menu

Wednesday 4 January 2012

ထိုင်းတောင်ပိုင်းရှိ မြန်မာများရေဘေးကြုံနေ

ထိုင်းနိုင်ငံတောင်ပိုင်း၌ နှစ်သစ်ကူးကာလ ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွား၍ ထောင်နှင့်ချီ   သော မြန်မာ အလုပ်သမားများလည်း ရေဘေးဒုက္ခ ကြုံတွေ့နေကြရကြောင်း သတင်းရရှိသည်။
ဆုံခလာခရိုင် ဟတ်ယိုင်မြို့နယ်ရှိ ထုံးလုံအရပ်တွင် နှစ်သစ်ကူးည ၁၂ နာရီနောက်ပိုင်းအချိန်၌ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ပေါ်မှရေလုံးကြီးများထိုးဆင်းလာသဖြင့် ကားလမ်းမများအပါအ၀င် စက်ရုံအလုပ်ရုံများလည်း ရေလျှံနစ်မြုပ်နေ၍ ပိတ်ထားရကြောင်း သိရသည်။

ရေလွှမ်းနေသော ထုံးလုံအရပ်ကို ဇန်န၀ါရီ ၁ ရက်နေ့က တွေ့ရစဉ်(ဓာတ်ပုံ - ဧရာဝတီ)
“အခု သတင်းမှာပါတဲ့ ထုံးလုံက မြန်မာပြည်သား အများဆုံးနေတဲ့ နေရာတဲ့၊ အဲဒီမှာ လူ ၁၀၀၀၀ ကျော်နေတယ်”ဟု အလုပ် သမားများအရေး ကူညီဆောင်ရွက်ပေးနေသော မြန်မာပြည် ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ(TACDB)မှ စေတနာ့ ၀န်ထမ်း ဦးဝင်းက ဧရာဝတီသို့ ပြောပြသည်။
ဆုံခလာ ခရိုင်တခုလုံးတွင် မြန်မာ အလုပ်သမား ၄၀၀၀၀ ခန့်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။
ပိတ်ထားရသည့် စက်ရုံများတွင် မြန်မာအလုပ်သမား ၁၀၀၀ ကျော်ရှိသော ဆစ်စကင်း လက်အိပ်စက်ရုံသည် အဆိုးဝါးဆုံးဖြစ်ကြောင်း ဦးဝင်းက ဆက်ပြောသည်။
“ဆစ်စကင်း လက်အိပ်စက်ရုံ မှာဆိုရင် လူတရပ်လောက်ကို နစ်သွားတယ်၊ ဒါကြောင့် စက်ရုံပိတ်ထားလိုက်ရတယ်”ဟု ၎င်းက ဆို သည်။
ဆစ်စကင်း စက်ရုံရှိ အလုပ်သမားများ နေထိုင်သောတိုက်မှာ ၅ ထပ်ရှိပြီး အောက်ထပ်တခုလုံး ရေနစ်သွားခဲ့ကြောင်း၊ ထို့ကြောင့် သောက်သုံးရေ နှင့် လျှပ်စစ်မီးပြတ်တောက် သွားခဲ့ကြောင်း သိရသည်။
ရေဘေးကြုံရသော ဆစ်စကင်း စက်ရုံမှ မြန်မာ အလုပ်သမားများကို နီးစပ်ရာ စာသင်ကျောင်းများနှင့် ဆွေမျိုးသားချင်းများထံ ပြောင်းရွှေ့ထားကြောင်း ဆစ်စကင်း စက်ရုံအနီးရှိ ရာဘာစက်ရုံတွင်လုပ်နေသော အလုပ်သမား ကိုခိုင်စိုးက ပြောပြသည်။
သူက ဆက်လက်ပြီး“ဇန်န၀ါရီလ ၁ ရက် စတဲ့အချိန်ပေါ့၊ ဟက်ပီးနယူးရီးယား အော်နေကြတုန်းမှာပဲ မိုးစရွာလာတယ်၊ မိုးက တော် တော်ကြီးတယ်၊ မိုးလင်းဘက် ၄ နာရီလောက်ရောက်တော့ ရေလုံးကြီးတွေ မြို့ထဲကို ထိုးဆင်းလာတယ်၊ တောင်ကျရေပေါ့၊ ဒါကြောင့် အဝေးပြေးလမ်းမကြီးတွေ ရေလွှမ်းမိုးသွားတယ်၊ စက်ရုံတွေ ရေမြုပ်သွားတယ်”ဟု ပြောသည်။
ယင်း ရေဘေးဒုက္ခသည်များကို စက်ရုံတာဝန်ခံများက ကောင်းမွန်စွာကူညီကြသဖြင့် အခက်အခဲမရှိကြောင်း ဆစ်စကင်း စက်ရုံမှ မြန်မာ အလုပ်သမား ကြီးကြပ်ရေးမှူး က ဆိုသည်။
“ရေဘေးဒုက္ခသည်တွေအတွက် စက်ရုံက အားလုံးတာဝန်ယူပေးပါတယ်၊ ရေဘေးလွတ်ရာမှာ ယာယီရွှေ့ထားပြီး တနေ့ကို ထမင်း သုံးနပ်ကျွေးတယ်၊ ရေကြီးလို့ အလုပ်ပျက်ပေမယ့် အဲဒီရက်တွေအတွက် လုပ်အားခကိုလည်း ထုတ်ပေးထားပါတယ်”ဟု ၎င်းက ပြောသည်။
ရေလွှမ်းမိုးခံရသည့် ဒေသများမှာ ဟတ်ယိုင်၊ ပါတနီ၊ နာရာသီဝ၊ ရလာမြို့များ ပါဝင်ကြောင်း သိရသည်။
ထိုင်းတောင်ပိုင်း ရလာခရိုင် ၆ မြို့နယ်ရှိ လူဦးရေ ၅၂၀၀၀ နီးပါး ရေဘေးကြုံနေရကြောင်း၊ နာရာသီဝပ် ခရိုင် ၁၁ မြို့နယ်တွင် လည်း ရေဘေးကြုံနေရပြီး အစိုးရထံ အကူအညီများ တောင်းခံထားကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင်လည်း ဖော်ပြထားသည်။
ထိုင်းတောင်ပိုင်းရှိ မြန်မာအလုပ်သမား အများစုမှာ ဆောက်လုပ်ရေးလုပ်ငန်း၊ ပန်ရံလုပ်ငန်း၊ ရေလုပ်ငန်း၊ စက်ရုံ အလုပ်ရုံများနှင့် စားသောက်ဆိုင် လုပ်ငန်းများတွင် အဓိက လုပ်ကိုင်လျက် ရှိကြသည်။
ယမန်နှစ်ကလည်း ထိုင်းနိုင်ငံအလယ်ပိုင်းနှင့် ဘန်ကောက်မြို့အနီးတ၀ိုက် ဒေသများတွင် ရေလွှမ်းမိုးခဲ့သဖြင့် မြန်မာ အလုပ် သမား သိန်းနှင့်ချီပြီး ရေဘေးဒုက္ခ ကြုံခဲ့ရဖူးကြသည်။
ဘစောတင် (ဧရာဝတီ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis