menu

Wednesday 4 January 2012

Facebook ကိုပညာရေးအတွက်သုံးမလား ကောင်မလေးတွေအကြာင်းဖွဖို့သုံးမလား



လူမှုကွန်ယက်ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်က လူတွေရဲ့ နေ့စဉ်လူမှုဘ၀ရဲ့ အစိတ်အပိုင်းဖြစ်လာသလို၊ ပညာရေး စီးပွားရေး လုပ်ငန်းတွေမှာပါ ဩဇာပိုလွှမ်းလာသည်။
ဖေ့စ်ဘွတ်သာ တိုင်းပြည်တစ်ပြည်ဆိုရင်၊ တရုတ်နဲ့ အိန္ဒိယပြီးရင် တတိယအကြီးဆုံး တိုင်းပြည်ဖြစ်လိမ့်မည်။ အခု လက်ရှိ နေ့စဉ် ဖေ့စ်ဘွတ်သုံးတဲ့ လူဦးရေ သန်း ၈၀၀ ရှိပြီး၊ ၇၀ ရာခိုင်နှုန်းကျော်က အမေရိကန်ပြည်ထောင်စု အပြင်ဘက်က ဖြစ်သည်။ ဖေ့စ်ဘွတ်ပေါ်မှာ ဘာသာစကား
၇၀ ကျော်ဖြင့် အသုံးပြုနေကြသည်။
ဖေ့စ်ဘွတ် အသုံးအများဆုံး ငါးနိုင်ငံအနက် နှစ်နိုင်ငံက မူဆလင်နိုင်ငံတွေ ဖြစ်သည်။ အင်ဒိုနီးရှားက နံပါတ် ၂ ဖြစ်ပြီး၊ တူရကီက နံပါတ် ၅ ဖြစ်သည်။ ၂၀၁၁ ခုနှစ်အတွင်း အာရပ်နိုင်ငံတွေမှာ ဖေ့စ်ဘွတ်သုံးသူ ၇၉ ရာခိုင်နှုန်း မြင့်လာခဲ့သည်။ နောက် ဖေ့စ်ဘွတ် သုံးစွဲသူ အရေအတွက် အမြန်ဆုံးတိုးတက်လာတဲ့ နိုင်ငံတွေကတော့ ဘရာဇီး၊ အိန္ဒိယနဲ့ မက္ကစီကို တို့ ဖြစ်သည်။
မကြာခင်က မင်နီဆိုးတားတက္ကသိုလ် နိုင်ငံတကာရေးရာ ပါမောက္ခ Gerald Fry နဲ့အဖွဲ့က စတန်းဖို့ဒ်တက္ကသိုလ် စက်မှုပန်းခြံကြီးထဲက ဖေ့စ်ဘွတ်ရုံးချုပ်ကို အလည်သွားခဲ့သည်။ ဖေ့စ်ဘွတ်ရုံးချုပ်မှာ အလုပ်သမား ၇၀၀ ကျော် ရှိသည်။ နောက် အဲဒီနဲ့ သိပ်မဝေးနဲ့ Menlo Park က ဖေ့စ်ဘွတ်ရုံးမှာလည်း အလုပ်သမား ၄၀၀ ခန့်ရှိသည်ဟု ဆိုသည်။
အဲဒီ အံဩဖွယ်ကောင်းတဲ့ နည်းပညာ စီးပွားရေးလုပ်ငန်းမှာ အသိပညာလုပ်သား ၁၁၀၀ ကျော် လုပ်ကိုင်နေပြီး၊ လုပ်ငန်း တန်ဖိုးက ဒေါ်လာ ၅၀ ဘီလီယံခန့် ရှိသည်။ ဘိုးရင်း လေယာဉ်ကုမ္ပဏီရဲ့ ငွေကြေးပမာဏထက် များနေပြီး၊ General Motors ကားကုမ္ပဏီရဲ့ တန်ဖိုးပမာဏလောက် ရှိနေသည်။ ဒါပေမဲ့ ရုပ်ဝတ္ထုပစ္စည်းပိုင်း နေရာယူမှုက အဲဒီကုမ္ပဏီကြီးနှစ်ခုထက် ဖေ့စ်ဘွတ်က အတော်နည်းသည်။
ပါမောက္ခ Gerald Fry က ဖေ့စ်ဘွတ်ကို ပညာရေးအတွက် အသုံးပြုနိုင်ပုံနဲ့ အလွဲသုံးနိုင်ပုံတို့ကို သူ့ကျောင်းသားတွေနဲ့ ဆွေးနွေးခဲ့သည်။
အင်္ဂလိပ်စကား မပြောတဲ့ နိုင်ငံတွေက ကျောင်းသားတွေအတွက် ဖေ့စ်ဘွတ်ကနေ အင်္ဂလိပ်စာ ရေးဖို့ ဖတ်ဖို့ လေ့ကျင့်ဖို့အတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းဖြစ်သည်ဟု ဆိုသည်။ နောက် ဖေ့စ်ဘွတ်ပေါ်က တန်ဖိုးရှိတဲ့ များစွာသော ရုပ်ပုံတွေကို  presentation တွေအတွက် အသုံးချနိုင်သည်။ ပုံနှိပ်ထုတ်ဝေမှုတွေ လုပ်နိုင်သည်။ အံဩဖွယ်ကောင်းတဲ့ ပထမကမ္ဘာစစ်လောက်က ပုံတွေကိုတောင် ပြန်တင် ရှယ်ယာလုပ်ကြသည်။
ဖေ့စ်ဘွတ်ကနေ ကမ္ဘာအနှံက ယဉ်ကျေးမှုမတူ ဒေသမတူသူတွေနဲ့ အဖိုးတန် အင်ဖော်မေးရှင်းတွေမျှဝေခြင်း ဆွေးနွေးခြင်းဖြင့် အသိပညာအင်အား (intellectual power) ကို ထူထောင်နိုင်သည်။ နောက် ဖေ့စ်ဘွတ်မှာ သုတေသနတွေ (electronic surveys) လည်း လုပ်နိုင်သေးသည်။
ဖေ့စ်ဘွတ်ကို အလွဲအသုံးမှုကတော့ အလွန်အမင်းဆိုးကျိုးတွေကို ဖြစ်စေနိုင်တဲ့ ဆိုက်ဘာအနိုင်ကျင့်မှုဗိုလ်ကျမှု (cyberbullying) ဖြစ်သည်။ အထူးသဖြင့် ဆယ်ကျော်သက်တွေရဲ့ ပုဂ္ဂိုလ်ရေးသိက္ခာ ထိခိုက်အောင် ပြုမှုခြင်း ဖြစ်သည်။ ဆိုက်ဘာ လူဆိုးတွေက မိန်းကလေးငယ်တွေရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဖောက်ထွင်း ချောင်းမြောင်း (hack)၊ ဖွဖို့ ကြံစည်ခြင်း ဖြစ်သည်။
နောက်ထပ်ဆိုးကျိုးတစ်ခုကတော့ ဘိန်းစွဲသလို ဖေ့စ်ဘွတ် စွဲနေခြင်း (Facebook addiction) ဖြစ်သည်။ လူတစ်ဦးချင်းစီက သူတို့ရဲ့ အဖိုးတန်အချိန်အများစုကို ဖေ့စ်ဘွတ်ပေါ်မှာတင် အချိန်ဖြုန်းပစ်ခြင်းပင်။ နောက် အသုံးပြုသူတွေဟာ အတိုကောက် စာလုံးတွေ ရေးခြင်း (how r u?) ဖြင့် ဘာသာစကား အလေ့အကျင့်ဆိုးကို အမြဲ ထိစပ်နေခြင်း ဖြစ်သည်။
လေ့လာမှုတစ်ခုအရ ဗြိတိန်က မိန်းကလေးငယ် တချို့ဟာ ဖေ့စ်ဘွတ်ဟာ သူတို့ဘ၀ရဲ့ အရေးကြီးတဲ့ အစိတ်ပိုင်း တစ်ခုပဲ၊ ဘယ်လောက်အရေးကြီးသလဲဆိုရင် မိဘထက်တောင် အရေးပါတယ်လို့ ဖြေဆိုကြသည်။ ကြောက်လန့်ဖွယ် အဖြေပါပဲ။
တကယ်တော့ ဖေ့စ်ဘွတ်ဟာ အသွားနှစ်ဖက်ပါတဲ့ ဓားလို ဖြစ်သည်။ ပညာရေးသမားတွေနဲ့ ဆရာတွေက နည်းပညာသစ်တွေနဲ့ ယဉ်ပါးအောင် ကျောင်းသားတွေ ဘယ်လိုအသုံးပြုရမလဲဆိုတာ ဖေ့စ်ဘွတ် ကတဆင့် အကူညီပေးနိုင်သည်။ ငယ်တဲ့သူတွေက အသက်ကြီးတဲ့သူတွေထက် နည်းပညာနဲ့ လူမှုမီဒီယာတွေ ဘယ်လို အသုံးပြုရမယ်ဆိုတာ နောကျေနေပေမဲ့၊ ပညာရေး၊ အချိန်နဲ့ ဘ၀အတွက် ဘယ်လို အကျိုးရှိရှိ သုံးရမလဲဆိုတာ သိဖို့ ဆရာတွေက ကူညီပေးနိုင်သည်။
ဥပမာ၊ မကြာခင်က ချီကာဂိုရှိ Northwestern University က ကို ရောက်လာတဲ့ ပထမနှစ်ကျောင်းသားတွေကို ဖေ့စ်ဘွတ်ကဲ့သို့သော ဆော့ဝဲဖ်သစ်တွေကို စနစ်တကျ ဘယ်လို အသုံးပြုမလဲဆိုတာ ဝေဖန်သုံးသပ် ဆွေးနွေးမှုတွေ လုပ်ခိုင်းသည်။
အဲဒီလို ဆွေးနွေးသုံးသပ်မှုတွေ လုပ်မထားရင်၊ ဖေ့စ်ဘွတ်ကို အသိပညာအတွက် အသုံးပြုမှုထက်၊ အလွယ်တကူ လမ်းကြောင်းလွဲ အချည်းအနှီးအသုံးပြုမှုတွေ ဖြစ်လာနိုင်သည်ဟု ပါမောက္ခ Gerald Fry က ပြောဆိုသည်။
မောက္ခ ပညာရေးမဂ္ဂဇင်း

1 comment:

  1. ဝါသနာပါသလိုပေါ့

    ReplyDelete

Related Posts Plugin for WordPress, Blogger...

ShareThis