menu

Saturday 9 November 2013

ခြင်္သေ့မကြီးနှင့် လူသားနှစ်ဦးတို့ကြားမှ နွေးထွေးသော သံယောဇဉ်


ခြင်္သေ့မကြီးနှင့် လူသားနှစ်ဦးတို့ကြားမှ နွေးထွေးသော သံယောဇဉ် ခြင်္သေ့မကြီး ဆာဂါးသည် ဗလင်တင်း ဂရီရူနာနှင့် မစ်ကဲလ် လီဂါ့သ်တို့ နှစ်ဦးကြောင့် ယနေ့တိုင် အသက်ရှင်နေခဲ့ခြင်း ဖြစ်သည်

အာဖရိက တောရိုင်းနယ်မြေ တစ်ခုတွင် လူနှစ်ဦးနောက် ခြင်္သေ့ကြီးတစ်ကောင် ပြေးလိုက်နေသော မြင်ကွင်းသည် ခြောက်ခြားစရာ အငွေ့အသက်မျိုး ဖုံးလွှမ်းနေမည်သာ။ သို့သော်လည်း ထိုလူနှစ်ဦးနှင့် ခြင်္သေ့ကြီးတို့မှာ လိုက်တမ်းပြေးတမ်း ဆော့ကစားနေခြင်းမျှသာဖြစ်ကြောင်း သိရလျှင်မူ အံ့ဩပေလိမ့်မယ်။ ခြင်္သေ့မကြီး ဆာဂါးသည် ဗလင်တင်း ဂရီရူနာနှင့် မစ်ကဲလ် လီဂါ့သ်တို့ နှစ်ဦးကြောင့် ယနေ့တိုင် အသက်ရှင်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူမအနေဖြင့် အသက်သခင် ကျေးဇူးရှင် နှစ်ဦးကို အလွန်တွယ်တာ ချစ်ခင်နေသည်။ ကျေးဇူးသိတတ်သော ဆာဂါးသည် လူငယ်နှစ်ဦးနှင့် တွေ့ဆုံတိုင်း ပျော်ရွှင်စွာဖြင့် ဖက်လှဲတကင်း နှုတ်ဆက်နေသည်မှာ တောဘုရင် ခြင်္သေ့တစ်ကောင်ထက် ကြောင်ပေါက်လေး တစ်ကောင်နှင့်ပင် ပိုမိုဆင်တူနေကြောင်း မျက်မြင်တွေ့ရှိသူများက မှတ်ချက်ပြုလေ့ရှိသည်။

ဆာဂါးသည် အလွန်ငယ်ရွယ်သော အချိန်တွင် မွေးချင်း ခြင်္သေ့ပေါက်လေး (၂)ကောင်နှင့်အတူ စွန့်ပစ်ခြင်း ခံခဲ့ရသည်။ ခြင်္သေ့အုပ်ကြီး တစ်ခုက ဆာဂါးတို့ မောင်နှမ (၃)ကောင်ကို စွန့်ခွာသွားပြီးနောက် ကျန်ခြင်္သေ့လေးများ သေဆုံးသွားခဲ့သည်။ သနားစရာ ခြင်္သေ့မလေးကို တွေ့ရှိသည့် လူငယ်နှစ်ဦးကမူ ဆာဂါးကို ကယ်တင်စောင့်ရှောက်ခဲ့ပြီး ယခုအခါ ပေါင်ချိန် (၁၁၀)ထိ အလေးချိန်စီးသည့် ခြင်္သေ့မကြီး တစ်ကောင်အဖြစ် ထွားကျိုင်းသန်မာလာခဲ့သည်။ ဗလင်တင်းနှင့် မစ်ကဲလ်တို့သည် ဘော့ဆွာနာ နိုင်ငံရှိ အာဖရိက တောပိုင်းဒေသများအတွင်း ခြင်္သေ့များ မျိုးမသုဉ်းအောင် ကူညီစောင့်ရှောက်နေသည့် ဝန်ထမ်းများ ဖြစ်ကြသည်။

မိုဒီဆာ သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး ပရောဂျက်မှ လူငယ်နှစ်ဦးအနက် ဗလင်တင်းသည် ဂျာမနီမှဖြစ်ပြီး မစ်ကဲလ်က ဒိန်းမတ်နိုင်ငံသား ဖြစ်သည်။ ခြင်္သေ့ကောင်ရေ တိုးပွားရေး မျှော်လင့်ချက်ဖြင့် အလုပ်လုပ်နေသော လူငယ်နှစ်ဦးအတွက် အရင်းနှီးဆုံး အဖွဲ့ဝင်သစ်မှာ ဆာဂါးဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ဆာဂါးနှင့်အတူ အခြားသော ခြင်္သေ့ကြီးများနှင့် အနီးကပ် သွားလာ မှတ်တမ်းယူလေ့ရှိသည်။ ဆာဂါးသည် ယခုအခါ ကိုယ်တိုင် အမဲလိုက်ကာ သားကောင်များ ဖမ်းဆီးရှာဖွေနိုင်သည့် အခြေအနေမျိုးထိ သန်မာကြံ့ခိုင်နေပြီ ဖြစ်သည်။

မစ်ကဲလ်က ယခုအခါ မိမိတို့နှင့် ဆာဂါး၏ ဆက်ဆံရေးသည် ဆာဂါးက သူမ၏ ခြင်္သေ့အုပ်ကို ခင်မင်တွယ်တာသည့် အခြေအနေမျိုး ထပ်တူခိုင်မာနေပြီဟု ဆိုသည်။ ဆာဂါးသည် တောရိုင်းပတ်ဝန်းကျင်တွင် မိတ်ဖက်အသစ်များနှင့် ပျော်ရွှင်စွာ ကျက်စားလှည့်လည်လျှက် ရှိသည်။ မစ်ကဲလ်က "ခြင်္သေ့အုပ် တစ်အုပ်က အကောင်ပေါက်လေး (၃)ကောင်ကို စွန့်သွားခဲ့တာပါ။ တခြားအကောင်လေးတွေက သေသွားတယ်။ ဆာဂါးက အစာရေစာ မရှိဘဲ စွန့်ပစ်ခံခဲ့ရရှာတာပါ။ ကျွန်တော်တို့ သူ့ကို မျက်နှာမလွှဲနိုင်ခဲ့ဘူးလေ"ဟု ရှင်းပြခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည် ဆာဂါးကို မွေးမြူကာ ကူညီ စောင့်ရှောက်ပေးခဲ့သည်။

၎င်းက ဆက်လက်၍ "တခြားခြင်္သေ့တွေကို လူတွေက ဖမ်းမိရင် လှောင်အိမ်ထဲ ထည့်ထားတော့တာပဲ။ ပြီးတော့ လာကြည့်တဲ့ လူတွေ ကျွေးမွေးတာကို စားသောက်ခိုင်းမယ်။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်လုံး သူ့ကို ဒီအဖြစ်မျိုး မကြုံစေချင်ဘူး။ ခုတော့ ဆာဂါးက ကျွန်တော်ရယ်၊ ဗလင်တင်းရယ်ကို တွေ့ရင် ဝမ်းသာအားရ ပြေးလာတယ်။ ကျွန်တော်တို့ကို ကောင်းကောင်း မှတ်မိတယ်။ ဆာဂါးဟာ ခုဆိုရင် သူ့အစာအတွက် ကိုယ်တိုင် အမဲလိုက်နိုင်ပြီ။ ဆိတ်ရိုင်းတွေကို ဖမ်းပြီး သူ့ဖာသာ စားနိုင်ပြီ။ ပြီးတော့ သူအစာစားနေတုန်း ကျွန်တော်တို့ ကပ်သွားလို့ရတယ်။ ခြင်္သေ့ တစ်ကောင်အတွက်တော့ ဒီစရိုက်က ထူးဆန်းလွန်းတယ်"ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ဗလင်တင်းက ဆာဂါးသည် လူအများကို ရန်မူသည့် ခြင်္သေ့မျိုး မဟုတ်ဟုလည်း ဆိုသည်။ "သူက လူတွေကို ဂရုကို မစိုက်တာပါ။ ဘေးနားမှာ တခြားလူတွေ ရှိနေရင် လှည့်ကို မကြည့်ဘူး။ သဘာဝအတိုင်း ကျက်စားနေတဲ့ ခြင်္သေ့တွေက လူတွေကို ကြောက်ကြတယ်"ဟု ဗလင်တင်းက ပြောကြားခဲ့သည်။ ၎င်းက ဆာဂါးအနေဖြင့် ကိုယ်တိုင် အစာရှာနိုင်ခြင်းကို အလွန်ဝမ်းသာကြောင်းလည်း ဖွင့်ဟခဲ့သည်။ "လူတွေ ကျွေးမွေးထားတဲ့ ခြင်္သေ့တွေကို တောထဲလွှတ်လိုက်ရင် သူတို့အတွက် အန္တရာယ် ကြီးသွားပါတယ်။ ကိုယ့်ဖာသာ အစာမရှာနိုင်တော့ တစ်ချိန်က နီးစပ်ဖူးတဲ့ လူတွေနား ပြန်လာတယ်။ လူတွေက အကြောင်းမသိတော့ ကြောက်လန့်ပြီး သတ်ပစ်တာမျိုး ဖြစ်နိုင်တယ်လေ။ ဆာဂါးအတွက်တော့ တောထဲက ဘဝဟာ အရာရာ ပြည့်စုံနေပါပြီ"ဟုလည်း ဗလင်တင်းက ကျေကျေနပ်နပ် ပြောဆိုသွားသည်။

Planet Myanmar Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis