menu

Tuesday 6 November 2012

ယခုနှစ်ကျောက်ဆည်မြို့ ရွှေသာလျောင်း ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲ၌ နှစ်ပေါင်း ၂၀ နီးပါးမျှ မှေးမှိန်အားနည်းခဲ့သော ရိုးရာဆင်များအား ဦးစားပေးပွဲထုတ်ယှဉ်ပြိုင်ခဲ့ကြ




b531lifeb

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏ အထင်ကရပွဲတော် တစ်ခုဖြစ်သော ရွှေသာလျောင်းတောင် ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲ၌ နှစ်ပေါင်း ၂၀ နီးပါးမျှ မှေးမှိန်အားနည်းခဲ့သော ရိုးရာဆင်များကို ဦးစားပေး ပွဲထုတ်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
ယခုနှစ် ကျောက်ဆည်မြို့ ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲများကို သီတင်းကျွတ်လဆန်း ၁၄ ရက် အောက်တိုဘာလ ၂၉ ရက်နေ့က ရွှေသာလျောင်းတောင်ခြေရှိ ၀တ္တကကုန်းမြေနှင့် ဆွမ်းတော်ကြီး ကပ်ပွဲများကို နှစ်စဉ်ကျင်းပမြဲဖြစ်သည့်အတိုင်း သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၃၀ ရက်က ရွှေသာလျောင်းတောင်ပေါ် ဘုရားရင်ပြင်တော် နေရာတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ကျောက်ဆည်ဆင်လှူပွဲတော်နှင့် အကအလှပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဧည့်ခံဆင်များဖြစ်ကြသည့် ပိတောက်မြိုင်(ရိုးရာ) ဆင်အဖွဲ့မှ "မြင့်မြတ်နှလုံးသား" သီချင်းဖြင့် ဧည့်ခံဖျော်ဖြေပြီး ဇော်ဂျီမောင်(ဘော်ကြယ်) ဆင်အဖွဲ့မှ စားပွဲဝိုင်းအက၊ ဆုံလည်ကလပ်အက၊ ကုန်းဘောင်ပေါ်တွင် ဘောလုံးကစားခြင်း အကဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ယခု ဆင်အကလှပြိုင်ပွဲ၏ ထူးခြားမှုတစ်ရပ်အဖြစ် ရှေးအစဉ်အလာအတိုင်း ပြုလုပ်ယှဉ်ပြိုင်လေ့ရှိသော ရိုးရာဆင်များအား ဆုကြေးငွေ တိုးမြှင့်ကာ ဦးစားပေး ယှဉ်ပြိုင်စေခြင်း၊ ဆင်မျိုးဆက် မပြတ်စေရန်အတွက် ကလေးဆင်များကိုလည်း နေရာပေး ယှဉ်ပြိုင်စေခြင်းတို့ကြောင့် ပြိုင်ပွဲဝင် ရိုးရာဆင်နှင့် ကလေးဆင် အရေအတွက်မှာ ယခင်နှစ်များကထက် ပိုမိုများပြားလာကြောင်း သိရသည်။
ကျောက်ဆည်မြို့ ရဲစုရပ်မှ ဆင်ရုပ်များ လက်ခံပြုလုပ်ပေးသူ ဦးသိန်းအောင်ကလည်း ယခုနှစ် ကျောက်ဆည်ဆင်ပွဲတော်၏ ထူးခြားမှုနှင့် ပတ်သက်၍ "ရွှေချည် ငွေချည်၊ ဘော်ကြယ်နဲ့ အလှပြတဲ့ဆင်တွေ ပေါ်လာတဲ့နောက်ပိုင်းမှာ ဘော်ကြယ်ဆင်ပိုင်းကို အားပြုလာကြလို့ ရိုးရာဆင်ပိုင်းမှာ မှေးမှိန်အားနည်းလာတာ လွန်ခဲ့တဲ့ ၁၈ နှစ်ရဲ့နောက်ပိုင်းပဲ။ ဒီနှစ်မှာ သက်ဆိုင်ရာက ရိုးရာဆင်တွေ မတိမ်ကောစေဖို့အတွက် ဆုကြေးတိုးမြှင့်ပြီး အားပေးယှဉ်ပြိုင်စေတာကြောင့် ရိုးရာဆင်နဲ့ ကလေးဆင်တွေ ပိုပြီးများလာတယ်" ဟု ရှင်းလင်း ပြောကြားပါသည်။
အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်း၌ ရွှေသာလျောင်း တောင်ခြေရှိ ဆင်ပွဲကွင်းပြင်တွင် ပြိုင်ပွဲဝင်ဆင်များ၊ ဧည့်ခံဆင်များဖြင့် ဖွင့်ပွဲကျင်းပခဲ့ပြီးနောက် ဧည့်ခံဆင်များက ကျောက်ဆည်မြို့မ ဈေးကြီးအား သုံးပတ်ပတ်ကာ လှည့်လည်ပူဇော်ခဲ့ကြပြီး အောက်တိုဘာလ ၁၅ ရက်နေ့တွင် အပျော်ဆင်များကလည်း မြို့လုံးအနှံ လှည့်လည်ကာ ကပြဖျော်ဖြေပွဲများ ပြုလုပ်ခဲ့ကြသည်။
ယခုနှစ် ဆင်လှူပွဲတော်ဖွင့်ပွဲ၌ ဆင်အစီးရေ ၆၈ စီး တက်ရောက်ခဲ့ပြီး ပြိုင်ပွဲဝင်ရိုးရာဆင် ရှစ်စီး၊ ဘော်ကြယ်ဆင် လေးစီးနှင့် ကလေးဆင် ကိုးစီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရိုးရာဆင်ပထမဆုကို မျိုးဆက်သစ် ဆင်အဖွဲ့၊ ဒုတိယဆုကို မြင်စိုင်းဇာနည် ဆင်အဖွဲ့၊ တတိယဆုကို ပိတောက်မြိုင် ဆင်အဖွဲ့တို့မှ ရရှိခဲ့ကြောင်း၊ ဘော်ကြယ်ဆင်ဆုတွင် ပထမ ရွှေမြန်မာ ဆင်အဖွဲ့၊ ဒုတိယ ဧရာမိုး ဆင်အဖွဲ့နှင့် တတိယ ရွှေဧရာ ဆင်အဖွဲ့တို့မှ အသီးသီးရရှိခဲ့ကြပြီး ကလေးဆင် ပထမဆုကို ဒို့ညီနောင် ဆင်အဖွဲ့မှ ရရှိခဲ့ကာ ဒုတိယဆုအနေဖြင့် လှယဉ်ကျေး ဆင်အဖွဲ့နှင့် တတိယဆုကို ဇာနည်မောင် ဆင်အဖွဲ့တို့က ရရှိခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲဆုကြေးများအဖြစ် မြို့မဈေးကြီးအား သုံးပတ်ပတ်နိုင်သော ဧည့်ခံဆင်တစ်စီးလျှင် ကျပ်ငါးသောင်း၊ ရိုးရာဆင်ပြိုင်ပွဲ၌ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ဆင်များကို ကျပ်ခြောက်သိန်း၊ ကျပ်ငါးသိန်း၊ ကျပ်လေးသိန်း၊ ဘော်ကြယ်ဆင်ပြိုင်ပွဲ အတွက် ကျပ်ငါးသိန်း၊ ကျပ်လေးသိန်း၊ ကျပ်သုံးသိန်း၊ ကလေးဆင် ပြိုင်ပွဲအတွက် ကျပ်လေးသိန်း၊ ကျပ်သုံးသိန်း၊ ကျပ်နှစ်သိန်း စသည်ဖြင့် ဆုအလိုက်အသီးသီးချီးမြှင့်ပေးခဲ့သည်။
ကျောက်ဆည်မြို့ ဆင်လှူပွဲတော်နှင့် ဆွမ်းတော်ကြီးကပ်လှူပွဲကို အနော်ရထာမင်းကြီးလက်ထက် လွန်ခဲ့သောနှစ်ပေါင်း ၉၀၀ ရာ ခန့်ကတည်းက နှစ်စဉ်ရိုးရာမပျက် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ စတင်ပူဇော် လှူဒါန်းစဉ်က ဆန်မှုန့်၊ ကောက်ညှင်းမှုန့်တို့ဖြင့် ပြုလုပ်သော မုန့်လုပ်ဆင်များ၊ အရုပ်ဆင်များ ပြုလုပ်လှူဒါန်းခဲ့ရာမှ ၁၉၂၅ ခုနှစ်ခန့်တွင် ညောင်ခြောက်ပင်ရပ်နေ ဆရာငယ်မှ လူဝင်၍ ကရသော နွဲ့ဆိုးအမည်ရှိ မြေနင်းဆင်ကို တီထွင်ပွဲထုတ်ခဲ့ရာမှ မျက်မှောက်ခေတ် ဆင်လှူပွဲတော်များ သို့တိုင်အောင် လက်ဆင့်ကမ်း ထိန်းသိမ်းကျင်းပလာသည်ဟု ဆိုကြပါသည်။ ပြိုင်ပွဲတွင် နှစ် ၃၀ တိတိ မပျက်မကွက် တက်ရောက်ခဲ့ကြသည့် သက်ကြီးဆင်နွဲ့ဆိုးနှင့် ဇော်ဂျီမောင်တို့ကို ဆုကြေးငွေ ကျပ် နှစ်သိန်းစီ ချီးမြင့်ခဲ့ကြောင်း သိရှိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis