menu

Wednesday 17 October 2012

ပို့စ်မော်ဒန်၏ နိဂုံး( ဇော်ဇော်အောင်)



thn-10-17-6

(၁)
ပို့စ်မော်ဒန် (---ism နဲ့ ity နှစ်ခုစလုံး) ဒီနေ့နိဂုံးချုပ်သွားပြီ။ မရှိတော့ဘူး။ နားပေတော့။ ရေမွန်ဖက်ဒါမင် Raymond Federman ဆိုတဲ့ ပုဂ္ဂိုလ်က ပို့စ်မော်ဒန်ဟာ ၁၉၉၁ ခုနှစ်လောက်အတွင်းက သေဆုံးကွယ်လွန်သွားခဲ့ပြီလို့ ကြေညာခဲ့တယ်။(---cheekily announced the death of postmodernism) ကြေညာတာကလည်း cheekily မခန့်လေးစား ပျက်တီးပျက်ချော် ကြေညာသွားတာဖြစ်တယ်။ ဒါပေမဲ့ ကြေညာတဲ့နေရာကတော့ ဂျာမနီနိုင်ငံ စတုဂတ် Stuttgart မြို့မှာကျင်းပတဲ့ နိုင်ငံတကာပညာရှင်များရဲ့ ဆွေးနွေးပွဲ/ညီလာခံမှာ ကြေညာခဲ့တာပါပဲ။ Cultural Studies ယဉ်ကျေးမှု ပညာရပ်များဆွေးနွေးကြတဲ့ နိုင်ငံတကာက ထိပ်ဆိုတဲ့ပညာရှင်တွေ စုဝေးဆွေးနွေးကြတဲ့ပွဲမှာပါ။ကြေညာသွားတဲ့ ပုဂ္ဂိုလ်ကလည်း ချောင်ဂလောင်ထဲက တော်ရိလျော်ရိလူမဟုတ်ပါဘူး။ အလွန်ကျော်ကြားတဲ့ ပို့စ်မော်ဒန် ၀တ္ထုရေးဆရာဖြစ်တယ်။ ပြင်သစ်မှာ မွေးဖွားခဲ့တယ်။ ၁၉၂၃ ခုနှစ်ဆိုတော့ အခုရှိရင် အသက် ၈၄ နှစ် အဘိုးကြီးပေါ့။ အမေရိကမှာအခြေစိုက်တယ်။ သူ့ဝတ္ထုတွေဟာ concrete prose တွေ အဖြစ်ကျော်ကြားတယ်။ (ပုံဖော်စကားပြေလို့ ကျွန်တော်ပြန်ဆိုပါတယ်။ မကြိုက်ရင်လည်းပြင်ကြပါ) ပြောလိုရင်းကတော့ ဒီပုဂ္ဂိုလ်ဟာ ထိပ်တန်းစာရင်းဝင် အသိအမှတ်ပြုကြတဲ့ ပို့စ်မော်ဒန်ဆရာကြီးဖြစ် တယ်ဆိုတာပါပဲ။ သူကတော့ ပို့စ် မော်ဒန်နိဂုံးချုပ်သွားပြီလို့ ပြောခဲ့တယ်။ ကျွန်တော်တို့ကတော့ အခုမှ စပြောရတုန်း။
(၂)
ကျွန်တော့်အဖြစ်ကတော့ ရယ်စရာလည်းကောင်း၊ တရားကျစရာလည်းကောင်းတယ်။ ကျွန်တော်ဟာ ၁၉၉၅ ခုနှစ် ဇန်န၀ါရီလ သရဖူ မဂ္ဂဇင်းမှာ မော်ဒန်အကြောင်း ဆောင်းပါးတွေစရေးတယ်။ ၁၉၉၆ ခုနှစ် သြဂုတ်လ သရဖူမဂ္ဂဇင်းမှာပဲ ပို့စ် မော်ဒန်အကြောင်း ဆောင်းပါးတွေ ရေးခဲ့တယ်။ အဲဒီတုန်းက သရဖူ မဂ္ဂဇင်းကို ရှုမ၀အယ်ဒီတာဟောင်း မောင်မြင့်မြတ်(ခ) စန်းမြင့်ကြီး၊ စာရေးဆရာငြိမ်းအေးအိမ်နဲ့ သိမ်းတင်သား (ခ) ဆရာကြွက်နီတို့သုံးယောက်ဦးစီးခဲ့တာပါ။ အဲသလို မော် ဒန်နဲ့ ပို့စ်မော်ဒန်တွေစလည်းတင်သွင်းရော တကတည်း ကျွန်တော့်ကိုဝိုင်းသမလိုက်ကြတာ။ ကွယ်လွန်သူ မန္တလေးက သတင်းစာဆရာတစ်ဦးကဆိုရင် ပယ်ပယ်နယ်နယ်ကိုင်လိုက်တာ။ 'လက်ဖက်ရည်ပန်းကန်ထဲကမုန်တိုင်း' တဲ့။storm in the saucer ကို ပြန်လိုက်တာထင်ပါရဲ့။ ပုဂ္ဂိုလ်ရေးထိုးနှက်တာတွေလည်း ပါတယ်။ နောက်လက်ဝဲဆရာတစ်ယောက်ကလည်း ရေရေလည်လည်ကိုင်လိုက်တာ။ ကျွန်တော့်ဆရာကြီးသခင်စိုး ၀ါးရုံပင်အောက်မှာ ၀ါးမြစ်စားပြီး ၀က်ဝံကြီးလိုသေမယ်ဆို တာလည်းပါတယ်။ (မှတ်ချက်-အခုတော့ဖြင့် အဲဒီလက်ဝဲဆရာနဲ့ ကျွန်တော်နဲ့ --ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် လက်ရေတစ်ပြင်တည်း ရှေးကထက်ပိုချစ်ကြတယ် --ဆိုတဲ့စာသားလိုပဲ ဘ၀အရလက်ချင်းတွဲ ကျောချင်းကပ်ချစ်ကြည်နေ ပါပြီ။) ပြောချင်တာက အဲဒီတုန်းက ၀ိုင်းတွယ်လိုက်ကြတာ ဗြောင်းဆန်သွားတာပါပဲ။ကျွန်တော်တစ်ယောက်တည်း ကြံ့ကြံ့ခံခဲ့ရတယ်။ဘယ်စာရေးဆရာမှ ကျွန်တော့်ဘက်က၀င်မရေးကြဘူး။ လူငယ်ကလေးတွေပဲ ကျွန် တော့်ဘက်က ၀င်ရေးကြတယ်။သူတို့ကျေးဇူး ကျွန်တော့်တစ်သက်မမေ့ပါ။ (သူတို့တွေက မင်းခိုက်စိုးစန်၊ ရှင်ဒေ၀ီ၊ ကိုယ်ထိုက်၊ ကိုရူပ ---)
(၃)
ကျွန်တော် အဲဒီတုန်းက 'ပို့စ်မော်ဒန်'ကို တင်သွင်းရတာအကြောင်းရှိပါတယ်။ ဒါသမိုင်းပါပဲ။ ဘာလဲ ဆိုတော့ အဲဒီတုန်းက ကျွန်တော်တို့နိုင်ငံမှာ စစ်အာဏာရှင်စနစ် အထွတ်အထိပ်ရောက်နေတဲ့အချိန်ဖြစ်တယ်။ (မှတ်ချက်-ကျွန်တော်ပို့စ် မော်ဒန်စရေးတာ ၁၉၉၆ ခုနှစ် သြဂုတ်လဆိုတော့ 'ရှစ်ဆယ့်ရှစ်' အရေးတော်ပုံကြီးပြီးတဲ့နောက် ရှစ်နှစ်အကြာမှာ ဖြစ်ပါတယ်) အဲဒီလို အာဏာရှင်စနစ်အထွတ်အထိပ် ရောက်နေတာကို အတွေးအခေါ်အရ ဆန့်ကျင်ပယ်ဖျက်ဖို့ ပို့စ်မော်ဒန်ကို တင်သွင်းခဲ့ရတာဖြစ်တယ်။ ဘယ်လိုလဲဆိုတော့ ပို့စ်မော်ဒန် အတွေးအခေါ်မှာ အရေးအကြီးဆုံးက ဗဟိုချက် center ကို လက်မခံတာပဲ။ ဗဟိုချက်ဆိုရာမှာ ဗဟိုချုပ်ကိုင်မှုအမျိုးမျိုးကို ဆိုလိုတာပဲ။ အာဏာရှင်စနစ်ကို ဆိုလိုတာပဲ။ အဲဒီအချက်ကို အဲဒီတုန်းက ကျွန်တော့်ကိုဆန့်ကျင်တဲ့ စာရေးဆရာတွေ၊ သတင်းစာဆရာတွေ မသိကြဘူး။ သူတို့အတွေးအခေါ်က အဲသလောက်မရောက်ဘူး။ ကျွန်တော်ကလည်း ပို့စ်မော်ဒန်ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တာလို့ ထုတ်ဖော်ရေးလို့မရဘူး။ ဒီလိုနဲ့ပဲ အရောင်းအ၀ယ်စကားနဲ့ပြောရရင် ပို့စ်မော်ဒန်ဟာ 'အ၀ယ်လိုက်' လာတယ်။ ဈေးဦးပေါက်တုန်းက ကျွန်တော်ဖြင့် လှိမ့်နေအောင်ခံခဲ့ရပါတယ်။ အခုတော့ဖြင့် ပို့စ်မော်ဒန်ဟာ အခြေကျနေပါပြီ။ (အခြေကျနေပြီလို့ ကျွန်တော်ထင်တာပါ။) အထက်တစ်နေရာမှာ ကျွန်တော့်အဖြစ်က ရယ်စရာလည်းကောင်းတယ်။ တရားကျစရာလည်းကောင်းတယ်လို့ ရေးခဲ့ပါတယ်။ ရယ်စရာကောင်းတာက အနောက်မှာ ပို့စ်မော်ဒန်မရှိတော့ဘူးလို့ ပြောခဲ့တဲ့ ၁၉၉၁ ခုနှစ်ရဲ့နောက်ငါးနှစ်ကြာမှ ကျွန်တော် ပို့စ်မော်ဒန်ကို တင်သွင်းရတာပါ။
တရားကျစရာဆိုတာက ခေတ်ဆိုးစနစ်ဆိုးနဲ့ ကြုံခဲ့ရလို့ (၁၉၆၂ ခုနှစ်က စပြီးကြုံခဲ့ရလို့) ကျွန်တော်တို့နိုင်ငံဟာ စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော လုံးဝဥဿုံ နောက်ကျခဲ့ရတာပါ။ ဒါကိုသတိပြုကြဖို့ လိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော့်ဆရာရဲ့ စကားတစ်ခွန်း ရင်ထဲမှာစွဲနေပါတယ်။
ရာဇ၀င်အမှားကို အထူးရှောင်ကြဉ်သင့်တော့သည်။ ရာဇ၀င်ကြွေးကား တစ်ခါတင်လျှင် အဆပ်ရခက်လှဘိတော့သည်တကား။
ခေတ်စမ်းက၀ိကြီး မင်းသုဝဏ်
(၁၉၅၃ ခုနှစ်)
(သတ်ပုံမူရင်းအတိုင်း)
(၄)
ဘာပဲဖြစ်ဖြစ် ဘယ်ပညာရပ်မဆို သိအောင်တော့ အရင်လုပ်ကြရပါလိမ့်မယ်။ တစ်ခုတော့ရှိတယ်။ ဘယ်ပညာမဆို ထဲထဲဝင်ဝင်သိအောင် လုပ်ထားဖို့တော့ လိုလိမ့်မယ်ထင်ပါ တယ်။  book review စာအုပ်ဝေဖန်ချက်လို ဆောင်းပါးကလေးတစ်စောင်၊ နှစ်စောင်လောက် ကောက်ဘာသာပြန်လိုက်တာမျိုးတော့ စဉ်းစားသင့်တယ်။ ဘာသာပြန်လိုက်ဖို့က အဘိဓာန်ကောင်းကောင်းတစ်အုပ်လောက် ရှိရင်အဆင်ပြေနိုင်ရဲ့။ ဒါပေမဲ့ ကိုယ့်ရင်ထဲရောက်ဖို့က အရေးအကြီးဆုံး ထင်ပါတယ်။ ကိုယ်ကိုယ်တိုင် တ ကယ်ဘ၀င်ကျမှ သူများပြန်ပြောပြတာ အဆင်ပြေပါလိမ့်မယ်။ ကမ္ဘာ့ ပို့စ်မော်ဒန်ဟာ အေကနေဇက်အထိ (A-Z) ကျွန်တော်တို့နဲ့ ကိုက်ဖို့မလွယ်ပါ။ ကျွန်တော်တို့ 'သမိုင်း' ကျွန်တော်တို့ရဲ့ 'ဖြစ်ရပ်မှန်' (ဖူးကိုး Foucault ပြောတဲ့ History နဲ့ Reality တို့နဲ့ ချိန်ကြည့်ဖို့ပါ။) အဲဒါတွေနဲ့ ကိုက်ညီဖို့၊ အဆင်ပြေဖို့လိုပါတယ်။ ဆရာတို့သတိပြုမိကြမှာပါ။ (ကျွန်တော့်အနေနဲ့ပြောရရင် ပို့စ်မော်ဒန်မှာ ကျွန်တော်ဘ၀င်မကျတာတွေရှိပါတယ်) ဒီတစ်ပတ်တော့ ပြဇာတ်ရေးဆရာကြီး နိုင်ငံတကာ သုခမိန်ကြီး ကွယ်လွန်သူချက်သမ္မတကြီး ဗားကလပ်ဟာဗယ်လ် Vaclav Havel ရဲ့ စကားတစ်ခွန်းနဲ့ပဲ အဆုံးသတ်ခဲ့ပါ့မယ်။
တစ်ခုခုဟာ ထွက်ခွာသွားနေပြီ။ တစ်ခုခုဟာ နာကျင်စွာမွေးဖွားလာနေတယ်။ တစ်ခုခုဟာ ပြိုကျပျက်စီးနေပြီ။ မောဟိုက်ပင်ပန်းနေပြီ။ အဲဒီအချိန်မှာ တစ်ခုခုဟာ ခုချိန်ထိ မသဲမကွဲအပျက်အစီးတွေထဲက ထွက်ပေါ်လာနေတယ်။
(ဟာဗယ်လ်)
ဆက်စရာတွေအများကြီး ကျန်ပါသေးတယ်။
Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis