menu

Wednesday 4 January 2012

အီဂျစ်လွှတ်တော်ရွေးကောက်ပွဲ နောက်ဆုံးအဆင့် ကျင်းပပြီးစီး

b40_09
ကိုင်ရိုမြို့တောင်ဘက် မင်ယာရှိ မဲရုံတွင် မဲပေးနေကြစဉ်
  အီဂျစ်လွှတ်တော် ရွေးကောက်ပွဲနောက်ဆုံးအဆင့်ကို ဇန်န၀ါရီလ ၃ ရက်နေ့က  ကျင်းပခဲ့ရာ မဲပေးခွင့်ရှိသူပြည်သူ ၁၅ သန်းခန့်က လာရောက်မဲပေးခဲ့ကြသည်။
ယမန်နှစ် ဖေဖော်ဝါရီလက သမ္မတဟောင်း ဟိုစနီမူဘာရက် ရာထူးမှပြုတ်ကျသွားခဲ့ပြီးနောက် ပထမဆုံးလွှတ်တော်ရွေးကောက်ပွဲများကို ကျင်းပခဲ့ရာ အစ္စလာမ်မစ်လှုပ်ရှားသူများက အဓိကအခန်းကဏ္ဍသို့ ရောက်ရှိလာနေသည်။ အီဂျစ်နိုင်ငံ၏ ပြည်နယ် ၂၇ ပြည်နယ်အနက် ၉ ပြည်နယ်တွင် ဒေသစံတော်ချိန် နံနက် ၈ နာရီ၌ မဲရုံးများဖွင့်လှစ်ခဲ့ပြီး မဲပေးမှုမှာ အချိန်နှစ်ရက်ကျော်ကြာ
မည်ဖြစ်သည်။ လွှတ်တော်ရွေး ကောက်ပွဲပထမနှစ်ကျော့တွင် အီဂျစ်၏ အစ္စလာမ်မစ်ပါတီများက အောင်ပွဲခံနေခဲ့သည်။ သြဇာကြီးသော မွတ်စလင်ဘရားသားဟုဒ်၏ နိုင်ငံရေးပါတီ Freedom and Justice Party (FJP)ကပထမနှစ်ကျော့တွင် အမတ်နေရာအများစုကို ရရှိထားသည်။ ထို့ပြင် အစ္စလာမ်မစ် ရှေးရိုးစွဲဆလာဖီ အုပ်စုကလည်း အမတ်နေရာများ ရရှိခဲ့ရာ အရပ်ဘက်လွတ်လပ်ခွင့်များနှင့် ဘာသာရေးလွတ်လပ်မှုများ ဆုံးရှုံးမည်ကို စိုးရိမ်နေကြသည်။  အစ္စလာမ်မစ်တို့၏ အောင်မြင်မှုက အီဂျစ်နိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအနာဂတ်ကိုလည်း စိုးရိမ်စရာဖြစ်လာခဲ့သည်။ ရွေးကောက်ပွဲစနစ်အရ မဲပေးသူများသည် လွှတ်တော်အမတ်နေရာ သုံးပုံနှစ်ပုံအတွက် ပါတီများကို မဲပေးရပြီး ကျန်သုံးပုံတစ်ပုံအတွက် တစ်သီးပုဂ္ဂလ အမတ်လောင်းများကို မဲပေးရွေးချယ်ရသည်။
အထက်လွှတ်တော် ရွေးကောက်ပွဲများကို ဖေဖော်ဝါရီလမတိုင်မီ အပြီးသတ် ကျင်းပမည်ဖြစ်သည်။ လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲမည်ဖြစ်ပြီး ဇွန်လတွင်သမ္မတသစ် ရွေးချယ်မည်ဖြစ်သည်။ ယခု ရွေးကောက်ပွဲသည် အီဂျစ်ပြည်သူများအကြား သဘောထားကွဲလွဲမှု နက်ရှိုင်းနေခြင်းကို ပေါ်လွင်စေခဲ့သည်။ အချို့အီဂျစ်ပြည်သူများက ရွေးကောက်ပွဲများသည် ဒီမိုကရက်တစ် အုပ်ချုပ်မှုအတွက် ပထမအဆင့်ဟု ယူဆကြပြီး အချို့က လွှတ်တော်သစ်၏ လုပ်ငန်းများသည် ရှင်းရှင်းလင်း လင်းမရှိသေးသောကြောင့် စစ်ဘက်ထိန်းချုပ်မှုအောက်တွင် ရှိနေဦးမည်ဟု ယူဆကြသည်။
Ref:AFP By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis