menu

Wednesday 4 January 2012

အမျိုးသားသွေးစည်းညီညွတ်ရေး တက်ညီလက်ညီဆောင်ရွက်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုက်တွန်း

b40_05
(၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဌာနချုပ်ရုံးတွင် ကျင်းပစဉ်
အမျိုးသား သွေးစည်းညီညွတ်ရေး ပြည်သူလူထုအားလုံး တက်ညီလက်ညီ ဆောင်ရွက်ပေးရန် (၆၄)နှစ် မြောက်လွတ်လပ်ရေးနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းခဲ့ပါသည်။
ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ဇန်န၀ါရီလ ၄ ရက်နေ့က ကျင်းပခဲ့သည့် (၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား၌ ဖတ်ကြားခဲ့သော ကြေညာချက်တွင် အထက်ပါအတိုင်း တိုက်တွန်း ခဲ့ခြင်း ဖြစ်သည်။
''မိမိတို့နိုင်ငံ၏ ပကတိအခြေ အနေများကို မှန်ကန်စွာ ဆန်းစစ်လေ့လာကြည့်လျှင် လွတ်လပ်ရေးကို
အသက်ပေး၍ ကြိုးပမ်းခဲ့ကြသော ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ဒီမိုကရေစီအခွင့်အရေးများနှင့် နိုင်ငံသားတို့၏ မူလအခွင့်အရေးများကို တိုင်းသူပြည်သားများ မခံစားကြရသေးပါ။ အဆိုပါအခွင့်အရေးများ ခံစားစံစားနိုင်ကြရန် အမျိုးသားသွေးစည်းညီညွတ်ရေးနှင့် တိုင်းပြည်ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်အောင် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအားလုံးက စိတ်ဆန္ဒထက်သန်စွာ တက်ညီလက်ညီ ဆောင်ရွက်ပေးပါရန် ဤ လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်ကြီးတွင် လေးနက်စွာ တိုက်တွန်းကြောင်း ကြေညာလိုက်ပါသည်''ဟု အဆိုပါ ကြေညာချက်က ဆိုသည်။          
ထို့ပြင် "အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ညီညွတ်ရေးတို့နှင့် စပ်လျဉ်း၍ 'ကျွန်မတို့ခေတ်မှာ အရင်ခေတ်အဆက်ဆက်က မရခဲ့တဲ့ ငြိမ်းချမ်းရေးကို ရအောင်လုပ်နိုင်ဖို့ အခွင့်အရေးရနေပြီဆိုတဲ့ စိတ်တွေထားပြီးတော့ ဒီအခွင့်အရေးကို လက်မလွှတ်တမ်း ဆုပ်ကိုင်ဖို့ အရေးကြီးပါတယ်။ အခွင့်အရေးဆိုတာ တစ်ခါတလေ တော်တော်နဲ့ ပြန်မလာတတ်ဘူး။ လာတဲ့အခါမှာ ရအောင်ဆုပ်ကိုင်ရမယ်။ ဒီအခွင့်အရေးကို အများအ ကျိုးအတွက် ဖြစ်အောင်လို့ သုံးစွဲသွားရမယ်။ အဲဒီလိုစိတ်နဲ့ ကျွန်မတို့ အားလုံးဆက်ပြီးတော့ သွားနိုင်လို့ရှိရင် ကျွန်မတို့ရဲ့နိုင်ငံထဲမှာ မကြာမီကာလမှာ အားလုံးလိုချင်တဲ့ ငြိမ်းချမ်းတဲ့ လူ့အခွင့်အရေးကို အပြည့်အ၀ အကာအကွယ်ပေးတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာမှာပါ'ဟု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပသော နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိခြင်း နှစ်(၂၀)ပြည့် ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြောကြားခဲ့ပြီး ဖြစ်ပါသည်။''ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
အခမ်းအနား သဘာပတိ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ''အမျိုးသားရင်ကြားစေ့ရေးဆိုတာ မရှိမဖြစ် တိုင်းပြည်ရဲ့ ကောင်းကျိုးအတွက် လိုအပ်တဲ့ကိစ္စ ဖြစ်ပါတယ်။ အမျိုးသားရေးဆိုတာ တစ်ဦးတစ်ယောက်တည်း၊ တစ်ဖွဲ့တစ်စည်းတည်း လုပ်ဆောင်၍မရဘဲ တစ်နိုင် ငံလုံးရှိ ပြည်သူအားလုံးနှင့် သက်ဆိုင်ပါတယ်''ဟု ၎င်း၏ မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့် မီဒီယာများက ဒေါ်အောင်ဆန်းစုကြည်အား မကြာသေးမီရက်ပိုင်းက ထုတ်ပြန်ခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်အရ ပြန်လည်လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအရ အရေးပါသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ပါဝင်လာမှု မရှိခြင်းနှင့်ပတ်သက်၍ ၀ိုင်းဝန်းမေးမြန်းခဲ့သော်လည်း မှတ်ချက်တစ်စုံတစ်ရာ မပြောကြားခဲ့ပေ။
သို့ရာတွင် အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ''နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီအင်အားစု ခေါင်းဆောင်တွေ ဒီနေ့အထိ အချို့လောက်ပဲ (လွတ်သေးတယ်) အများကြီး ကျန်နေသေးတယ်ဆိုတာ ကျွန်တော်တို့ သတိပြုရအောင်လို့ပါ။  လွှတ်တယ်ဆိုတာက လွတ်ငြိမ်းချမ်းသာခွင့်လို့ ပြောတယ်။ သူတို့ပေးတာဟာ အပြစ်လျှော့တယ်ပေးတယ်လို့ ကျွန်တော် သဘောပေါက်တယ်။ ပြစ်ဒဏ်လျှော့တာကလည်း ရက်ရက်ရောရော မဟုတ်ဘူး''ဟု နိဂုံးချုပ် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
''ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုနှင့် တိုင်းရင်းသားအားလုံးတွေရော နိုင်ငံတွင်းမှာရော၊ နိုင်ငံတကာကပါ ကျန်ရှိနေသေးတဲ့ အင်မတန်ပဲ ဆင်းရဲကြီးမားမှုခံစားနေရတဲ့ သူတို့ရဲ့မိသားစုတွေရော ကျန်တဲ့ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရတဲ့သူတွေရော လွတ် ကို လွတ်ရမယ်ဆိုပြီးတော့ သန္နိဋ္ဌာန်နဲ့ ကျွန်တော်တို့ ၀ိုင်းလုပ်ရမယ်လို့ ကျွန်တော်မြင်တယ်။ နယ်စပ်ကိစ္စကိုလည်း အေးချမ်းချင်ပါတယ်။ တိုင်းရင်းသားအားလုံးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အေးချမ်းသွားလို့ရှိရင် စိတ်စေတနာ သန့်သန့်လုပ်သွားမယ်ဆိုရင် အေးချမ်းမှာဖြစ်ပါတယ်။ အခု အေးချမ်းနိုင်မယ့်အလင်းရောင် မြင်နေရတယ်။ ဒီအလင်းရောင်ကို ရှေ့ဆက်ပြီးတော့ ထွန်းတောက် စေချင်ပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ သံတမန်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပါတီဝင်များ ရာကျော်တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis