးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည့် အမေရိကန်ပညာရှင်များက ဆွတ်ခူးသည်။
ဓာတုဗေဒဆိုင်ရာ အစ်ဂ်နိုဗယ်ဆု
ဆွီဒင်နိုင်ငံ အန်ဒါစလော့ဗ်မြို့ငယ်ရှိ အချို့သော အိမ်များတွင်လူများမှာ ဆံပင်အရောင်အစိမ်းရောင် အဘယ့်ကြောင့်ပြောင်းသွားခဲ့ခြင်းကို လေ့လာခဲ့သည့် ရ၀မ်ဒါ၊ ဆွီဒင်နှစ် နိုင်ငံသားခံယူထားသည့် ယိုဟန်ပက်တာဆင်က ဆွတ်ခူးသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis