menu

Monday 6 August 2012

တရုတ် အင်တာနက် ပြစ်မှု နှိမ်နင်းရာတွင် လူထောင်ချီ ဖမ်း

တရုတ်နိုင်ငံ၏ နောက်ဆုံးဆိုက်ဘာ ပြစ်မှု နှိမ်နင်းရာတွင် သံသယရှိသူ ပေါင်း ၁ဝဝဝဝ ကျော်နှင့် ရာဇဝတ် ဂိုဏ်းပေါင်း ၆ဝဝ ကို ဝင်ရောက်စီးနင်း ရှာဖွေဖမ်းဆီးခဲ့ကြောင်း တရုတ်အာဏာပိုင်များက ပြောကြားလိုက် သည်။
ဇွန်လအတွင်း အန္တရာယ်မကင်းသော သတင်းပေးပို့ချက် ၃.၂ သန်း ကို စစ်ထုတ်ခဲ့ရပြီး အင်တာနက် ဝန်ဆောင်မှု ပေးသူ Provider ၃ဝ အား လိုင်စင်မရှိသော ဝက်ဘ်ဆိုက်များကို ခွင့်ပြုခဲ့ခြင်းအတွက် အပြစ်ပေး အရေးယူခဲ့ကြောင်း လူထုလုံခြုံရေး ဝန်ကြီးဌာနက ဆိုသည်။
တရုတ်နိုင်ငံ ပေကျင်းမြို့ အင်တာနက် ကဖေးဆိုင် တစ်ဆိုင် မြင်ကွင်း
တရုတ်နိုင်ငံ ပေကျင်းမြို့ အင်တာနက် ကဖေးဆိုင် တစ်ဆိုင် မြင်ကွင်း
ဤနှိမ်နင်းမှုမှာ ညစ်ညမ်းဓာတ်ပုံနှင့် ပုဂ္ဂိုလ်ရေး အချက်အလက်များ ဥပဒေမဲ့ ရောင်းချမှုတို့ကို ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု ဆိုသော်လည်း အွန်လိုင်းပေါ်မှ အစိုးရကို ဝေဖန်ချက်များအား ဆင်ဆာလုပ်ရန် အသုံးချခြင်း ဖြစ်သည်ဟု အချို့က ဆိုသည်။
“ဥပဒေနဲ့ မညီညွတ်ဘဲ အန္တရာယ်မကင်းတဲ့ အင်တာနက်ပေါ်က သတင်း အချက်အလက်တွေက ဒီတင်းတင်းကြပ်ကြပ် ဖြိုခွဲနှိမ်နင်းမှုကြောင့် သိသိသာသာ လျော့ကျသွားပေမယ့် မမှန်မကန် သတင်းပေးပို့မှုတွေကတော့ ရံဖန်ရံခါဆိုသလို တွေ့နေရတုန်းပဲ။ တချို့ တယ်လီကွန်း ဝန်ဆောင်မှု ပေးတဲ့လုပ်ငန်းတွေဆို ဝက်ဘ်ဆိုက်တွေကို စီမံကိုင်တွယ်ရာမှာ တင်းတင်းကြပ်ကြပ် မရှိကြဘူး”ဟု ဝန်ကြီးဌာန ထုတ်ပြန်ချက်တစ်ခုကို ကိုးကား၍ အစိုးရတရားဝင် ဆင်ဟွာ သတင်းဌာနက ဆိုသည်။
ပစ်မှတ်ထား နှိမ်နင်းခဲ့သော ရာဇဝတ်မှုများထဲတွင် အွန်လိုင်း လက်နက်ရောင်းဝယ်မှု တရားမဝင် ထောက်လှမ်းရေး ကိရိယာ အသုံးပြုမှု အသက်မွေးဝမ်းကျောင်း လက်မှတ်အတု ပြုလုပ်မှုတို့ ပါဝင်ကြောင်းနှင့် ပြစ်မှု ကျူးလွန်သူများကို ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ရန် စီစဉ်ထားကြောင်း ဝန်ကြီးဌာနက ပြောသည်။
အင်တာနက် ဆက်စပ်ပြစ်မှုများ နှင့် သံသယရှိသူ ၅ဝဝ၇ ဦးကို ဖမ်းဆီးခဲ့ပြီး အင်တာနက်ကဖီး ၂၆၃ ခုကို ဝက်ဘ်ဆိုက်သုံးစွဲသော လူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကာကွယ်ပေးသည့် အနေဖြင့် ပိတ်ပစ်ခဲ့ကြောင်း ပေကျင်းရဲတပ်ဖွဲ့မှလည်း ပြောသည်။ တိုင်းပြည် ခေါင်းဆောင်များ၏ အွန်လိုင်းကို တိုက်ခိုက် ခဲ့ပါက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရနိုင်ကြောင်း ပေကျင်း လူထုလုံခြုံရေး ဗျူရိုအကြီးအကဲ ဖူကျင်းဟွာက သတိပေးလိုက်သည်။
အပြစ်ပေး အရေးယူမည့် “တိုက်ခိုက်မှု”သို့မဟုတ် “နိုင်ငံရေး ကောလာဟလ”ဆိုသည်ကို အာဏာပိုင်များက သတ်သတ် မှတ်မှတ် မပြောသည့်အတွက် လူထုက စိုးရိမ်မကင်း ဖြစ်ရကြောင်း ဒေသခံ ဂလိုဘယ်တိုင်းမ် သတင်းစာက ဆိုပါသည်။ အွန်လိုင်းပေါ်မှ အစိုးရကို ဝေဖန်မှုများ အသံတိတ်သွားအောင် ဤစစ်ဆင်ရေးကို အသုံးပြုနိုင် ကြောင်း နိုင်ငံသားများက ထိတ်လန့်နေကြသည်ဟု ယင်းက ရေးသားသည်။
“လူတွေ ဘာပြောနေတယ်၊ ဘာတွေးနေတယ်ဆိုတာကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေ အတွက် ပိုပို ခက်လာတယ်။ တစ်ဦးချင်း အမြင်တွေ အင်တာနက်ပေါ်မှာ ဝေမျှဖလှယ်တဲ့ “နက်တီဇင်”တွေက တိုး တိုး လာနေကြတယ်။ အင်တာနက်မှာက နာမည်မဖော်လို့ရတော့ လူတွေက ပြောခွင့်ဆိုခွင့်ရတယ်လို့ ခံစားကြရ တယ်။ အစိုးရက အခုလိုနှိမ်နင်းတာ အဲဒါကြောင့်ပေါ့။ သူတို့ နာမည်ရင်းတွေနဲ့ မှတ်ပုံတင်ရမယ်လို့လည်း တောင်းဆိုနေပြီလေ”ဟု ရင်းနှီးမြှုပ်နှံမှုဘဏ် NSBO မှ အိုလီဗာဘယ်ရွန်က ဘီဘီစီသို့ ပြောကြောင်း သိရသည်။
နိုင်ငံ အရှေ့တောင်ဘက်ရှိ  ကွမ်တုံပြည်နယ် ဂျီယန်းမြို့၊ ရဲတပ်ဖွဲ့ မှလည်း မကြာသေးမီ နှစ်များအတွင်း အစိုးရ ဝက်ဘ်ဆိုက်များကို တိုက်ခိုက် ဖောက်ထွင်းသည့် အကြီးဆုံးအမှုတစ်ခုကို ဖြိုခွင်းခဲ့ကြောင်း ဆိုသည်။ အစိုးရ ဝက်ဘ်ဆိုက် ၁၈၅ ခုကို တိုက်ခိုက်မှုများနှင့် ဆက်စပ်သည့် လူပေါင်း ၁၆၅ ဦးကို ဖမ်းဆီထားပြီးနောက် ထပ်သံသယရှိသူများကို လိုက်လံရှာဖွေနေကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားသည်။
သံသယ ရှိသူများကို စုစုပေါင်း ယွမ်သန်း ၃ဝဝ ဒေါ်လာ ၄၇ သန်း ဖြင့် Online မှ ရောင်းချခဲ့သော လက်မှတ်တု ၇ဝဝဝ ကျော်ပြုလုပ်မှုဖြင့် စွပ်စွဲထားသည်။ ထိုလက်မှတ်တု များကို အလုပ်ရရှိရန် အများအားဖြင့် သုံးကြကြောင်း၊ သူတို့တွင် မရှိသော ပညာအရည်အချင်းကို ရနိုင်ကြောင်း၊ ဒရိုက်ဘာ လိုင်စင်တစ်ခု သို့မဟုတ် နေအိမ်ပါမစ်တစ်ခု ရရှိရေးအတွက် ရှည်လျား အကုန်အကျ များသော အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းများကို ရှောင်လွှဲနိုင်ရန် စာရွက်စာတမ်း အတိုများကို Online မှ ဝယ်ယူ အသုံးပြုကြကြောင်း သိရသည်။
Ref: BBC
Independent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis