menu

Monday 6 August 2012

ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ မြန်မာခရီးစဉ်နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်မှ ကောက်နုတ်ချက်များ


 ကျွန်တော်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ်မှာ သိသိသာသာ ရိုက်ခတ်မှုတွေရှိခဲ့တဲ့ အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်နေသော နောက်ခံအခြေအနေရှိနေချိန်မှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ မကြာသေးမီက အောင်မြင်တိုးတက်မှုတွေကို ကြိုဆိုပါတယ်။ ဥပမာအားဖြင့် နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အတင်းအကျပ် အလုပ်စေခိုင်းမှုအားလုံး ပပျောက်ရေးနဲ့ ကုလသမဂ္ဂနဲ့လက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ကလေးသူငယ်များ စုဆောင်းခြင်း၊ အသုံးချခြင်းများကို တားဆီးရေးလိုမျိုးဖြစ်ပါတယ်။


 မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ အရပ်ဘက်လူ့အဖွဲ့အစည်း၊ နိုင်ငံရေးပါတီတွေနဲ့ အခြားသက်ဆိုင်သူတွေ ပိုမိုပါဝင်ဆောင်ရွက်လာတဲ့အတွက် အားရမိပါတယ်။ ကျွန်တော်ရဲ့ ခရီးစဉ်အတွင်း မှာပဲ လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ ပိုမိုပွင့်လင်းလာပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ အထူးသဖြင့် စိန်ခေါ်မှုတွေနဲ့ အန္တရာယ်တွေအကြောင်း ဦးတည်ရာကြိမ်နှုန်းနဲ့ ကျယ်ပြန့်မှုတွေအပေါ် ပိုပြီးတော့ ထဲထဲဝင်ဝင် လေ့လာဆန်းစစ်မှုတွေရှိခဲ့ပါတယ်။    ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပိုမိုဖြစ်ထွန်းလာဖို့နဲ့လူ့အခွင့်အရေး လေးစားလိုက်နာမှုသေချာစေဖို့ရာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ ပါလီမန်နဲ့ အမျိုးသားအခွင့်အရေးကော်မရှင်လိုနိုင်ငံတကာ နဲ့တစ်မျိုးသားလုံးဆိုင်ရာ အဖွဲ့အစည်းမဏ္ဍိုင်တွေ ဆက်လက်ဖွံ့ဖြိုးလာခဲ့ပါတယ်။  ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အရေးကြီးတဲ့လုပ်ငန်းဆောင်တာများကို ဆက်လက်တာ ၀န်ယူုလုပ်ကိုင်တာတွေ့ရပါတယ်။ ဥပမာအားဖြင့် ကချင်ပြည်နယ်အပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့များရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံနဲ့ တိုင်တန်းမှုတွေကို ပြန်လှန်သုံးသပ်တာ မျိုးဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ ပါရီအခြေခံမူတွေနဲ့ အပြည့်အ၀ကိုက်ညီဖို့ရာနဲ့ အမှီအခိုကင်းဖို့ရာ အများကြီးရှေ့ဆက်လျှောက်လှမ်းဖို့ လိုအပ်နေသေးပေမယ့်လည်း လူ့အခွင့်အရေးကာကွယ်ရေးနဲ့ မြှင့်တင်ရေးမှာ အ ရေးကြီးတဲ့ အခန်းကဏ္ဍကို လက်ခံလိုက်ပုံပေါ်ပါတယ်။ ကော်မရှင်အပေါ် ယုံကြည်ကိုးစားမှုနဲ့ ထိရောက်မှု ရှိအောင်လည်း သူ့ရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းနေပါတယ်။

ဤကဲ့သို့ သော အပြုသဘောဖြစ်ပေါ်တိုးတက်မှုတွေရှိနေပေမယ့်လည်း မြန်မာနိုင်ငံဟာ လေးနက်တဲ့လူ့အခွင့်အရေးစိန်ခေါ်မှုတွေနဲ့ ဆက်လက် လုံးပန်းနေရဆဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကသရုပ်ပြနေသလို ပဲ။ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အမြစ်တွယ်ဖို့ရာ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေဟာ အရေးကြီးပါတယ်။ အကြမ်းဖက်မှုရလဒ်ကြောင့် သူတို့ရဲ့ နေအိမ်တွေနဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးသွားသူတွေရဲ့ ကျယ်ပြန့်တဲ့ ဒုက္ခသုက္ခတွေကို ကျွန်တော် မျက်မြင်တွေ့ခဲ့ရပါတယ်။ လူ့အဖွဲ့အစည်း နှစ်ရပ်စလုံးက ဒုက္ခခံစားခဲ့ရသူတွေကို ကြင်နာသနားမှု ပြသခဲ့ပါတယ်။

တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် အစိုးရက အရေးယူဆောင်ရွက်ခဲ့တာတွေ အဲဒီဒေသတွေကို လုံခြုံရေးတပ်ဖွဲ့တွေထပ်မံချထားခဲ့တာတွေနဲ့ လူ့အဖွဲ့အစည်းတွင်းသွေးထွက်သံယိုအကြမ်းဖက်မှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ အဖြစ်အပျက်တွေကို ကော်မရှင်ဖွဲ့စည်းခဲ့တာတွေကို ကျွန်တော်မှတ်သားထားပါတယ်။ ဒါပေမဲ့လည်း တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် လုပ်ဆောင်ရမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန် ခဲ့တယ်ဆိုတဲ့ ကျွန်တော်လက်ခံရရှိခဲ့တဲ့ စွပ်စွဲချက်တွေ အပေါ်မှာ ကျွန်တော်စိုးရိမ်ပူပန်မိပါတယ်။ ဒီစွပ်စွဲမှုတွေထဲမှာ လုံခြုံရေးနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အင်အားအလွန်အကျွံသုံးစွဲမှု၊ စစ်ဆေးမေးမြန်းမှု မရှိ ဖမ်းဆီးထိန်းသိမ်းမှု၊ သတ်ဖြတ်မှု၊ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ရေး အာမခံချက်များ ငြင်းပယ်ခံရမှု၊ ထိန်းသိမ်းရာနေရာ များတွင် ညှဉ်းပန်းနှိပ်စက်မှုတွေ ပါဝင်ပါတယ်။

 ဒီစွပ်စွဲချက်တွေကို အခုအချိန်မှာ ရှင်းလင်းအတည်ပြုဖို့ရာ မတတ်နိုင်ပေမယ့်လည်း ဒါတွေဟာ အလွန်စိုးရိမ်ပူပန်စရာကောင်းပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာဖြစ်ပျက်ခဲ့တာတွေကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ဖို့ရာ အခြေခံကျကျ အရေးကြီးလှပြီး တာဝန်ယူမှုရှိဖို့လိုပါတယ်။ ဒီလိုမလုပ်ဘဲနဲ့ ပြန်လည်ရင်ကြားစေ့ရေးမဖြစ်နိုင်ပါဘူး။ အဲဒီလေဟာနယ်ထဲကို ချဲ့ကားပြောဆိုမှုတွေ လိုရာဆွဲပြောမှုတွေ ၀င်လာပြီး၊ လူ့အဖွဲ့ အစည်းအတွင်းမှာ နောက်ထပ် မယုံကြည်မှုတွေ၊ တင်းမာမှုတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲမှုတွေကို အရေးတကြီးကိစ္စရပ်အနေနဲ့ အမှိအခိုကင်းသော စိတ်ချယုံကြည် ရသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အခြားသူများနှင့် အတူ ကျွန်တော်လည်း တောင်းဆိုပါတယ်။

 နေရာပြောင်း နေထိုင်ရသူတွေရဲ့ လက်ငင်းလိုအပ်ချက်ကို လုပ်ဆောင်ပေးပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ရေး အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အရေးယူလုပ်ဆောင် ခဲ့တာတွေကို ကြိုဆိုပါတယ်။ သို့သော်လည်း နေရာပြောင်းရွှေ့နေထိုင်နေသူတွေအတွက် အစားအသောက်၊ ရေ၊ သန့်ရှင်းမှု၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အရေးတကြီး ဖြေရှင်းဖို့ လိုအပ်နေပါသေးတယ်။

ဒါ့ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှု ပိုမိုပေးအပ်ရေး မြန်မာအာဏာပိုင်များရဲ့ ပန်ကြားမှုကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက တုံ့ပြန်ပေးရန် ကျွန်တော်လည်း အားပေး တိုက် တွန်းပါတယ်။


ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ (INGO များ) အပေါ်ဆန့်ကျင်တဲ့ ခံစားချက်တွေပေါ်မှာလည်း ကျွန်တော်စိုးရိမ်ပူပန်မိပါတယ်။ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့ ကူညီမှုများအား ဘက်မလိုက်ရေးနှင့် ကြားနေရေးဆိုသော အခြေခံမူများအတိုင်း မထောက်ပံ့ဟူသော ရခိုင်ဗုဒ္ဓ္ဓဘာ သာဝင်တွေရဲ့ ထင်မြင်ယူဆမှုတွေကို ပူပန်ပါတယ်။ ဒီထင်မြင်မှုတွေကို ချေဖျက်ဖို့ရာ ပါဝင်ပတ်သက်နေသော နိုင်ငံတကာအဖွဲ့အစည်းများ အနေနဲ့အစိုးရအာဏာပိုင် များနှင့်အတူတကွ ပူးတွဲလုပ်ဆောင်ရန် ကျွန်တော်တိုက်တွန်းပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို အစိုးရက တုံ့ပြန်ရန်ကြိုးစားပြီး နေရာရွှေ့ပြောင်း နေထိုင်ရသူ များအား ပြန်လည် နေရာချထားရေး အလယ်အလတ် ကာလတစ်ရပ်အစီအစဉ်တွေ ရှိနေပေမယ့်လည်း ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးမှာ တာရှည်ခံသော မဟာဗျူဟာ တစ်ရပ်ဖော်ထုတ်ဖို့ရာ သတိပြုလုပ်ဆောင်ရပါမယ်။ လူ့အဖွဲ့အစည်းနှစ်ရပ်ကို ခွဲခြားရေးထက် ပေါင်းစည်းမှုပေါ် အခြေခံတဲ့ မဟာဗျူဟာတစ်ရပ်  ဖော်ထုတ်ရပါမယ်။ 

ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းတွေကြားက အမြစ်တွယ်နေတဲ့ မုန်းတီးမှုတွေနဲ့ မယုံကြည်မှုတွေနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်အလွန်အမင်းစိုးရိမ်မိပါတယ်။ အစိုးရက ရဲရင့်တဲ့ ခြေလှမ်းတွေ မလှမ်းဘူးဆိုရင် အခြေအနေဟာ ပိုမိုယိုယွင်းပျက်စီးသွားပါလိမ့်မယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ရဲ့ လုပ်ပိုင်ခွင့်ကာလတစ်လျှောက်လုံးမှာ ရိုဟင်ဂျာတွေကို စနစ်တကျ ခွဲခြားဆက်ဆံမှုတွေအပေါ် ပူပန်မှုတွေကို တောက်လျှောက်အသားပေးပြောဆိုခဲ့ပါတယ်။ ဒီပူပန်မှုတွေမှာ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် ငြင်းပယ်မှု သို့မဟုတ် တရားဝင်အနေအထားမပေးမှု၊ သူတို့ရဲ့ လွတ်လပ်စွာ သွားလာလှုပ် ရှားခွင့်အပေါ် ကန့်သတ်ချက်များ ထားရှိမှု၊ အိမ်ထောင်ပြုရေးကန့်သတ်မှုတွေနဲ့ အခြားခွဲခြားဆက်ဆံမှု ပေါ်လစီတွေ ပါဝင်ပါတယ်နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်း တွေနဲ့ကိုက်ညီစေဖို့ရာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြန်လှန်သုံးသပ်ခြင်း အပါအ၀င် ဒီကိစ္စတွေကို ဖြေရှင်းသွားမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

ရိုဟင်ဂျာတွေရဲ့ နိုင်ငံမဲ့မှု အခြေအနေအတွက် တာရှည်ခံမယ့် ဖြေရှင်းချက်တွေကို ဖော်ထုတ်ရာမှာနိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ပါဝင်ဆောင်ရွက်ရပါမယ်။ အဲဒီ ဖြေရှင်းချက်တွေကို လူ့အခွင့်အရေးအခြေခံမှုတွေ အပေါ်မှာ မူတည်ရပါမယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းများနဲ့ ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေဟာ ၎င်းတို့နယ်နိမိတ်အတွင်းမှာရှိတဲ့ လူပုဂ္ဂိုလ်တွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ရာ နိုင်ငံတကာဥပဒေ အရ တာဝန်ဝတ္တရားကို အသိအမှတ်ပြုဖို့ရာကို တိုက်တွန်းပါတယ်။ ထိုနိုင်ငံရဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားသည်ဖြစ်စေ၊ မပြုထားသည်ဖြစ်စေ ကာကွယ်ပေးဖို့ရာ ၀တ္တရား ရှိပါတယ်။ ဖမ်းဆီးသူထံ ပြန်မပို့ရေးဆိုတဲ့ နိုင်ငံတကာ အခြေခံမူကို လေးစားကြောင်းလည်း အာမခံရမှာဖြစ်ပါတယ်။

ကျွန်တော်ရဲ့ အထူးခရီးစဉ်များအတွင်းမှာ ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေနဲ့ ဆက်စပ်ပြီး ထိန်းသိမ်းထားတဲ့ ကုလသမဂ္ဂ ၀န်ထမ်းခြောက်ဦးကို အင်းစိန်နဲ့ ဘူးသီး တောင်ထောင်တွေမှာ တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။ အခြားအစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းကို လူတွေကိုလည်း အလားတူ ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်း လည်းကျွန်တော်ရရှိခဲ့ပါတယ်။

ကျွန်တော်တို့ တွေ့ဆုံမေးမြန်းမှုတွေအပေါ် အခြေခံပြီး ပြောရရင် ထိန်းသိမ်းခံထားရတဲ့ လူတွေအပေါ် ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်အလွန်ကို စိုးရိမ်ပါတယ်။ ကျွန်တော်အမြင်ကတော့ သူတို့အပေါ် ထားရှိတဲ့ စွဲချက်တွေဟာ အခြေအမြစ်မရှိပါဘူး။ သူတို့အတွက်အစီအစဉ်တကျလုပ်ဆောင်မှုအခွင့်အရေးတွေလည်းငြင်းပယ်ခံထား ရပါတယ်။

အင်းစိန်ထောင်မှာ ကျွန်တော်တွေ့ဆုံမေးမြန်းခဲ့တဲ့ ယုံကြည်ချက်ကြောင့် အကျဥ်းကျခံနေရသူများနဲ့ အတွေ့အကြုံတွေကို အမှတ်ရစရာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလူတွေကို ချက်ချင်းလွှတ်ပေးဖို့နဲ့ သူတို့ရဲ့ အမှုတွေကို ပြန်လှန်သုံးသပ်ဖို့ရာ တိုက်တွန်းပါတယ်။

နောက်ဆုံးမှာတော့ ဆယ်စုနှစ်များစွာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကနေ ထွက်ပေါ်လာတဲ့ မကျေနပ်မှုတွေကို ဖြေရှင်းရေးဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမှာ အလွန်အရေးကြီးတယ်လို့ ကျွန်တော်ထင်မြင်နေဆဲဖြစ်ပါတယ်။ သားကောင်ဖြစ်ခဲ့ရသူတွေရဲ့ ခံစားချက်တွေကို အသိအမှတ်ပြုပြီး သူတို့ရဲ့ (စိတ်) ဒဏ်ရာဒဏ်ချက်တွေကို ပျောက်ကင်းစေခြင်းအားဖြင့် အနာဂတ်မှာ ချိုးဖောက်မှုတွေ ထပ်မံဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

ကျွန်တော့်ကို ဖိတ်ကြားခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုတွေအတွက် မြန်မာအစိုးရကို ကျေးဇူးတင်ရှိပါတယ်။ ၂၀၁၃ ခုနှစ်မှာ လူ့အခွင့်အရေး ကောင်စီကို နောက်တစ်ကြိမ် အစီရင်ခံစာမတင်သွင်းမီ မြန်မာနိုင်ငံကို ထပ်မံလည်ပတ်ဖို့ရာ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖို့ရာ မြန်မာနိုင်ငံနဲ့ အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက်သွားဖို့ရာ စိတ်အားထက်သန်ကြောင်း ထပ်မံအတည်ပြုပြောကြားလိုပါတယ်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis