menu

Monday 6 August 2012

အင်းစိန်ပန်းခြံအနီး လမ်းဘေးဈေးသည်များ ဈေးမရောင်းရ၍ ဆန္ဒထုတ်ဖော်


ယနေ့ သြဂုတ်လ ၆ ရက်နေ့ နေ့လည် ၂ နာရီတွင် အင်းစိန်မြို့နယ် အင်းစိန်ပန်းခြံအနီးတွင် လမ်းဘေးဈေးသည် ၂၀ ကျော်ခန့်က အင်းစိန်မြို့နယ် စည်ပင်မှ ဈေးရောင်းချခွင့် တားမြစ်၍ ဈေးရောင်းချခွင့် မရသောကြောင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဈေးသည်များထံမှ သိရသည်

အဆိုပါဈေးသည်များမှာ ပြီးခဲ့သည် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ အင်းစိန်မြို့နယ် စည်ပင်သာယာရာရေး ကော်မတီမှ ဈေးရောင်းချခွင့်အား စတင်တားမြစ်ခဲ့ရာ သြဂုတ်လ ၂ ရက်နေ့ ကြာသာပတေးနေ့ တွင် ဈေးရောင်းချခဲ့ သူများကို အရေးယူမှုများ ရှိခဲ့ကြောင်း သိရသည်။

"ကြာသာပတေးနေ့က မနက် ၈ နာရီခွဲမှာ ဈေးစရောင်းရောင်းချင်း အဖမ်းခံရတယ် ခုံနဲ့မရောင်းရဘူးဆိုလို့ ဗန်းနဲ့လည်ရောင်းတာပါ အဲဒါကို သူတို့ကဖမ်းတယ် taxi ဂိတ်ကလူတွေ အကုန်မြင်တယ်" ဟု ကွမ်းယာဆိုင်ဖွင့်လှစ်ရောင်းချသူ မမြင့်က ပြောကြားသည်။

ယင်းသို့ဖမ်းဆီးပြီး မြို့တော်စည်ပင်မှ ရဲစခန်းတွင် တိုင်ချက်ဖွင့်အရေးယူထား မှုရှိကြောင်းလည်း သိရသည်။ အဆိုပါလှုပ်ရှားမှုတွင် ပါဝင်သည့် သစ်သီးရောင်းချသူ တစ်ဦးဖြစ်သူ အောင်အောင်က "ဒါဟာ ဆန္ဒပြတာ မဟုတ်ပါဘူး ဈေးမရောင်းရလို့ ၀င်ငွေမရှိတာနဲ့ တောင်းစားတာပါ နေရာ အစားပြန်မပေးမချင်း နေ့တိုင်းတောင်းစားနေမှာပါပဲ" ဟုဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြို့တော်စည်ပင် အင်းစိန်မြို့နယ် စီမံရေးဌာနမှ အုပ်ချုပ်ရေးမှူး ဦးလှထွေးက "ပလက်ဖောင်းပေါ် ရောင်းချနေကြတာ လူသွားလူလာ လမ်းသွားလမ်းလာတွေကို အနှောင့်အယှက်ဖြစ် တယ် ရောင်းချခွင့် မပြုနိုင်ဘူး ၊ အခုဖမ်းဆီးခံရတဲ့ဈေးသည်တွေကိုလည်း သူတို့ပစ္စည်းတွေကို လာရွေးရင် တစ်ခုမကျန် ပြန်ပေးတယ်" ဟု ပြောကြားသည်။

ယင်းလမ်းဘေးဈေးသည်များတွင် အဓိကအားဖြင့် မီးရထားဝန်ထမ်းမိသားစုများနှင့် အညာဒေသမှ ရွေ့ပြောင်းလာရောက် လုပ်ကိုင်စားသောက်ကြသူများ ဖြစ်ကြောင်း ၀န်ထမ်းမိသားစု ၀င်အောင်အောင်က ပြောသည်။ အဆိုပါ လှုပ်ရှားမှုနှင့်ပတ်သက်၍ ဆန္ဒပြခြင်း မဟုတ်သည့်အတွက် အာဏာပိုင်အဖွဲ့အစည်းသို့ အကြောင်းကြားခြင်း မရှိသလို မြို့တော်စည်ပင်ဝန်ထမ်းများနှင့် ရဲဝန်ထမ်းများ လာရောက်စောင့်ကြည်မှုရှိသော်လည်း တစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိကြောင်း သိရသည်။
Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis