menu

Saturday 9 November 2013

ကမ္ဘာ့အင်အားအကြီးဆုံး တိုင်ဖုန်းဟိုင်ယန် တစ်နာရီ ၁၄၆ မိုင်နှုန်းဖြင့် ဖိလစ်ပိုင်ကို ဝင်တိုက်

PHILIPINES-WEATHER-TYPHOON

မနီလာ၊ နိုဝင်ဘာ ၈
တစ်နာရီလျှင် လေတိုက်နှုန်း ၁၄၆ မိုင်ဖြင့် အလွန်ပြင်းထန်သော မွန်းစတားဟုပင် မီဒီယာများက သမုတ်ကြသည့် တိုင်ဖုန်း မုန်တိုင်းကြီး ဟိုင်ယန် ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက် တိုက်ခတ်သွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
မုန်တိုင်း၏ ဂြိုဟ်တုဓာတ်ပုံကို ရရှိပြီး ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ပညာရှင်များက ပြောဆိုခဲ့ကြကာ အဆိုပါ မုန်တိုင်းသည် ကုန်းပေါ်သို့ ဝင်ရောက်လာသည့် မုန်တိုင်းများတွင် အင်အားအပြင်းဆုံး ဖြစ်ကြောင်းလည်း ပြောဆိုကြသည်။
မုန်တိုင်း ဝင်ရောက်သည့် ဒေသတစ်ခုဖြစ်သော ဂိုင်ဝမ်မှ အာဏာပိုင်များက သေဆုံး ဒဏ်ရာရသူများကို အတိအကျ မဖော်ပြနိုင်သေးကြောင်း ဒေသဆိုင်ရာ ရပ်ရွာလုံခြုံရေး အကြီးအကဲ ရေးဂိုဇွန်က ပြောကြားခဲ့သည်။
မုန်တိုင်းလာမည့် သတင်းကို ကြိုတင် ရရှိထားသောကြောင့် ပြင်ဆင်ထားသည့် အနေနှင့် ကျောင်းများ၊ ရုံးများကို ပိတ်ထားပြီး လူထောင်ပေါင်း များစွာကိုလည်း ကြိုတင် နေရာရွှေ့ပြောင်း ထားပေးသည်ဟု ယင်းသတင်းက ဆိုသည်။
ယင်းမုန်တိုင်း ဝင်နေသည့် ဒေသသည် မကြာသေးခင် ကာလကလည်း မြေငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့သေးသည်။

မုန်တိုင်း ဝင်ရောက်သွားသည့် တောင်ပိုင်းပြည်နယ်၏ အုပ်ချုပ်ရေးမှူး ရော်ဂျာမာကာဒိုက သောကြာနေ့ နံနက်ခင်း အချိန်တွင် သစ်ပင်များ လဲနေသဖြင့် လမ်းမများ ပိတ်သွားကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရ ခက်ခဲကြောင်း twitter တွင် ရေးသားထားသည်။
ယင်းမုန်တိုင်းက ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာကိုမူ တိုက်ရိုက် ဝင်ရောက် တိုက်ခတ်ဖွယ် မရှိကြောင်း မိုးလေဝသဌာနက ဖော်ပြထားသည်။
“လေက တော်တော် ထန်နေပါတယ်။ ပြီးတော့ မိုးလည်း တအားကြီးနေပါတယ်” ဟု စီဘူးဒေသမှ World Vision အဖွဲ့မှ တာဝန်ရှိသူ မိုင်ဇာမိုရာက ပြောကြားခဲ့သည်။
နံနက် ၄ နာရီ ၄၀ အချိန်တွင် တိုင်ဖုန်း ဟိုင်ယန်က ကုန်းပေါ်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း အစိုးရဌာနမှ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ရိုမီယိုကာဂျူလစ်စ်က AFP ကို ပြောကြားခဲ့သည်။
အမျိုးသား ရာသီဥတုဗျူရိုမှ ခန့်မှန်းချက် ထုတ်ပြန်သူ မာရီယိုပါလာဖောက်စ်က မုန်တိုင်း ဝင်ရောက်ရာ ဒေသများမှ ဝန်ထမ်းများနှင့် အဆက်အသွယ် ပြတ်တောက် သွားခဲ့ကြောင်း ဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis