menu

Wednesday 17 October 2012

ငါတို့ ဘာကြောင့် ကျောင်းသွားရတာလဲ။(ကင်ဇာဘူရိုအိုအဲ)

ကင်ဇာဘူရို အိုအဲ (Kenzaburo Oe) ကို ၃၁၊ ဇန်န၀ါရီ၊ ၁၉၃၅ ၌ မွေးသည်။ ၁၉၉၄ ၌ စာပေနိုဘဲလ်ဆုကို ရပါသည်။ တိုကျို၌ နေကာ ကမ္ဘာတစ်ခွင်လှည့်၍ ဧည့်ပါမောက္ခ လုပ်ပါသည်။ နိုဘဲလ်ဆုရ ပြီး ပထမဆုံးရေးသော သူ၏ ၀တ္ထုရှည်မှာ Somersault ဖြစ်သည်။

ဒီ မေးခွန်းကို ကျွန်တော့်ဘ၀မှာ ၂ ကြိမ် စဉ်းစားမိတယ်။ အရေးကြီးတဲ့ ပြဿနာတွေကို နှိုက် နှိုက်ချွတ်ချွတ် စဉ်းစားဖို့ အရေးကြီး ပါတယ်။ ပြဿနာဖြေရှင်း မသွားဘူးဆိုသော်မှ အချိန်ယူပြီး စဉ်းစားဖို့လိုပါတယ်။ ကျွန်တော့်အနေနဲ့ ကလေးတွေ ဘာကြောင့် ကျောင်း သွားရတာလဲဆိုတဲ့ မေးခွန်းကို စဉ်းစားမိတဲ့ နှစ်ကြိမ်လုံးမှာ ကံကောင်း ထောက်မတာကြောင့် အဓိပ္ပာယ်ရှိတဲ့ အဖြေတွေထွက်ပါတယ်။ ကျွန်တော့်ဘ၀တာမှာ တွေ့ကြုံ့ခဲ့ရတဲ့ မြောက်မြားစွာသော မေးခွန်းတွေထဲမှာတော့ အကောင်းဆုံး အဖြေနှစ်ခုလို့ ထင်တာပါပဲ။

ကလေးတွေ ကျောင်းသွားဖို့ လိုကိုလိုရဲ့လား၊ အဲသလို သံသယ ကျွန်တော်မှာ ရှိပါတယ်။ အဲသည်ကိစ္စကို ပထမဆုံးအကြိမ် စဉ်းစားမိ တာက ကျွန်တော် ငယ်တုန်းကပါ။
(ကိုရင်တာကတော့ အမေက ကျောင်းသွားဆိုလို့ ကျောင်းသွားလိုက်တာပါပဲ။ ၅ နှစ် ပြည့်ပြီ။ ငတာ ကျောင်းသွားတော့ဆိုပြီး လွယ်အိတ် လေး ပြင်ပေးတယ်။ မူကြိုကျောင်းတွေ ဘာတွေ မရှိသေးတဲ့ ခေတ်ပေါ့၊ ကျောင်းရောက်တော့ ဆရာမဒေါ်ခင်ခင်ကြီးက မောင်မောင်လာ၊ လာ … ဆိုပြီး ကကြီး ခခွေး သင်ပေးတယ်။ ဒါပဲ။)
 ကျွန်တော်က ၁၀ နှစ် သားရှိပြီး။ ဆောင်းဦးပေါက်ပေါ့။ အဲဒီနှစ်တွေတုန်းက ကျွန်တော်တို့ ဂျပန်ဟာ စစ်ရှုံးခဲ့ပါတယ်။
အမေရိကန်၊ အင်္ဂလန်၊ တရုတ်စတဲ့ နိုင်ငံတွေနဲ့ စစ်တိုက်ပြီး ရှုံးတာ။ ပထမဆုံးအကြိမ် ဂျပန်မြို့ ကြီးတွေပေါ်မှာ အနုမြူဗုံး အကြဲခံရတာ ပါပဲ။
စစ်ကြီးရှုံးတာကြောင့် ဂျပန်တွေရဲ့ဘ၀မှာ အပြောင်းအလဲကြီးတွေ ကြုံရပါတယ်။ စစ်မရှုံးမီအထိ ကျွန်တော်တို့ ကလေးတွေ (လူကြီးတွေ လည်း အတူတူပါပဲ) ကို ကျွန်တော်တို့ ဘုရင်မင်းမြတ်  `တင်နို´ ဟာ `ဂေါ့ဒါ´ လို့ သင်ခဲ့ရပါတယ်။ စစ်လည်းပြီးရော `တင်နို´ဟာ လူဖြစ်သွားပါတယ်။
အပြောင်းအလဲတွေဟာ ကောင်းတယ်လို့ ကျွန်တော်ယုံကြည့်ခဲ့ပါတယ်။ ဂေါ့ဒ်က အုပ်ချုပ်တဲ့ လူ့အဖွဲ့အစည်းထက် လူတွေ သာတူညီမျှ ဖြစ်တဲ့ ဒီမိုကရေစီက အဓိပ္ပာယ်ပိုရှိပါတယ်။ ကျွန်တော်တို့လည်းပဲ အတင်းအကျပ် စစ်သား အလုပ်မခံရတော့ပါဘူး။ တခြား နိုင်ငံခြားတွေက လူတွေကိုလည်း သူတို့ဟာ ကျွန်တော်တို့ရဲ့ ရန်သူတွေ ဖြစ်ပါတယ်လို့ ကြေညာလိုက်ရုံနဲ့ သတ်စရာ မလိုတော့ပါဘူး။
စစ်ကြီးပြီးလို့ တစ်လကြာတော့ ကျွန်တော် ကျောင်းမသွားချင်တော့ဘူး။ ခင်ဗျာ စဉ်းစားကြည့်ပါ။ နွေတုန်းကအထိ ဆရာတွေက `တင်နို´ ဟာ ဂေါ့ဒ်လို့ပြောတယ်။ သူ့ဓာတ်ပုံရှေ့မှာ အရိုအသေပြုရတယ်။ အမေရိကန်တွေဟာ လူမဟုတ်ဘူး။ မကောင်းဆိုးဝါးတွေ သရဲ သဘက်တွေလို့ ပြောခဲ့တယ်။ ဆရာတွေက ခု မျက်နှာ တစ်ချက်ကလေးမှ မပျက်ဘဲ `တင်နို´ ဟာ လူတစ်ယောက် အမေရိကန်တွေ ကတော့ သူငယ်ချင်းမိတ်တွေတဲ့။ ဆရာတွေက ဇောက်ထိုးပြောင်းပြန် ပြောနေပါတယ်။
ကျွန်တော်မွေးပြီး ကြီးပျင်းခဲ့ရတဲ့ ရွာကလေးက သစ်ပင် အုပ်အုပ်တွေရှိတဲ့ တောင်ကြားချိုင့်ဝှမ်း အလယ်မှာ၊ တစ်နေ့တော့ ရွာထဲကို အမေရိကန်စစ်သားတွေ ၀င်လာကြတယ်။ ကျောင်းသားတွေက လမ်းဘေးမှာ စီတန်းပြီး ကြယ်တွေ အစင်းတွေပါတဲ့ လက်ဖြစ် အမေရိကန်အလံတွေကို ယမ်းရတယ်။ ဟဲလို လို့လည်း အော်ရတယ်။ ကျွန်တော်ကတော့ တောထဲကို လစ်ထွက်ခဲ့တယ်။ တောင်စောင်းက ချိုင့်ဝှမ်းထဲကို ငုံ့ကြည့်တဲ့အခါ ဂျစ်ကားတွေ မြစ်နံဘေး လမ်းတစ်လျှောက်မှာ မောင်းသွားတာကို အ ရုပ်ကလေးတွေလို မြင်ရတာပေါ့။ ကျွန်တော့်သူငယ်ချင်းတွေရဲ့ မျက်နှာတွေကိုတော့ မမြင်ရဘူး။ ဒါပင်တဲ့ ဟဲလိုလို့ အော်နေတဲ့ သူတို့ အသံတွေကို ကြားရတယ်။ ကျွန်တော့်မျက်ရည်တွေ စီးကျလာပါတယ်။
နောက်တစ်နေ့ မနက်မှာ ကျောင်းကိုတော့ လာခဲ့တာပါပဲ။ ဒါပေတဲ့ ကျောင်းရောက်ရောက်ချင်း နောက်ဘေးပေါက်ကနေ တောထဲကိုပဲ ပြေးခဲ့ပြီး ညနေထိ နေခဲ့ပါတယ်။ ကျွန်တော်မှာ သစ်ပင်တွေအကြောင်း ရုပ်ပုံတွေနဲ့ စာအုပ်ကြီး တစ်အုပ် ပါလာတယ်။ တောထဲက သစ်ပင်တွေရဲ့ အမည်တွေနဲ့ အင်္ဂါ လက္ခဏတွေကို စာအုပ်ထဲမှာရှာပြီး ကျက်တာပါပဲ။ ကျွန်တော်အဖေက တောအုပ်ပါ။ တောထဲက သစ် ပင်တွေအကြောင်း သိတာဟာ ကျွန်တော့်ဘ၀အတွက် အသုံး ကျနိုင်တယ်လို့ ထင်ပါတယ်။ တောထဲမှာက သစ်ပင်အမယ်တွေ အများကြီးပဲ။ သစ်ပင်တစ်ပင်ချင်းရဲ့ နာမည်တွေမှတ်မိတာ သိတာကို ကျွန် တော်သိပ်ပျော်တာပဲ။ အဲဒီတုန်းက ကျက်ထားတဲ့ လက်တင် နာမည်တွေကို ခုထိတောင် မှတ်မိတယ်။
ကျောင်းကိုတော့ ဆက်မတက်ချင်တော့ပါ။ လူကြီးတစ်ယောက်ဖြစ်လာဖို့ သစ်ပင်တွေရဲ့ အမည်တွေ သစ်ပင်တွေရဲ့ အကြောင်းတွေ သိရင်ဖြစ်ပြီမဟုတ်လား။ တောထဲမှာ စာအုပ်တစ်အုပ်နဲ့ တစ်ယောက်တည်းလည်း ရပါတယ်။ ကျွန်တော် ကျောင်းပြန်တက်ပြီဆိုလည်း ကျောင်းမှာ၊ သစ်ပင်တွေအကြောင်း ကျွန်တော့်လို စိတ်ဝင်စားတဲ့ ဆရာလည်း တွေ့ရမယ်မဟုတ်ပါ။ သစ်ပင်တွေအကြောင်း စကားလက်ဆုံကျမယ့် အတန်းဖော် သူငယ်ချင်းလည်း တွေ့ရမယ်မဟုတ်ဘူးလို့ ကျွန်တော် သိနေပါတယ်။ လူကြီးတစ်ယောက်ရဲ့ဘ၀မှာ အလုပ်မဖြစ်တဲ့ အကြောင်းအရာတွေ သင်ကြားဖို့ ကျောင်းကို ကျွန်တော် ဘာဖြစ်လို့ သွားရမှာလဲ။
ဆောင်းဦးပေါက် တစ်ရက်ပေါ့။ မိုးတွေရွာနေဆဲ ကျွန်တော် တောထဲကို သွားခဲ့ပါတယ်။ မိုးက သည်းလာတယ်။ ပိုပြီး သည်းလာလိုက်တာ စမ်းချောင်းတွေ ရေလျှံကုန်တယ်။ လမ်းတွေလည်း ဗွက် ပေါက်ကုန်တယ်။ ညနေရောက်ပြီ။ ရွာဆီချိုင့်ဝှမ်းဆီ ကျွန်တော် လမ်း လျှောက်သွားလို့ မရတော့ဘူး။  ကျွန်တော် ဖျားလည်း ဖျားနေတယ်။ နောက်တော့ မဂ္ဂနိုလီးယားအပင်ကြီး တစ်ပင်အောက်မှာ သတိ မေ့လဲသွားတာပါပဲ။ ၂ ရက်ကြာမှ ရွာက မီးသတ်သမားတစ်ယောက်က တွေ့တာနဲ့ ကျွန်တော့်ကို ကယ် ခဲ့ရသတဲ့။
ကျွန်တော်ကတော့ အိမ်ရောက်တဲ့အထိ ဖျားတုန်း။ အပူချိန်က မလျှော့ဘူး။ မြို့က ပင့်လာတဲ့ ဆရာဝန်က စမ်းကြည့်ပြီး ဆေး မနိုင်တော့ဘူး၊ ကုလို့မရတော့ဘူးလို့ ပြောတယ်။ (ဆရာဝန် ပြောတာကို အိပ်မက်ထဲမှာလိုလို ကျွန်တော် ကြားနေရတယ်။) အမေ ကတော့ လက်မလျှော့ဘူး။ ကျွန်တော့်ကို ပြုစုတယ်။ တစ်ည ကျွန်တော်နိုးလာတော့ (လေပူတွေ ရစ်သိုင်းနေတဲ့ အိပ်မက်ကမ္ဘာထဲက ထွက်လာသလိုပဲ) ဖျားပြီး အားနည်းနေပေမယ့် ခေါင်းကတော့ ကြည်သွားပြီ။
ကျွန်တော်က ကျွန်တော်တို့ရိုးရာ ဖူတွန်လို့ခေါ်တဲ့ အိပ်ရာပေါ်မှာ လှဲနေတယ်။ အမေက ည ပေါင်းများစွာ မအိပ်ရတဲ့ပုံနဲ့ ခေါင်းရင်းမှာ ကျွန်တော့်ကို ငုံ့ကြည့်နေတယ်။
          ဖြည်းဖြည်းလေး တိုးတိုးလေး၊ လေသံနဲ့ အမေ့ကို ကျွန်တော်မေးတယ်။
          `အမေ ကျွန်တော် သေမှာလား´
          `သား သေမယ်လို့ အမေမယုံပါဘူး။ အမေ ဘုရားဆုတောင်းထားတယ်´
          `ဆရာဝန်က ဒီကလေး သေချင်သေမှာလို့ ပြောတာကို ကျွန်တော် ကြားတယ်။ သားသေရ တော့မယ်လို့ ထင်တယ်´
          ခဏတော့ တိတ်သွားပြီးမှ အမေက ပြောတယ်။
          `ဒါပေတဲ့ သား ခုသေသွားရင် အမေပြန်မွေးတဲ့သားဟာ ခု ကျွန်တော်နဲ့တူမှာ မဟုတ်ဘူး။´
          `တူမှာပေါ့။ အတူတူပဲ ဖြစ်မှာပေါ့။ အမေက သားအသစ်မွေးပြီးပြီးချင်း အဲသည်သားအသစ် ကို ယခုချိန်ထိ သားတွေ့ပြီးသမျှ ကြားပြီးသမျှ မြင်ပြီးသမျှတွေကို ပြောပြမှာပေါ့။ သားဖတ်ခဲ့တာတွေ သားလုပ်ခဲ့တာတွေကို အားလုံးပြောပြမှာပေါ့။ `သားအသစ်´ ကလည်း ယခု သားပြောတဲ့ စကားပဲ ပြောမှာပဲ။ ကလေးနှစ်ယောက်လုံး တစ်ထေရာတည်း တူမှာပေါ့´ လို့ အမေက ပြန်ပြောတယ်။
အမေပြောတာတွေကို တကယ်တော့ နားလည်သလိုလို နားမလည်သလိုလိုပဲ။ ဒါပေတဲ့ ကျွန် တော်စိတ်ချမ်းသာသွားပြီး အိပ်ပျော်သွား တယ်။ နောက်နေ့ရောက်တော့ တဖြည်းဖြည်း သက်သာလာတာပါပဲ။ ဆောင်းပေါက်တော့ ထက်ထက်သန်သန်နဲ့ ကျောင်းတက်ပါတယ်။
စာသင်ခန်းထဲ စာသင်နေတုန်း၊ ကျောင်းခန်းထဲကစားနေတုန်း မကြခဏ ကျွန်တော် အတွေးထဲ နစ်မျောသွားတတ်တယ်။ ကျွန်တော်ဟာ ဖျားပြီး မကျန်းမာတဲ့ ကလေး သေသွားလို့ အမေက အသစ်မွေးတဲ့ ကလေးများ ဖြစ်နေရော့လား၊ သေသွားတဲ့ကလေး မြင်ခဲ့ ကြားခဲ့ လုပ်ခဲ့တာတွေကို ပြန် သင်ထားတဲ့ ကလေး၊ ကျွန်တော် ဖြစ်ချင်ဖြစ်နေမှာနော်၊ သေတဲ့ကလေးလုပ်သမျှကို မှတ်ဉာဏ်ထဲမှာ မှတ်မိနေတဲ့ ကလေးများလားနော်။
ဒီစာသင်ခန်းထဲက ကလေးတွေကော၊ သူတို့လည်းပဲ သေသွားတဲ့ ကလေးတွေကို အစားထိုး ထားတဲ့ ကလေးတွေများပဲလား။ အရင်တုန်းက ကလေးတွေ ကြားခဲ့နာခဲ့ မြင်ခဲ့ လုပ်ခဲ့တာတွေကို သင်ထားတဲ့ ကလေးတွေ ဖြစ်ချင် ဖြစ်နေမှာပေါ့။ ဒါကြောင့် ကလေးမှန်သမျှက ဘာသာစကား တစ်မျိုးတည်း ပြောကြတာပေါ့။ ဘာသာစကားတစ်မျိုးတည်းနဲ့ ကိုယ့်ဟာဖြစ်အောင်လုပ်ဖို့ ကျွန်တော်တို့ အားလုံး ကျောင်းသွားကြရတယ်လို့ ထင်တယ်။ သေသွားတဲ့ ကလေးတွေရဲ့ အတွေ့အကြုံတွေနဲ့ သူတို့ရဲ့ စကားကို ဆက်ခံဖို့ ဂျပန်စာတင်မက သိပ္ပံရယ်၊ သင်္ချာရယ်၊ အားကစားပါမကျန် ကျွန်တော်တို့ သင်ရတာ။ တောထဲကိုပဲ တစ်ယောက်တည်းသွားပြီး သစ်ပင်တွေကို စာအုပ်ထဲက ပုံတွေနဲ့ပဲ တိုက်ကြည့်နေ တယ်ဆိုပါစို့။ ကျွန်တော့်အနေနဲ့သေသွားတဲ့ ကလေးနေရာကို အစားထိုးပြီး အရင်ကလေးနဲ့ တစ်ထေ ရာတည်းတူတဲ့ကလေး ဖြစ်လာမှာမဟုတ်။ အင်း ဒါကြောင့် ကျွန်တော်တို့အားလုံး ကျောင်းကိုသွား၊ အတူ စာသင်၊ အတူကစားရတာကိုး။
ခု ကျွန်တော် (ကင်ဇာဘူရို) ပြောတဲ့ ပုံပြင်ဟာ ခင်ဗျားအဖို့ နည်းနည်းဆန်းများ  ဆန်းနေ မလား။ အဲသည် ဆောင်းဦးပေါက် ကောင်းကောင်း ကျန်းမာလာလို့ ရွှင်ရွှင်ပျပျ စိတ္တသုခနဲ့ (ငြိမ်သက် တည်ကြည်မှုလည်းပါတဲ့ ရွှင်ပျမှုနဲ့) ကျောင်းပြန်တက်တဲ့အခါ ကျွန်တော်ခံစားရတဲ့ နားလည်မှုကို သည်ထက်ပိုပြီး ခုထိတောင် ကျွန်တော် နားမလည်နိုင်တော့ပါ။ သည်အကြောင်းကိုလည်း ဟိုအရင်က တော့ ကျွန်တော် မရေးဖူးပါ။ ယခု ကလေးဖြစ်နေတဲ့ ခင်ဗျားတို့၊ ကလေးအသစ် ခင်ဗျားတို့တော့ နားလည်ကောင်း နားလည်မှာပါ။
* *  *
ကလေးတွေ ကျောင်းသွားရတဲ့အကြောင်း ဒုတိယအကြိမ် စဉ်းစားမိတာကတော့ ကျွန်တော် လူကြီးဖြစ်မှ။ ကျွန်တော့်သားကြီးအမည်က ဟီကာရီတဲ့။ ဟီကာရီကို မွေးတော့ ဦးခေါင်းမှာ ဘုကြီး တစ်လုံး ပါလာတယ်။ ခေါင်းနှစ်လုံး ပါသလိုဖြစ်တာပေါ့။ အကြီး တစ်လုံးနဲ့ အသေး တစ်လုံးပေါ့။ ဆရာ ၀န်တွေက အသေကိုခွဲစိတ်ဖြတ်တောက်ပစ်တယ်။ ဦးနှောက်ကို မထိခိုက်အောင် ခွဲပြီး ပြန်ချုပ်တာပေါ့။ ဟီကာရီက ကြီးတော့ ကြီးလာပါတယ်။ ဒါပေတဲ့ ၄-၅ နှစ်သားထိ စကားမပြောနိုင်ဘူး။ သူက ဆူ ညံတဲ့ အသံတွေကိုလည်း မခံနိုင်ဘူး။ ဟီကာရီ ပထမဆုံး မှတ်မိတဲ့ အသံက လူသံ မဟုတ်ဘဲ ငှက်သံ၊ ငှက်တစ်ကောင်ရဲ့ အသံကိုကြားရင် ငှက်ရဲ့ အမည်ကို ပြောနိုင်တယ်။ ငှက်သံတွေ အသံသွင်းထားတဲ့ တိတ်ခွေကတစ်ဆင့် မှတ်မိတာပေါ့။ ဒီနည်းနဲ့ပဲ သူ စကားပြောပါတယ်။
၇ နှစ်သားကျမှ ဟီကာရီ ကျောင်းစနေတယ်။ အများတကာထက် ၁ နှစ် နောက်ကျပါတယ်။ နေတော့လည်း အထူးစာသင်ခန်းမှာ တက်ရတယ်။ အထူးခန်းက ကလေးတွေက သာမန်ကလေးတွေ လို မဟုတ်ဘူး။ ပုံမှန် မဟုတ်တဲ့ ကလေးတွေဆိုတော့ တချို့က တစ်ချိန်လုံး အော်နေတာ၊ တချို့က တော့ တစ်ချိန်လုံးလျှောက်ပြေးနေတာ ဟိုတိုက်သည်တိုက်နဲ့ အငြိမ်မနေနိုင်တဲ့ ကလေးတွေ။ တစ် ရက်မှာ ပြတင်းပေါက်က ကျွန်တော် ချောင်းကြည့်တဲ့အခါ ဟီကာရီကလေးဟာ နားနှစ်ဖက်ကို လက်နဲ့ အုပ်ပြီး တစ်ကိုယ်လုံးလည်း တုန်တုန်ရီရီ ဖြစ်နေတာကို တွေ့ရတယ်။
ကျွန်တော်လည်း ဒီမေးခွန်းကိုပဲ မေးမိပြန်တော့တာပေါ့။ ဟီကာရီကလေး ဘာကြောင့် ကျောင်းသွားရမှာတုန်း။ ဟီကာရီအနေနဲ့ ငှက်တွေရဲ့ သီချင်းသံကိုလည်း နားလည်တယ်။ သူတို့နား မည်ကိုလည်း မိဘဆီက သင်နိုင်တယ်။ ကျွန်တော်တို့ ရွာပြန်၊ တောအုပ် နံဘေးက မြက်ခင်းပေါ် ဆောက်ထားတဲ့ အိမ်တစ်လုံးမှာ သွားနေတာက ပိုကောင်းမယ်ထင်ပါရဲ့။ ကျွန်တော်လည်း သစ်ပင် တွေရဲ့ အမည်နာမတွေ အမျိုးအစားတွေ ခွဲခြားနိုင်မယ်၊ ဟီကာရီကတော့ ငှက်သီးချင်း နားဆင်ပြီး ငှက်အမည်တွေ ရွတ်မယ်။ ကျွန်တော့်ဇနီးက ကျွန်တော်တို့နှစ်ယောက်ရဲ့ ပုံတွေဆွဲမယ်။ ထမင်းချက် မယ်။ ဘာကြောင့် အဲသလို မလုပ်ရမှာလဲ။
ဒါပေတဲ့ ဟီကာရီကပဲ ပြဿနာကို ဖြေရှင်းပေးခဲ့ပါတယ်။ ဟီကာရီမှာ သူငယ်ချင်းတစ်ယောက် ရသွားခဲ့ပါတယ်။ သူ့သူငယ်ချင်းကလည်း အသံဆူညံရင် မခံနိုင်ဘူး။ ဒါနဲ့ သူတို့ သူငယ်ချင်းနှစ်ယောက် စာသင်ခန်းရဲ့ ထောင့်တစ်နေရာမှာ အတူတူထိုင်ပြီး တစ်ယောက်လက် တစ်ယောက်ကိုင်ထားကြတာ ပေါ့။ ဟီကာရီရဲ့ သူငယ်ချင်းက သူ့ထက် အားနည်းတာကြောင့် ဟီကာရီက သူငယ်ချင်းကို အိမ်သာကို လိုက်ပို့ရတယ်။ အဲသလို အသုံးကျတဲ့ သူဖြစ်ရတာကို ဟီကာရီက ပျော်လို့မဆုံးဘူး။ အိမ်မှာတော့ အ စစအရာရာ သူများအပေါ် မှီခိုရတာ မဟုတ်လား။ တခြား ကလေးတွေနဲ့ မလှမ်းမကမ်း တစ်နေရာမှာ နှစ်ယောက်အတူထိုင်ပြီး ရေဒီယိုကလာတဲ့ ဂီတကို နားထောင်နေကြတဲ့ သူတို့နှစ်ယောက်ကို တွေ့နေရတော့တာပေါ့။
တစ်နှစ်ကြာတဲ့အခါ ဟီကာရီသိတဲ့ ဘာသာစကားဟာ ငှက်ကလေးတွေရဲ့ သီချင်းသံ မဟုတ်တော့ဘူး။ လူတွေ ဖန်တီးတဲ့ ဂီတာပေါ့။ ဟီကာရီဟာ ရေဒီယို ပရိုဂရမ်က သီချင်းစာရင်းစာရွက်တွေ အိမ်ယူလာပြီး အဲသည် ရီကော့ဒ်တွေ လိုက်ရှာတော့တာပေါ့။ ဘတ်(ခ)၊ မိုးဇတ်စတဲ့ နာမည်တွေ ပြောပြနေတာကိုလည်း ဆရာဆရာမတွေ ကြားလာကြရတော့တာပေါ့။ ဒီကလေးတွေက ခါတိုင်းဆို အသံမှ မထွက်တာကိုး။
ဟီကာရီဟာ အထူးစပယ်ရှယ် သင်တန်းတက်ပြီး စပယ်ရှယ်ပညာရေးကို သူငယ်ချင်းနဲ့အတူ သင်ရပါတယ်။ ဂျပန်ကျောင်းတွေမှာ အာရုံကြော ချို့တဲ့သူတွေ အတွက် အဲသလို ပညာရေးဟာ ၁၂ တန်းမှာ ဆုံးပါတယ်။ ၁၂ တန်းပြီး ဘွဲ့ယူတဲ့နေ့ အခမ်းအနားမှာ ဆရာတွေက ဟီကာရီတို့ကို မနက်ဖြန် ကစပြီး ကျောင်းမတတ်ရတော့ဘူးလို့ ပြောတာပေါ့။ မနက်ဖြန် ကျောင်းမတက်ရတော့ဘူး ဆိုတာကိုသိ တဲ့ ဟီကာရီက အင်း.. ဒါကတော့ အဆန်းပဲလို့ သူငယ်ချင်းကို ပြောတယ်။ သူငယ်ချင်းကလည်း အေး.. ဒါကတော့ အဆန်းပဲလို့ လှိုက်လှိုက်လှဲလှဲ ပြန်ဖြေတယ်။ နှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာ အပြုံးနဲ့ပဲ တအံ့တသြဖြစ်နေပုံပဲ၊ ဒါပေတဲ့ တည်ငြိမ်မှုနဲ့။
သူတို့ကိုကြည့်ပြီး ကျွန်တော်လည်း ဟီကာရီအတွက် ကဗျာတစ်ပုဒ် ရေးမိတယ်။ သူ့အမေဆီက ဂီတကို ပထမ စသင်၊ ခု သူ့ဟာသူ သီချင်းစပ်နေတဲ့ ကျွန်တော်သား ဟီကာရီက အဲသည်ကဗျာကို သီချင်းတစ်ပုဒ်သီဖွဲ့လိုက်ပြီး သူ့သူငယ်ချင်းကို လက်ဆောင်ပေးတယ်။ သီချင်းအမည်က ဘွဲ့နှင်းသ ဘင်တဲ့။ ဘွဲ့နှင်းသဘင်ကို ဂျပန်မှာ လူတော်တော်များများ ကြိုက်ကြတယ်။
ဟီကာရီအတွက် ဂီတဟာ သူ့ရဲ့အထဲက၊ သူ့ရဲ့ကြွယ်ဝသမျှ သူ့ရဲ့နက်ရှိုင်းသမျှထဲက ရှာဖွေရ ရှိတဲ့ ဘာသာစကားပါ။ သူ့နဲ့ သူတစ်ပါး ဆက်သွယ်တဲ့အရာ လူ့လောက အလယ်မှာ သူ့ကိုယ်သူ ဆောက်တည်တဲ့ဟာပါ။ မိသားစုထဲမှာ မျိုးစေ့ချခဲ့ပေမယ့် ကျောင်း၌သာ ပွင့်လန်းခဲ့တဲ့ အရာပါ။ ဂျပန် စာသာမက သိပ္ပံနဲ့သင်္ချာ၊ အားကစားနဲ့ ဂီတ စတာတွေဟာ လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အမှန် တကယ်နားလည်ဖို့အတွက် လိုအပ်တဲ့ စကားတွေပါပဲဗျာ။ အဲသည် ဘာသာရပ်တွေအားလုံးဟာ လူအများနဲ့ အဆက်အသွယ်ပြုဖို့လည်း လိုအပ်တဲ့ အရာတွေပါ။ နိုင်ငံခြား ဘာသာစကားတွေဟာလည်း ထို့အတူပါ။
အဲဒါမျိုးတွေ သင်ကြားဖို့ ကလေးတွေ ကျောင်းသွားကြရတာလို့ ကျွန်တော်ဖြင့် ယုံကြည်တာပါပဲ။
* * *  
ကင်ဇာဘူရို
(ကိုတာ ဘာသာပြန်သည့် ငါတို့ဘာကြောင့် ကျောင်းသွားရတာလဲ စာအုပ်မှ ထုတ်နှုတ်ဖေါ်ပြပါသည်။)
maukkha

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis