၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်း။ မည်သူမျှ
မျှော်လင့်မထားခဲ့သေးသော သတင်း တစ်ရပ်သည် ထိုနံနက်ပိုင်းက မင်္ဂလာရှိစွာပင်
ထွက်ပေါ်လာခဲ့သည်။ မြစ်ဆုံစီမံကိန်းကို နိုင်ငံတော်သမ္မတ က ၎င်းတို့
အစိုးရလက်ထက်တွင် ရပ်ဆိုင်းလိုက်ပြီ။ ထိုသတင်းသည် ၂၀၁၁ ခုနှစ်အတွင်း
အံ့အားသင့်ဖွယ်၊ ထို့အတူ အလွန်ကြည်နူးဖွယ်ကောင်းသော သတင်းတစ်ရပ်
ဖြစ်လာခဲ့ပါသည်။
ထိုနေ့ ထိုရက်မတိုင်မီကာလ များကတော့ မြစ်ဆုံသည် တစ်နိုင်ငံလုံးက ရင်တမမ
စောင့်ကြည့်နေရသော၊ ပူပန်နေရသော အရပ်ဒေသသာဖြစ်သည်။ မေခနှင့်မလိခစုဆုံရာ
အရပ်မြစ်ဆုံ။ ထိုမြစ်ဆုံသည် မြန်မာနိုင်ငံတွင် အဓိကအသက်သွေးကြော ဖြစ်သည့်
ဧရာဝတီကို မွေးဖွားခဲ့သည့် အရပ်။ ထိုအရပ်တွင် တစ်နိုင်ငံလုံး ၏သောကများ
စုပုံထားသလို မြစ်ဆုံစီမံကိန်းကို မျှော်ငေးနေခဲ့ကြရသည်မှာ ၂၀၁၁ ခုနှစ်
စက်တင်ဘာ လ ၃၀ ရက်နေ့ မတိုင်မီ အထိပင်။
ထိုစက်တင်ဘာလ ၃၀ ရက်နေ့ ကတော့ ကချင်ပြည်နယ်သူ ပြည်နယ်သားများနှင့်တကွ
တစ်နိုင်ငံလုံးစိတ် ချမ်းမြေ့ခဲ့ကြရသည်။ စီမံကိန်းရပ်ပြီ။
သည်စီမံကိန်းရပ်သည် ဆိုသည်မှာ ခုတော့ တစ်နှစ်ပြည့်ပြီ။ အချိန်ကာလစက်ဝန်းသည်
တစ်ပတ်လည်ကာ တစ်နှစ်ကာလသို့ ရောက်ရှိခဲ့ပေပြီ။
စီမံကိန်းရပ်ဆိုင်းသည်ဆိုတုန်း က ဘယ်သူတွေ ဘယ်လောက်ပျော်သည်ဆိုဆို
စီမံကိန်းကြောင့် ရွာဟောင်း ဌာနေဟောင်းက ပြောင်းရွှေ့ခဲ့ရသူ
ဒေသခံတိုင်းရင်းသားတို့လောက် မည်သူမျှ ပျော်ရွှင်နိုင်မည် မဟုတ်ပါပေ။
မျှော်လင့်ချက်သည် သူတို့ ရင်ထဲတွင် လှိုင်းထလှုပ်ခတ် နေခဲ့ကြသည်။
အိမ်ပြန်ရတော့မည် လား။ ရွာသစ်သည် ရွာဟောင်းထက်ပင် အမြင်လှသော
အိမ်များရှိသော်လည်း ဒါသည် သူတို့ ခင်တွယ်နေ ပျော်ရာမဟုတ်။
တကယ်ပျော်မွေ့သော နေရာဟောင်းသို့ ပြန်ရတော့မည်လား။ မျှော်လင့်ချက်များနှင့်
ပျော်ရွှင်ခဲ့ကြရသည်။
စီမံကိန်းရပ်ပြီဆိုတော့ ပထမတွင် စိတ်အေးဖွယ်ရာဖြစ်သည်။ တကယ်တော့
ဇာတ်လမ်းသည် ဆုံးခန်းတိုင်သေးသည်မဟုတ်။ CPI က ၀န်ထမ်း များသည်
မြစ်ကြီးနားမြို့နယ် အတွင်းမှာပင် ရှိနေကြဆဲ။ စီမံကိန်းတစ်ဝိုက်က
မြင်ကွင်းသည် မငြိမ်သက်သေး။ သည့်ထက်ပို၍ ပူပန်ဖွယ်ရာမှာတော့ ရွာဟောင်းများ၌
မည်သူမျှ ပြန်မနေနိုင်သေး . . .
|
သို့သော် တစ်နှစ်ပြည့်သည်အထိ သူတို့အားလုံးသည် ရွှေ့ပြောင်း
နေထိုင်ခဲ့ရသော ရွာသစ်တွင်ပင် ရှိနေကြဆဲ။ ‘အစိုးရမြေကျူးကျော်ခြင်း မပြုရ၊
ကျူးကျော်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်’ ဆိုသော ဆိုင်းဘုတ်များသည်
သူတို့၏ စိတ်ခံစားချက်များ အားလုံးကို ထိန်းချုပ်ကန့်သတ်ထားခဲ့လေသည်။
စက်တင်ဘာလ၏ မိုးရေစက် များအောက်၌ အောင်မြင်သာစံပြ ကျေးရွာသည်
ငြိမ်သက်နေ၏။ ရွာသည် အင်ခိုင်ဘွမ်တောင်ခြေ ကျိန်ခရမ်ချောင်းဘေးမှ
မြေပြန့်ပေါ်တွင် ရှိနေသည်။ လမ်းများဖြောင့်ဖြူးလျက်။ ဘုရားကျောင်း၊ ဆေးရုံ၊
ရုံး အဆောက်အအုံများကလည်းအသစ်။ အိမ်များကလည်းအသစ်။ အဟောင်း များ၏
ပုံရိပ်ကတော့ အိမ်များထဲက ကချင် အဘိုးအို အဘွားအိုတို့၏ ပုံရိပ်သာဖြစ်သည်။
“ရွာထဲမှာ လူ ဘယ်ရှိတော့မလဲ။ တောင်ယာလုပ်ရတာ ဒီကနေ ၁၀ မိုင်လောက်ဝေးတယ်။
လူငယ် အတော်များများကတော့ ဖားကန့်၊ တနိုင်း၊ မြစ်ကြီးနားဘက် အလုပ်
သွားလုပ်ကြတယ်။ ဒီရွာမှာကကျောင်း သားနဲ့ အဘိုးကြီး အဘွားကြီးပဲ ကျန်ခဲ့တယ်”
ဟုေ ဒသခံ ကချင်တိုင်းရင်းသူက ပြောပြနေသည်။
မြစ်ဆုံစီမံကိန်းကို အစပြု ကြောင်း နိုင်ငံပိုင် သတင်းစာများက ကြေညာတော့
၂၀၀၉ ခုနှစ် နှစ်ကုန် ပိုင်းဖြစ်သည်။ ကချင်ပြည်နယ် ဧရာ ၀တီမြစ်ဆုံနှင့်
အထက်ဘက် မေခ-မလိခမြစ်ဝှမ်းတွင် အမှတ်(၁) လျှပ် စစ်စွမ်းအားဝန်ကြီးဌာနနှင့်
တရုတ် နိုင်ငံ CPI ကုမ္ပဏီတို့ ပူးပေါင်းပြုလုပ် သော
ရေအားလျှပ်စစ်စီမံကိန်းများ ၌ မြစ်ဆုံသည် အကြီးဆုံးစီမံကိန်း ဖြစ်သည်။
၂၀၁၀ ပြည့်နှစ်အထိ စီမံကိန်း နှင့်ပတ်သက်၍ ရေရေရာရာသိခွင့်မ ရခဲ့ကြပေ။
သို့သော် ဧရာဝတီမြစ်၏ မြစ်ကြောင်းပြောင်းလဲမှု အကြောင်းကတော့ မြင်သာလာပြီ။
၂၀၁၁ ခုနှစ် တွင်တော့ အရာရာသည် ပီပြင်ပြတ် သားလာလေပြီ။
သတင်းများတဖြည်းဖြည်းပွင့်ကျလာပြီ။ အမှန်ကိုသိမြင် ခွင့်ရလာကြပြီ။
စီမံကိန်းသည် နှုဗ ပြုလုပ်ထားသည်ဆိုသော်လည်း မပြည့်စုံ။ ကချင်ပြည်နယ်မှ
အစပြုကာ ဧရာဝတီမြစ် စီးဆင်းရာ ဒေသ တစ်လျှောက် လူမှုရေး၊ စီးပွားရေး
သက်ရောက်နိုင်ခြေများစွာ။ ပညာရှင်များ၊ မီဒီယာများ၊ ဒေသခံများ စသည့်
နယ်ပယ်စုံက ၀ိုင်းဝန်းကန့် ကွက်မှုများ လုပ်လာကြသည်။ ထိုပူးပေါင်းမှုများကပင်
စီမံကိန်းရပ်ဆိုင်းခြင်း၏ ပင်မရင်းမြစ်ဖြစ်လာခဲ့သည်။
စီမံကိန်းရပ်ပြီဆိုတော့ ပထမ တွင် စိတ်အေးဖွယ်ရာဖြစ်သည်။ တကယ်တော့
ဇာတ်လမ်းသည် ဆုံး ခန်းတိုင်သေးသည်မဟုတ်။ CPI က ၀န်ထမ်းများသည်
မြစ်ကြီးနားမြို့နယ် အတွင်းမှာပင် ရှိနေကြဆဲ။ စီမံ ကိန်းတစ်ဝိုက်က
မြင်ကွင်းသည် မငြိမ်သက်သေး။ သည့်ထက် ပို၍ ပူပန်ဖွယ်ရာမှာတော့
ရွာဟောင်းများ၌ မည်သူမျှ ပြန်မနေနိုင်သေးခြင်းသာတည်း။ ရွာဟောင်းများသည်
ကန့် သတ်နယ်မြေ။
“ဒီမှာနဲ့ တန်ဖဲက မပြောပြလောက်အောင် ကွာတယ်။ ဒီမှာက ဟင်းရှာရတာ
အရမ်းခက်တယ်။ တောင်သူအလုပ်လည်း မရှိဘူး။ ဖြစ်နိုင်ရင်
ရွာဟောင်းပဲပြန်နေချင်တယ်” ဟု မိသားစုဝင် ခုနစ်ဦးရှိသူ ကချင်
တိုင်းရင်းသားကြီးက ပြောပြသည်။
စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ ရသော ရွာများက တန်ဖဲ၊ ကျိန်ခ ရမ်၊
မြစ်ဆုံ၊ ခပ္ပါး/အောင်ဂျာယန်၊ ဒေါင်ပန်ရွာတို့ဖြစ်ပြီး စုစုပေါင်း
အိမ်ထောင်စု ၄၁၀၊ လူဦးရေ ၂၁၄၆ ဦး။ ပြောင်းလဲခဲ့သည့် ဘ၀များစွာ။
ရွာဟောင်းများတွင် နေထိုင်စဉ် ကတော့ ဘိုးဘွားပိုင်ဥယျာဉ်ပိုင်ခြံ
မြေများတွင် လုပ်ကိုင်စားသောက်ခဲ့ ကြသည်။ သီးနှံများ ဖြစ်ထွန်းသော မြေတွင်
စိုက်ပျိုးရေးကိုသာ မှီတည် လုပ်ကိုင်စားသောက်ခဲ့ကြသည်။ ဒေသခံအချို့က
တောင်ယာလုပ်သည်။ အချို့ကတော့ တံငါအလုပ်ကို လုပ်ကြသည်။
အချို့ကရွှေကျင်ကြသည်။ အချို့ကတော့ ပြည်တွင်းပြည်ပ ခရီးသွားများလာရောက်ရာ
မြစ်ဆုံအပန်းဖြေစခန်း၌ ဆိုင်များဖွင့်လှစ်ကြ သည်။ တန်ဖဲရွာဆိုလျှင်
ရွာလယ်မှ ဖြတ်သွားသော ပူတာအိုလမ်းမကြီး ဘယ်ညာနှစ်ဖက်တွင် ဈေးရောင်း
ဈေးဝယ်များနှင့် စည်ကားခဲ့သည်။ အခုတော့ အားလုံးပြောင်းလဲခဲ့ပြီ။
အောင်မြင်သာရွာသစ်တွင်တော့ စိုက်ပျိုးရေးလုပ်ကိုင်ရန်ပင် ခက်ခဲနေသည်။
ရွာပတ်ဝန်းကျင်က ကုမ္ပဏီကြီးများ၏ နှစ်ရှည်စိုက်ခင်း များကြောင့် ကျွဲ၊
နွားမွေးမြူရန်ပင် စားကျက်မရှိ။ သားငါးရှာရန် မလွယ်။ ရွာတွင် ရေ၊
မီးရနေသော်လည်း စားဝတ်နေရေး ဖြေရှင်းရန် မလွယ်လှပေ။ အိမ်နောက်ဖေး
ဈေးဆိုင်တည်ရန် မလွယ်။ မြေနေရာကြောင့် ၀က်၊ ကြက် မွေးရန် မလွယ်။
ချပေးထားသော မြေနှစ်ဧကသည် ကျောက်ထူသော အင်ခိုင်ဘွမ်တောင်ကြောဖြစ်၍ တောင်
ယာများမဖြစ်ထွန်း။ သီးနှံနစ်နာကြေး ပေးခဲ့သည်ဟုတော့ ပြောစရာရှိမည်။
သို့သော် ထိုနစ်နာကြေးသည် တစ်နှစ်စာသီးနှံရောင်းရသည့် ပမာဏမျှသာဟု
ဒေသခံတို့က ဆိုကြသည်။
အင်ခိုင်ဘွမ်တောင်ပေါ်က လှမ်း ကြည့်တော့ စက်တင်ဘာလ ၂၁ ရက် နေ့ကပြိုကျ၍
မြေသားတမံတစ်ပိုင်းသာ ကျန်နေသည်ကို မြင်ရသည်။ ၂၀၀၆ ခုနှစ်ကလည်း ကျိန်ခရမ်ရေ
အား လျှပ်စစ်စက်ရုံပြိုကျမှုကြောင့် အသက်ဆုံးရှုံးမှုများ ကချင်ပြည်နယ်တွင်
ကြုံခဲ့ဖူးသည်။ ပုံရိပ်ဟောင်း များကို ယခုတော့ သူတို့တစ်ကျော့
ပြန်စိုးထိတ်မြင်ယောင်နေကြသည်။
“မိုးတွေ တအားများရင် စိုးရိမ်နေရတယ်။ အဲဒီနေ့တုန်းကဆိုရင်
တစ်ရွာလုံးကို ရေတွေဝင်လာလို့ ဘုရားကျောင်းဘေးက တောင်ကုန်းပေါ် ကို
ပြေးတက်နေကြရတာ။ မိုးတွေ ဆက်တိုက် ဆက်တိုက် ရွာနေမယ်ဆို ရင် ညညမှာ
အိပ်တောင်မပျော်ဘူး”။ ဒေသခံ ကချင်တိုင်းရင်းသား ကြီး၏ စကားက ရေစီးကြမ်းသော
ကျိန်ခရမ်ချောင်းကို မြင်ရချိန်၌ ပို၍ကျယ် လောင်လာသလို။
ရွာဟောင်းများဝန်းကျင်တွင်သာ ယခုအချိန်အထိ သူတို့လုပ်ကိုင်
စားသောက်ကြဆဲ။ အောင်မြင်သာ ရွာသစ်မှ ရွာဟောင်းများသို့ သုံးဘီး ကား၊
ဆိုင်ကယ်၊ ကား၊ စက်လှေစီး ကာ သွားလာလုပ်ကိုင်နေရသည်။ သုံးဘီးခသည်
အသွားအပြန် တစ် ဦးလျှင် ကျပ် ၂၀၀၀။ ဆိုင်ကယ်ဆီဖိုးကတော့ ကျပ် ၁၅၀၀
လောက်ကျမည်။ စက်လှေကူးတို့ခမှာ အသွား အပြန် ကျပ် ၁၀၀၀။
ယခင်က မြစ်ဆုံဝန်းကျင်တွင် နေခဲ့စဉ်ကတော့ လယ်ယာသို့ခြေလျင်
သွားနိုင်ကြသည်။ ယခုတော့ တစ်ရက် လျှင် ကျပ် ၁၀၀၀၊ ၂၀၀၀ မကုန်လျှင်
လယ်ယာသို့မရောက်ပေ။ နေ့ချင်း ပြန်သွားသူရှိသလို ညအိပ်ညနေနေကြ
သူများလည်းရှိလာသည်။ ယခုတော့ ခြံထဲက တဲသည်အိမ်ဖြစ်လာပြီးရွာသစ်က
အိမ်များသည်ခေတ္တနားခိုရာ။
“မြစ်ဆုံကိုပဲ ပြန်ပြောင်းချင်တယ်။ တချို့လည်း ရပ်ဝေးမှာ
စီးပွားရှာထွက်ကုန်ပြီ။ မြစ်ဆုံကိုပြန် ရောက်ရင်တော့ ကျွန်တော်တို့ ဘ၀တွေ
ပြန်စိုပြေမှာပဲ”။
ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းကတော့ အောင်မြင်သာ စံပြကျေးရွာသို့
တရုတ်နိုင်ငံ CPI မှ ကိုယ်စားလှယ်အချို့ လာရောက်ခဲ့သည်။
စည်းရုံးရေးလာရောက်ခြင်း ဟုလည်း ဆိုနိုင်သည်။ သည်မှာပင် သူတို့၏
စိုးရိမ်ပူပန်မှုသည် တစ် ကျော့ပြန်နိုးထလာရသည်။ စီမံကိန်း သည် ရေရှည်တွင်
တကယ် မရပ်ဘူးလား။ ရွာဟောင်းများသို့ သူတို့ ဘယ်သောအခါမျှ ပြန်မနေနိုင်တော့
ပြီလား။
သည်နေ့အထိတော့ ရွာဟောင်း ခြံမြေနယ်နိမိတ်များကို
ကန့်သတ်နယ်မြေများအဖြစ်ရှိနေဆဲ။ လက်ရှိ၌ ရွာဟောင်းများဝန်းကျင်သို့သွားလာ
လုပ်ကိုင်ခွင့်ရနေခြင်းကိုပင်ကြံဖန်ကျေးဇူးတင် နေကြရသည်။
သည်လိုမှမသွားရတော့လျှင် အနာဂတ်သည်တွေးကြည့် ဖွယ်ရာပင်မရှိသေး။
ရပ်ဆိုင်းခဲ့သည်ဆိုသော မြစ်ဆုံစီမံကိန်းကတော့ တစ်နှစ်ပြည့်ပြီ။
အရာရာပြောင်းလဲခဲ့ပြီဟု အဝေးမှ မြင်ကောင်းမြင်စရာဖြစ်သည်။ တကယ့်တကယ်မှာတော့
မပြောင်းလဲခြင်းသည် မြစ်ဆုံ၏ တကယ့်ပုံရိပ် အစစ်သာ ရှိနေဆဲဖြစ်ပါသည်။
EMG |
No comments:
Post a Comment