menu

Wednesday 17 October 2012

ပဒိုစောဒေးဗစ်ထော ဈာပန KNU တပ်မဟာ ၇ မှာ ကျင်းပ

 ချင်းမိုင်(မဇ္စျိမ) ။        ။ ကရင် ငြိမ်းချမ်းရေးခေါင်းဆောင် ပဒိုဒေးဗစ်ထော၏ ဈာပနကို လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး KNU ၏ တပ်မဟာ ၇ နယ်မြေ သေဘေထာ့စခန်း၌ ဗုဒ္ဓဟူးနေ့တွင် ခရစ်ယာန်ထုံးတမ်း အစီအစဉ်ဖြင့် ဂူသွင်း သင်္ဂြိုလ်ခဲ့သည်ဟု သိရှိရသည်။

အသက် ၆၅ နှစ်အရွယ်တွင် ကွယ်လွန်သွားသည့် ပဒိုဒေးဗစ်ထော၏ ဈာပန အခမ်းအနားသို့ KNU မှ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုစောရော်ဂျာခင်၊ ပဒိုရွှေမောင်း၊ တပ်မဟာ ၃၊ ၆၊ ရ မှ တပ်မဟာမှူးများ တက်ရောက်ခဲ့ကြသည်။ ထို့ပြင် ပြည်ပ အခြေစိုက် ရှမ်းအမျိုးသမီးအဖွဲ့၊ ကျောင်းသားတပ်မတော် ABSDF၊ နိုင်ငံရေးအကျဉ်းသား ကူညီရေး အသင်း AAPP၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) စသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် လူ ၁,ဝဝဝ နီးပါး တက်ရောက်ခဲ့ခြင်း ဖြစ်သည်။


“ခမ်းခမ်းနားနားပါပဲ။တော်တော်များများတက်တယ်။ ၁၂ နာရီလောက်မှာ စပြီးတော့ ခရစ်ယာန် ဘာသာနဲ့ ဝတ်ပြု ဆုတောင်းတယ်။ ဗဟိုကပေးဖို့တဲ့ သဝဏ်လွှာတွေ ဖတ်တယ်။ ကရင်လူငယ် အစည်းအရုံးတို့၊ မဟာမိတ် သဝဏ်လွှာ
တွေ ဖတ်တယ်” ဟု KIC သတင်းစဉ်မှ တာဝန်ခံ အယ်ဒီတာ နန်းဖောဂေ က ပြောသည်။

ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပဒိုဒေးဗစ်ထော၏ ကရင့်တော်လှန်ရေးတွင် ပါဝင် လှုပ်ရှားခဲ့မှုများကို ဂုဏ်ပြုစကား
ပြောကြားခဲ့ပြီး ပဒိုဒေးဗစ်ထော၏ အတ္ထုပ္ပတ္တိကို ပဒိုစောလှထွန်း က ဖတ်ကြားခဲ့သည်။

အောက်တိုဘာလ ၁၄ ရက်နေ့က မင်္ဂလာဒုံ စစ်ဆေးရုံကြီးတွင် အဆုတ်နှင့် ဆီးချို ရောဂါတို့ဖြင့် ကွယ်လွန်သွားသည့်
စောဒေးဗစ်ထော၏ ရုပ်အလောင်းကို KNU နယ်မြေသို့ ပြန်လည်သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ဈာပနသို့ အစိုးရနှင့် KNU ငြိမ်းချမ်းရေးလုပ်ငန်းတွင် ပါဝင် လုပ်ဆောင်ပေးနေသော ‘ထားဝယ်မင်းသမီး ကုမ္ပဏီ’မှ ကိုယ်စားလှယ်များ၊ ပဒိုဒေးဗစ်ထော မဆုံးမီ သွေးလှူဒါန်းခဲ့သော ‘သွေးမေတ္တာ’ မှ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် အပါအဝင် အဖွဲ့ဝင် ငါးဦးခန့် လာရောက် ဂါရဝပြုခဲ့သည်ဟု သိရသည်။

လွမ်းသူ့ပန်းခွေများ ပေးပို့ကြရာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ကိုယ်စာလှယ် ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးစိုးသိန်း၊ ဝန်ကြီး ဦးခင်ရီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDနှင့် ကရင်ပြည်နယ် နယ်စပ်ရေးရာလုံခြုံရေး ဝန်ကြီးတို့၏ လွမ်းသူ့ပန်းခွေများလည်း ပါဝင်သည်။

၁၉၇၉ ခုနှစ်က KNU တပ်မဟာ ၇ သို့ ရဲဘော်အဖြစ် စတင်ထမ်းဆောင်ခဲ့သည့် စောဒေးဗစ်ထောသည် နောက်ဆုံး ဗဟိုကော်မတီဝင်၊ ဌာနမှူးအဆင့်အထိ ၃၃ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သည်။

အစိုးရနှင့် ဆွေးနွေးရန်အတွက် KNU ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်
နေစဉ် ဘားအံမြို့၌ ဗဟိုဆက်ဆံရေးရုံး သွားရောက်ဖွင့်လှစ်မှုနှင့် စပ်လျဉ်း၍ အခြား ခေါင်းဆောင်နှစ်ဦးနှင့်အတူ တာဝန်မှ ရပ်စဲခြင်း ခံခဲ့ရသည်။ ဤအဖြစ်အပျက်မှာ မကွယ်လွန်မီ စက်တင်ဘာလ ၂၇ ရက်နေ့ ဖြစ်ပျက်ခဲ့ခြင်း
ဖြစ်သည်။

ကွယ်လွန်ချိန်တွင် ဇနီး နော်ဂျင်းဂျာ၊ သမီး လေးဦးနှင့် သား တဦး ကျန်ရစ်သည်။

by Mizzima - News in Burmese on Wednesday, October 17, 2012 at 8:40pm ·
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၂၆ မိနစ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis