menu

Saturday 9 November 2013

မီတာခ တိုးမြှင့်မှုကြောင့် အအေးခန်း စက်ရုံများ ထုတ်လုပ်မှုစရိတ် နှစ်ဆ နီးပါး မြင့်တက်နိုင်ဟုဆို

Photo: မီတာခ တိုးမြှင့်မှုကြောင့် အအေးခန်း စက်ရုံများ ထုတ်လုပ်မှုစရိတ် နှစ်ဆ နီးပါး မြင့်တက်နိုင်ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၈

အစိုးရ၏ အရှုံးခံ ထုတ်လုပ်ဖြန့်ဖြူး နေရသော စရိတ်များကို ကာမိရန်ဟုဆိုကာ တိုးမြှင့်လိုက်သော လျှပ်စစ် မီတာခကြောင့် လျှပ်စစ်မီးအခြေခံ သုံးစွဲထုတ်လုပ်ရသည့် အအေးခန်း စက်ရုံများ၏ ထုတ်လုပ်မှုစရိတ်မှာ နှစ်ဆနီးပါးခန့် မြင့်တက်လာမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အအေးခန်း စက်ရုံများနှင့် ရေခဲစက်ရုံ လုပ်ငန်းပိုင်ရှင်များက ပြောကြားသည်။

မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ဖြစ်ပြီး ယင်းသို့ နိုင်ငံတကာ စံနှုန်းအတိုင်း မီတာခ ပေးဆောင်ရမည်မှာ မဖြစ်သင့်ကြောင်း၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းများ နိုင်ငံတကာနှင့် ယှဉ်နိုင်မှသာ နိုင်ငံတကာ ဈေးနှုန်းနှင့် ကောက်ခံသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် အဏ္ဏဝါဒေဝီ အအေးခန်း လုပ်ငန်းပိုင်ရှင် ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

အဆိုပါ အအေးခန်း စက်ရုံသည် ပြီးခဲ့သည့် လများအတွင်းက တစ်လလျှင် မီတာခ ကျပ်သိန်း ၄၀ ခန့် ကျသင့်ရာမှ မီတာခ နှစ်ဆနီးပါး မြင့်တက်မှုကြောင့် ကျပ်သိန်း ၈၀ ဝန်းကျင် ပေးဆောင်ရမည်ဖြစ်ရာ တစ်လလျှင် သိန်း ၄၀ ခန့် ထုတ်လုပ်မှုစရိတ် ပိုမိုမြင့်တက်လာကြောင်း ၎င်းကရှင်းပြသည်။
“မထုတ်နိုင်ရင် စက်ရုံ ရပ်ရမှာ။ တကယ်ထိခိုက်မှာက စက်ရုံမှာရှိတဲ့ အလုပ်သမားတွေပါ။ မတက်နဲ့လို့ ပြောတာ မဟုတ်ဘူး။ ဖြည်းဖြည်းတက်ပါ။ ဒီပြည်သူ ပြည်သားတွေအတွက် စဉ်းစားတယ်ဆိုရင် ဒီလို တက်သွားတာမျိုးက မဖြစ်သင့်ဘူး” ဟု ၎င်းကဆိုသည်။

လျှပ်စစ် သုံးစွဲမှုနည်းချိန်နှင့် သုံးစွဲမှု များချိန်ကို ခွဲခြား၍ မီတာခကို ခွဲခြား ကောက်ခံသင့်ပြီး တိုးမြှင့် ကောက်ခံလာသော မီတာခမှာ နိုင်ငံတကာ ဈေးနှုန်းနှင့် ယှဉ်ပါက ပြောစရာ မရှိသော်လည်း ထုတ်လုပ်မှုစရိတ် မြင့်တက်လာသည်မှာ အမှန်ပင် ဖြစ်ကြောင်း ရေထွက်ပို့ကုန် လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမိုးမြင့်ကျော်က ပြောကြားသည်။

မီတာခမြင့်တက်မှု၏ အကျိုးဆက်အဖြစ် ပြီးခဲ့သည့် စက်တင်ဘာလ၊ အောက်တိုဘာလများအတွင်းက ရေခဲပေါင် ၃၀၀ တစ်တုံး ၂၀၀၀၊ ၂၅၀၀ ကျပ် ဈေးပေါက် ဝယ်ယူသုံးစွဲနေရာမှ နိုဝင်ဘာလဆန်းပိုင်းမှ စတင်၍ ကျပ် ၄၀၀၀ ဝန်းကျင်ခန့်ဖြင့် ဈေးတိုးမြှင့်ပေးကာ ဝယ်ယူသုံးစွဲရလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် အတွင်းရှိ အအေးခန်းစက်ရုံ လုပ်ငန်းရှင်အချို့က  ပြောကြားသည်။

ငါးမွေးမြူသူများသည် ငါးကန်ဖော်ရန် ပြင်ဆင်လျက် ရှိသော်လည်း ရေခဲဈေး မြင့်တက်မှုကြောင့် အခြေအနေ စောင့်ကြည့်လျက် ရှိသည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ ငါးမွေးမြူရေး လုပ်ငန်းရှင်များကလည်း ပြောကြားသည်။

စီးပွားရေး လုပ်ငန်းရှင်များက ထုတ်လုပ်မှုစရိတ် မြင့်တက် လာသည်ဟု ပြောကြားသော်လည်း လုပ်ငန်းရှင်များ ပြောကြားသည့် မီတာခ နှစ်ဆနီးပါး တက်သည် ဆိုသည်မှာ ရန်ကုန်မြို့ရှိ အကြီးစားလုပ်ငန်း ၄၀၀၀ ကျော်အတွက်သာ ဖြစ်ပြီး၊ ကျန်စီးပွားရေး လုပ်ငန်းများမှာ မထိခိုက်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဆိုသည်။

လုပ်ငန်းရှင်များသည် အစိုးရ၏ လျှပ်စစ်မီး မရရှိသည့် အချိန်တွင် ကိုယ်ပိုင် မီးစက်ဖြင့် လည်နေရသောကြောင့် မီးစက်ဖြင့် လည်သည့် ကုန်ကျစရိတ်နှင့် တိုးမြှင့် ကောက်ခံသည့် မီတာခနှုန်းထားကို တွက်ချက် ယှဉ်ကြည့်နိုင်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ထပ်မံရှင်းပြသည်။

တိုးမြှင့်ကောက်ခံမည့် မီတာခနှင့် ပတ်သက်၍ နိုင်ငံတကာ ဈေးနှုန်းနှင့် ယှဉ်ပါက သင့်လျော်သော်လည်း ပေးဆောင်ရသည့် မီတာခနှင့် ထိုက်တန်သည့် ဝန်ဆောင်မှုကို ရယူလိုကြောင်း၊ မီတာခ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ဆန္ဒကို လွှတ်တော်မှတစ်ဆင့် ရယူသင့်ကြောင်း၊ အချိန်နှစ်ရက်သာခြား၍ မီတာခ နှစ်ဆနီးပါး မြင့်တက်မှုသည် မဖြစ်သင့်ကြောင်း ရန်ကုန်မြို့တော်ရှိ အချို့သော စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

အောက်တိုဘာ ၂၈ ရက်နေ့၌ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက မီတာခများ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis