menu

Monday 6 August 2012

အဏုမြူစစ်၏ သားကောင်များ (၁၉၄၅-ခုနှစ်၊ သြဂုတ်-၆ ရက်)

တိုမီကို မိုရီမိုတို
သားကောင်(၁)
၁၉၄၅-ခုနှစ်က တိုမီကို မိုရီမိုတို(Tomiko Morimoto)၏ အသက် မှာ ၁၃နှစ်သာ ရှိသေးသည်။ အမေရိကန် ဘီ-၂၉ ဗုံးကြဲ လေယာဉ်တစ်စီးတည်း ဟီရိုရှီးမားမြို့၏ တိမ်ကင်းစင်သော ကောင်းကင်တွင် ပျံသန်းလာသည်ကို မြင်စက၊ သူနှင့် သူ့အတန်းဖော်များမှာ ထူးထူးခြားခြား ကြောက်စရာဟု မထင်မိကြ။ သူတို့မြို့မှာ တစ်ကြိမ် တစ်ခါမျှ ဗုံးကြဲ မခံရဖူးခဲ့။ ထောက်လှမ်းရေး လေယာဉ်တစ်စင်းဟုသာ ရိုးရိုးလေး တွေးမိသည်။
ထိုစဉ်၊ မျက်စိ ကျိန်းစပ်လောက်အောင် စူးသော အလင်းရောင်ကြီးတစ်ခုကို သူတို့ မြင်လိုက်ရသည်။ နားကွဲ မတတ် အသံကြီးတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် မြေပြင်ပေါ်တွင် ရှိရှိသမျှ အရာတိုင်း လဲပြိုသွားသည်။ အဆောက်အအုံများက တစ်စစီလွင့်ပျံထွက်ကုန်ကြသည်။ မိုးရေလိုမျိုး အစက်အပေါက်တို့ ကျလာသည်။ မိုးမဲ ဟုခေါ်ကြသောအရာ ဖြစ်မည်လား သူတွေးမိသည်။
လောင်စာဆီများဟု လည်း သူထင်သည်။ အမေရိကန်တို့ က မိမိတို့ကို မီးလောင်တိုက် သွင်းတော့မည်ဟု သူယူဆသည်။ သူတို့ ခြေဦးတည့်ရာ ပြေးကြသည်။ မီး တောက်များက သူတို့နောက်က တစ်ဟုန်ထိုးလိုက်လာသည်။ သူတို့မြို့ ကြီးမှာ တစ်ညလုံး  မီးတဟုန်းဟုန်း တောက်လောင်နေသည်။ လူသေများက နေရာအနှံ့။ ဂျပန်စစ်သား တစ်ယောက်က မြင်းပေါ်ထိုင်လျက် သေဆုံးနေသည်။ ထိုးရပ်နေသော ဘတ်(စ)ကားတစ်စီးပေါ်တွင် ခရီးသည်အားလုံး မတ်တတ်ရပ်လျက်သား၊ သေကုန်ကြသည်။ မပြိုပျက်သေးသော တံတားတစ်စင်း အောက်တွင် ပုံမှန်အားဖြင့် ရေများစီးဆင်း နေရမည့် အစား လူသေပင်လယ်ကြီး တစ်ခု သူတွေ့ရသည်။ အိမ်သို့ပြန်ရာ လမ်းတစ်လျှောက် အသေအကျေ အပျက်အစီးများဖြင့် တင်းကြမ်း ပြည့်နှက်နေသည်။ အိမ်သို့ပြန်ရောက်တော့ သူ့အိမ်မှာ မရှိတော့။ တစ်ယောက် တလေမျှ မတွေ့ရတော့။ နောက်မှ အဖိုးနှင့်အဖွားကို    ပြန်တွေ့ရသည်။ အဖိုး၏ ကျောတစ်ပြင်လုံးတွင် မှန်စ များ စိုက်ဝင်ကာ သွေးအလိမ်းလိမ်း။ အဖွားက အကြောက်လွန်ပြီး ကွယ်လွန်သည်အထိ မတ်တတ် မရပ်နိုင် တော့။ အမေမှာ အဆောက်အအုံ တစ်ခုအောက်တွင် မီးလောင်သေဆုံး သွားသည်။ သူကတော့ အသက်ရှင် ကျန်ရစ်ခဲ့သည်။
တိုမီကို မိုရီမိုတို
“နောက်ထပ် တိုင်းပြည်တစ်ပြည်မှာ အဏုမြူဗုံး ရှိများနေမလားလို့ တွေးပြီး ကျွန်မအမြဲတမ်း ကြောက်နေတယ်။ ကမ္ဘာကြီးရဲ့နိဂုံးကို မြင်ယောင်ပြီး ကျွန်မလန့်နေမိတယ်။ ဒီလိုမျိုး နောက်ထပ်ဗုံးကြဲတာ ဘယ်တော့မှ ဖြစ်ခွင့်မပေးဖို့ ကျွန်မပြောမယ်။ ကျွန်မတို့အားလုံး ငြိမ်းချမ်းရေးဆီ ရောက်ဖို့လုပ်ကြရမယ်” ဟု သူက ပြောပါသည်။
ဟီရိုရှီးမားတွင် အဏုမြူဗုံး ပေါက်ကွဲပြီး တစ်လ အကြာ မြို့တွင်း လမ်းလျှောက်နေသည့် စစ်သားတစ်ဦး
ဟီရိုရှီးမားတွင် အဏုမြူဗုံး ပေါက်ကွဲပြီး တစ်လ အကြာ မြို့တွင်း လမ်းလျှောက်နေသည့် စစ်သားတစ်ဦး
သားကောင်(၂)
ဖရန့်စစ် မစ်ဆူအို တိုမိုဆာဝါ (Francis Mitsuo Tomosawa)မှာ  ဂျပန်မိဘနှစ်ပါးက ဟာဝိုင်ယီတွင် မွေးဖွားခဲ့သော ကလေး တစ်ယောက် ဖြစ်သည်။ ထိုစဉ်က ဟာဝိုင်ယီကျွန်းမှာ အမေရိကန် ပိုင်နက်ဖြစ်သည်။ ထို့ကြောင့် သူက အမေရိကန်နိုင်ငံ သားဖြစ်သည်။ သူ့အသက် ၁၁ နှစ်တွင်၊ သူ့အစ်ကိုလတ်၊ သူ့အမေတို့နှင့် အတူ ဂျပန်သို့ ပြန်ရောက်သည်။ ၁၉၄၁-ဒီဇင်ဘာ ၇ ရက်တွင် ဂျပန်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲသည်။ သူက အမေရိကန်နိုင်ငံသား။ အမေရိကန်နှင့် ဂျပန်က စစ်ဖြစ်နေသည်။ ထိုအနေထားက သူ့အတွက် ရတက် ပွေစရာဖြစ်သည်။ သူ့မိဘနှစ်ပါးရန်ဖြစ် နေကြသလိုပင်။ သူ့ဘဝက ခက်သည်ထက် ခက်ခဲလာသည်။ ၁၉၄၂ မှ ၁၉၄၃ သို့ဝင်လာသည်နှင့် အစစ အရာရာ ရှားပါးလာသည်။ လူတစ်ဦးစီ အတွက် တစ်နှစ်မှ ကြက်ဥတစ်လုံးသာ ခွင့်ပြုသည်။ သူတို့၏ သစ်သားနှင့် စက္ကူချပ် ရောဆောက်ထားသော အိမ်မှာ ဆောင်းတွင်းတွင် အေးခဲနေသည်။ ကျောက်မီးသွေး ဝေစုက လက်နွေးရုံလောက်သာ။ ကျောင်းတွေ ပိတ်ပြီး ကျောင်းသား အားလုံးကို စစ်ကူညီရေး အလုပ်များ ပေးထားသည်။  မစ်ဆူအိုမှာ ဂျပန်စစ်ယူနီဖောင်းများ ထားသော ကုန်ရုံတစ်ခုတွင် လုပ်ရသည်။ နေ့တိုင်း အဝတ်ထုပ်များ တင်လိုက် ချလိုက် လုပ်ရသည်။
မှိုပွင့် သဏ္ဍာန် မြင်ရသည့် အဏုမြူဗုံး ပေါက်ကွဲမှု မြင်ကွင်း
မှိုပွင့် သဏ္ဍာန် မြင်ရသည့် အဏုမြူဗုံး ပေါက်ကွဲမှု မြင်ကွင်း
၁၉၄၅-ခုနှစ်တွင်မူ စစ်က ဂျပန်အတွက် အခြေအနေမကောင်းတော့မှန်း လူတိုင်းသိနေကြပြီ။ စားစရာမရှိ။ သူတို့မိသားစုမှာ မြက်ဟင်းချိုကို သောက်နေရသည်။  ဘီ-၂၉ အမေရိကန် ဗုံးကြဲလေယာဉ်များက ကောင်းကင်တွင် အတားအဆီးမရှိ ပျံဝဲနေကြသည်။ တိုကျိုနှင့် အိုဆာကာဘက်သို့ ဦးတည်သွားသည်ကို ခဏ ခဏမြင်နေရသည်။ အံ့သြဖွယ် ကောင်းသည်က ဟီရိုရှီးမားမှာ ဘယ်တုန်းကမှ ဗုံးချမခံခဲ့ရခြင်း ဖြစ်သည်။ သို့သော် လေကြောင်းရန် ဥသြသံကို မကြာခဏ ကြားနေရသည်။ ကြာတော့ ဘယ်သူမှ ဂရုမစိုက်တော့၊ သွားစရာရှိသွား၊ လုပ်စရာရှိတာ လုပ်ကြသည်။
သာယာကြည်လင်သည့်နေ့တစ်နေ့။ မစ်ဆူအို အိမ်မှ မနက် ၇ နာရီ ခွဲတွင် ထွက်ခဲ့သည်။ အလုပ်သို့ ၈ နာရီ ရောက်သည်။ သူနှင့် သူ့မိတ်ဆွေ သူငယ်ချင်းများမှာ ကုန်ရုံအပြင်တွင် စုရုံးနေကြသည်။ ကြီးကြပ်ရေးမှူး အလာကို စောင့်နေကြခြင်းပင်။ သူ့အမေလည်း အလုပ်သွားသည်။ ခါတိုင်းတွင် သူတို့ ကားအတူစီး၍ သွားကြမြဲ ဖြစ်သည်။ ယနေ့တွင်မူ စာရွက်အချို့ မေ့ကျန်ခဲ့၍ အိမ်ပြန်သွားသည်။ စီးနေကျကား မမီတော့။ နောက်ကား စောင့်ရုံသာ ရှိတော့သည်။
မနက် ၈ နာရီ ၁၅ မိနစ်တွင် ဘီ-၂၉ လေယာဉ်များ ခေါင်းပေါ်မှာ ပေါ်လာသည်။ လေကြောင်းရန် ဥသြများ ဆွဲသည်။ မစ်ဆူအိုနှင့် အပေါင်းအသင်းများက မမှု။ လေယာဉ်များက တိုကျိုဘက်သို့ ဦးတည်သွားသည်။ ပထမဆုံးအကြိမ် အနေဖြင့် ထိုလေယာဉ်များက ဟီရိုရှီးမားပေါ် ပြန်လှည့်လာသည်။ တစ်စုံတစ်ခု ကျလာသည်။ သူတို့ ကြောက်ရမှန်းမသိ။ သိလိုဇောဖြင့် ထိုအရာကို စူးစိုက်ကြည့်နေကြသည်။ ထိုအရာမှာ ဟီဂျီတောင် နောက်ဘက်သို့ ကျသွားသည်။ ထိုနေရာနှင့် သူတို့က ၂ မိုင်ဝေးသည်။ ကျရာနေရာနှင့် သူတို့ကြားတွင် တောင်ကခံနေသည်။ ပေါက်ကွဲသံကြီး ကြားရသည်နှင့် မျက်စိကန်းမတတ် အလင်းရောင်စူးစူးကို မြင် လိုက်ရသည်။ ထို့နောက် တုန်ခါမှုလှိုင်းများ ထိမှန်လာသည်။ မစ်ဆူအိုမှာ ပေအတော်များများ လေထဲသို့လွင့်ပျံ သွားပြီး ခေတ္တခဏ သတိလစ်သွားသည်။ သူ သတိပြန်ရတော့ အလွန်တရာ ကြီးမားလှသော မှိုပွင့်ကြီးတစ် ပွင့်ကို မြင်လိုက်ရသည်။ ဟီဂျီတောင်က သူအသက်မသေဘဲ ဤအကြောင်း ပြန်ပြောနိုင်အောင် ကာဆီးပေး ထားခဲ့သည်။
သူ့အမေက ဗုံးကျရာနေရာနှင့်  သုံးမိုင်ခန့် အကွာမှာ ရှိနေသည်။ လည်ဂုတ်တွင် အပူဟပ်သည့် တစ်နေရာမှ အပ ဒဏ်ရာမရခဲ့။ သို့သော် နောင် အနှစ် ၂ဝ အတွင်းတွင် ထိုအကွက်ကလေးမှ ကင်ဆာဖြစ်ကာ ၁၉၆၉-ခုနှစ်တွင် သေဆုံးခဲ့သည်။ သို့ဖြစ်လင့်ကစား သူ့အမေက သူမမီလိုက်သော ကားနှင့် ပါသွားသူများ ထက်တော့ ကံကောင်းသေးသည်။ သူတို့အားလုံး ဗုံးကြောင့် သေဆုံးခဲ့ကြသည်။ တုန်ခါမှုကြောင့် မစ်ဆူအို၏ အနားတစ်ဝိုက်ရှိ အဆောက်အအုံများ လဲပြို၍ အတွင်းရှိလူများ သေကျေဒဏ်ရာ ရခဲ့ကြသည်။ နေရာတကာတွင် တိတ်ဆိတ်မှုက ကြောက်စဖွယ် စိုးမိုးထားသည်။ သူအိမ်အပြန်လမ်းတွင် လူဆို၍ ကလေးချီထားသော အမျိုးသမီးငယ် တစ်ဦးသာတွေ့ရသည်။ အမျိုးသမီး၏ အဝတ်အစားများမှာ အစုတ်စုတ် အမွှာမွှာ ဖြစ်နေ၍ ကလေး၏ပါးတွင် အရုပ်ဆိုးလှသော ဒဏ်ရာကြီးတစ်ခု ရထားကာ ဘာသံမှ မထွက်နိုင်ကြ။ မစ်ဆူအို ထိတ်လန့်သွားသည်။ အခြားလူတွေ ဘယ်မှာနည်း။ သူနှင့် ဤအမျိုးသမီးမှလွဲ၍ အားလုံးသေဆုံး ကုန်ကြပြီလား မသိနိုင်တော့။
အဏုမြူ ဗုံးဒဏ် ခံခဲ့ရသည့် ဟီရိုရှီးမားမြို့ မြင်ကွင်း
အဏုမြူ ဗုံးဒဏ် ခံခဲ့ရသည့် ဟီရိုရှီးမားမြို့ မြင်ကွင်း
နေ့ရက်များ ဆက်လက် ဖြစ်ပေါ်လာသည်နှင့် တိတ်ဆိတ်မှုက အဆုံးသတ်သွားသည်။ မစ်ဆူအိုသည် နို့ချက်စက်ရုံ ခေါင်မိုးပေါ်တက်၍ ဟီရိုရှီးမားမြို့ကြီးကို ကြည့်လိုက်သည်။ သူ့မျက်လုံးကို သူမယုံတော့။ အားလုံး ပြိုလဲကုန်သည်။ ဗုံးက ဖြိုလှဲမပစ်ခဲ့သောအရာများကို မီးက ဝါးမြိုပစ်လိုက်သည်။ အင်္ဂတေ အဆောက်အအုံ အနည်းငယ်၏ အခွံများသာ မိုးတိုးမတ်တတ် ကျန်သည်။ ဟီရိုရှီးမား မြို့ကြီးကား မရှိတော့ချေ။ နောက်သုံးရက် အကြာ၊ သြဂုတ် ၉ ရက်တွင် နောက်ထပ် အဏုမြူဗုံးတစ်လုံး ထပ်ချသည်။ သည်တစ်ခါတော့ နာဂါဆာကီ မြို့အလှည့်၊ ဟီရိုရှီးမား မြို့သူမြို့သားများကား ထိုအကြောင်းကို မသိနိုင်တော့။ ရက်ပေါင်းများစွာ ပြင်ပကမ္ဘာ ကြီးနှင့် သူတို့ အဆက်ပြတ်သွားသည်။ သြဂုတ် ၁၅ ရက်တွင် အိမ်နီးချင်း တစ်ဦး၏ရေဒီယိုမှ ဂျပန်လက်နက် ချကြောင်း ဧကရာဇ်ဟီရိုတို၏ ကြေညာသံကို မစ်ဆူအို ကြားလိုက်ရသည်။ စစ်ကြီးကား ပြီးဆုံးခဲ့လေပြီ။
ဤဖြစ်ရပ်များက မစ်ဆူအိုအား ထာဝရ ပြောင်းလဲသွားစေခဲ့သည်။ သူ့ဘဝ တစ်လျှောက်လုံး ငြိမ်းချမ်းရေး အတွက် အလုပ်လုပ်ရန် သံန္နိဋ္ဌာန် ချခဲ့သည်။ အဏုမြူစစ်၏ သေကျေပျက်စီးမှုများအကြောင်း သူဆန့်ကျင်ပြော ကြားရမည်။ ယခု သူ့အသက် ၇ဝ ရှိပြီ။ အငြိမ်းစား မျက်စိကုဆရာဝန် ဘဝဖြင့် ကယ်လီဖိုးနီးယားမှာ နေသည်။ အမေရိကန် ပြည်ထောင်စုရှိ အဏုမြူဗုံးဒဏ်မှ ရှင်ကျန်သူများ ကော်မတီတွင် ဥက္ကဋ္ဌ ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဟီရိုရှီးမားနှင့် နာဂါဆာကီမှ လူများ၏  အိပ်မက်ဆိုး အကြောင်း လူငယ်နှင့် ကျောင်းနေရွယ် ကလေး ရာပေါင်းများစွာကို ပြောပြ သည်။ ငြိမ်းချမ်းရေးအတွက် နောင်ဘယ်သောအခါမှ ဤအဖြစ်မျိုး မကြုံရစေရန် ဖြစ်သမျှအကြောင်း ပြန်ပြောင်း ပြောပြ ပျံ့နှံ့စေခဲ့လေသည်။
သားကောင်ပေါင်းများစွာ
အဏုမြူ ဗုံးဒဏ် ခံခဲ့ရသည့် ဟီရိုရှီးမားမြို့ မြင်ကွင်း
အဏုမြူ ဗုံးဒဏ် ခံခဲ့ရသည့် ဟီရိုရှီးမားမြို့ မြင်ကွင်း
ကမ္ဘာတွင် မည်သူမျှ မပိုင်ဆိုင်သေးသော အဏုမြူဗုံးဖြင့် ဟီရိုရှီးမားနှင့် နာဂါဆာကီ မြို့နှစ်မြို့အပေါ် အဏုမြူဗုံး ကြဲချခဲ့သော အမေရိကန် စစ်ဘီလူး၏ လက်ချက်ကြောင့် အပြစ်မဲ့ပြည်သူ သားကောင် ပေါင်းများစွာ ပွဲချင်းပြီး သေဆုံး၍ ကျန်ရစ်သူ အနည်းငယ်မှာလည်း ထိုအဏုမြူ အန္တရာယ်ကြောင့် ကင်ဆာနှင့် အခြား ဆက်စပ်ရောဂါများ စွဲကပ်ကာ သေဆုံးသူ သေဆုံး၊ ဘဝဆုံးသူ ဆုံး ဖြစ်ခဲ့ရသည်။
ဟီရိုရှီးမား လူဦးရေ၏ ၃ဝ ရာခိုင်နှုန်း ဖြစ်သည့် ၇ဝ,ဝဝဝ မှ ၈ဝ,ဝဝဝ အထိမှာ အဏုမြူဗုံး တိုက်ရိုက် ထိမှန်မှုနှင့် နောက်ဆက်တွဲ မီးလောင်မှုကြောင့် သေဆုံးခဲ့ရပြီး ၇ဝ,ဝဝဝ ဒဏ်ရာရခဲ့သည်။ ၁၉၄၅ နှစ်ကုန်တွင် မီးလောင်မှု၊ ဓာတ်ရောင်ခြည်သင့်မှုနှင့် ဆက်စပ်ရောဂါများကြောင့် စုစုပေါင်း ခန့်မှန်းချေ ၉ဝ,ဝဝဝ မှ ၁၆၆,ဝဝဝ အထိ သေကျေခဲ့သည်။ အချို့ခန့်မှန်းချက်များအရ ၂ဝဝ,ဝဝဝ အထိပင် ရှိသည်။
နာဂါဆာကီတွင် ပွဲချင်းပြီး သေဆုံးသူ ၄ဝ,ဝဝဝ မှ ၇၅,ဝဝဝ အထိ ရှိကာ ၁၉၄၅ နှစ်ကုန်တွင် ၈ဝ,ဝဝဝ အထိ ရောက်ခဲ့သည်။
နှစ်စဉ် နှစ်ပတ်လည်နေ့များ၌ နောက်ဆုံးရရှိသည့် အချက်အလက်များဖြင့် စိစစ်လာခဲ့ရာ ၂ဝ၁၁ ခုနှစ် မှတ်တမ်းအရ ဟီရိုရှီးမားမှ သေဆုံး သူ ၂၇၅,၂၃ဝ ဦး၊ နာဂါဆာကီမှ သေဆုံးသူ ၁၅၅,၅၄၆ ဦး စုစုပေါင်း ၄၃ဝ,ဝဝဝ ကျော်ရှိကြောင်း သိရှိရသည်။
ကံဆိုးသူ ဖိုးကံကောင်းများ
ဟီရိုရှီးမားတွင် သြဂုတ် ၆ ရက် အဏုမြူဗုံးဒဏ်ခံရပြီး အသက်မသေ ရှင်ကျန်သူအချို့မှာ နာဂါဆာကီသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိသွားခဲ့ကာ သြဂုတ် ၉ ရက် အဏုမြူဗုံးဒဏ်ကို ထပ်မံခံခဲ့ရပြန်သည်။ ဒုတိယ အကြိမ်တွင်လည်း အသက်မသေ ရှင်ကျန်သူပေါင်း ၁၆၅ ဦးရှိသည်ဟု ၂ဝဝ၆ ခုနှစ်တွင် ထုတ်ပြန်သော “Twice Survived: The doubly Atonic Bombed of Hiroshima and Nagasaki” မှတ်တမ်းက ဆိုပါသည်။
နာဂါဆာကီမြို့ အဏုမြူဗုံးကြောင့် ကွယ်လွန်သူများ အမှတ်တရ ရင်ပြင်
နာဂါဆာကီမြို့ အဏုမြူဗုံးကြောင့် ကွယ်လွန်သူများ အမှတ်တရ ရင်ပြင်
တန်ဖိုးကြီး လွန်းလှသော သင်ခန်းစာ
စင်စစ် ကမ္ဘာစစ်များ ဖြစ်ပွားရသည့် အကြောင်းရင်းမှာ နယ်ချဲ့စနစ် ဖြစ်သည်။ တစ်နည်းဆိုရလျှင် ကမ္ဘာစစ် များ၏ လက်သည်တရားခံမှာ နယ်ချဲ့သမား စစ်ဘီလူးများ ဖြစ်သည်။ သို့တစေ ဤစစ်ပွဲများ၏ ဒဏ်ကို အများဆုံးနှင့် အထိအနာဆုံး ခံရသူများမှာ အပြစ်မဲ့ကမ္ဘာ့ပြည်သူများ ဖြစ်သည်။ ဟီရိုးရှီးမားနှင့် နာဂါဆာကီကို အဏုမြူဗုံးဖြင့် ကြဲချလိုက်၍သာ ဂျပန် လက်နက်ချပြီး ဒုတိယကမ္ဘာစစ် ပြီးဆုံးခဲ့ရသည် ဟူသော ဆင်သေကို ဆိတ်ရေနှင့် ဖုံးသော အကြောင်းပြချက်ကိုလည်း ကြားဖူးပါလိမ့်မည်။ မည်သို့ပင်ဆိုစေ၊ နယ်ချဲ့သမားစစ် ဘီလူးများ၏ လက်ချက်ကြောင့် အပြစ်မဲ့သူ အများစုမှာ အဏုမြူ လက်နက်ဒဏ်ကို ယနေ့အထိ ခံစား နေရသည်မှာ ငြင်းစရာ မရှိ။
ယနေ့ကမ္ဘာတွင် ဟီရိုရှီးမားနှင့် နာဂါဆာကီ၌ ကြဲချခဲ့သော အဏုမြူဗုံးထက် အဖျက်စွမ်းအား အဆမတန် ကြီးမားသော အနုမြူလက်နက် ထောင်ပေါင်းများစွာကို ကိုင်၍ ကမ္ဘာကြီး တစ်ခုလုံးကိုပင် အစတုံး ဖျောက်ဖျက် ရန် ကြံဝံ့သူများ ရှိနေသည်မှာ ဟီရိုရှီးမား သင်ခန်းစာကို ယူကြ၊ ရကြပြီဟု ယူဆနိုင်ပါမည်လော။ အထူးပင် ရတက် မအေးစရာ ဖြစ်ပါသည်။ ထို့အတူ အဏုမြူလက်နက် ဆန့်ကျင်ရေးသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အသက်ထက်ပင် အရေးကြီးသော ကမ္ဘာ့ပြည်သူများ၏ အရေး ဖြစ်ပါသည်။
ထို့ကြောင့် မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်အနေဖြင့် သြဂုတ် ၆ ရက်တွင် ကျရောက်မည့် ဟီရိုရှီးမားနေ့တွင် သေဆုံး ဒဏ်ရာရ၊ ဘဝတစ်လျှောက်လုံး မျိုးစဉ် မျိုးဆက်တစ်ခုလုံး ထိခိုက်နစ်နာ ခဲ့ရကြသူများနှင့်အတူ ကမ္ဘာတွင်လည်းကောင်း၊    မြန်မာတွင်လည်းကောင်း စစ်ပွဲများ၊ ဒဏ်ရာဒဏ်ချက် များစွာဖြင့် ကျဆုံးခဲ့ရသော အပြစ်မဲ့ လူသားများကို သမိုင်းလူသားများအဖြစ် အမှတ်တရ မော်ကွန်းတင် လိုက်ပါသည်။
စိုးမြင့်
Independent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis