menu

Saturday 9 November 2013

နိုင်ငံပိုင် အရန်ငွေ၊ အရန်ရွှေနှင့် ပတ်သက်၍ ဗဟိုဘဏ်က ပြည်ထောင်စု လွှတ်တော်သို့ လာရောက် ရှင်းလင်းရမည်

Photo: နိုင်ငံပိုင် အရန်ငွေ၊ အရန်ရွှေနှင့် ပတ်သက်၍ ဗဟိုဘဏ်က ပြည်ထောင်စု လွှတ်တော်သို့ လာရောက် ရှင်းလင်းရမည်

နိုင်ငံပိုင် အရန်ငွေ၊ အရန်ရွှေနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအုပ်ချုပ်ရေး အဖွဲ့မှ နိုဝင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ လာရောက်ရှင်းလင်း တင်ပြရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ လာရောက်ရှင်းလင်းရန် အတွက် အကြောင်းကြားစာ ပေးပို့ရန် နိုဝင်ဘာ ၈ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ယင်းကိစ္စမှာ ဗဟိုဘဏ်က တင်ပြမှသာ ပိုမိုသင့်လျော်မည် ဖြစ်ကြောင်း ပြောကြားခဲ့ရာ နာယက သူရဦးရွှေမန်းက ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ကို ညွှန်ကြားခဲ့သည်။

နိုင်ငံပိုင် အရန်ငွေနှင့် အရန်ရွှေတို့ မည်မျှရှိသည်ကို ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ ချပြသင့်ကြောင်း မွန်ပြည်နယ် မဲဆန္ဒအမှတ်(၇)မှ ဒေါက်တာဗညားအောင်မိုးက နိုဝင်ဘာ ၇ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စာရင်းစစ်ချုပ် အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု လွှတ်တော်နာယကက ထိုသို့ညွှန်ကြား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ''နိုင်ငံပိုင် အရန်ရွှေ၊ အရန်ငွေနဲ့ ပတ်သက်ပြီးတော့ ဗဟိုဘဏ်ကလာမယ့် လွှတ်တော် အစည်းအဝေးမှာ ရှင်းလင်းတင်ပြဖို့ ပြည်ထောင်စုအစိုးရ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌထံ အကြောင်းကြားဖို့ ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ်က တာဝန်ယူပြီး စာရေးသား ဖော်ပြပါ။ လာမယ့် ၁၂ ရက်မှာ ဒေါက်တာ ဗညားအောင်မိုး တင်ပြတဲ့ ကိစ္စကို လာရောက်ရှင်းလင်း တင်ပြဖို့ ဖြစ်ကြောင်း ဖော်ပြပေးပါ'' ဟု ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ်သို့ ပြောကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ ဒေါက်တာ ဗညားအောင်မိုးက လွှတ်တော် အစည်းအဝေးများ စတင်ကျင်းပသည့် အချိန်မှစ၍ ရွှေကြွေးကျန် မည်မျှရှိသည်ကိုသာ သိရကြောင်း၊ နိုင်ငံ့ဘဏ္ဍာသို့ ရွှေမည်မျှ ၀င်သည်ကို မသိရကြောင်း၊ အကြွေးရှိသည်ထက် ပိုမိုရှိမည်ဟု ယူဆပါကြောင်း၊ ပါလီမန် ဒီမိုကရေစီ ခေတ်ကပင် နိုင်ငံ၌ ရွှေနှင့် နိုင်ငံခြားငွေ မည်မျှရှိသည်ကို ပြည်သူအား ပွင့်လင်းမြင်သာစွာ ချပြမှုရှိကြောင်း၊ တော်လှန်ရေး အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံပိုင် နိုင်ငံခြားငွေများ တဖြည်းဖြည်း လျော့ကျလာသည်ကို တွေ့ရှိရကြောင်း၊ လက်ရှိတွင် ဒီမိုကရေစီခေတ်ကို ရောက်ရှိလာပြီဖြစ်ရာ အခြားနိုင်ငံများနည်းတူ ပြည်သူလူထုအား ပွင့်လင်းမြင်သာမှု ရှိစေရန် ချပြသင့်ကြောင်း နိုဝင်ဘာ ၇ ရက်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးပြောကြားသည်။

(ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံပိုင် အရန်ငွေ၊ အရန်ရွှေနှင့် ပတ်သက်၍ လာရောက် ရှင်းလင်းရန် ပြောကြားစဉ်)

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis