၁။
အောင်ထွန်း၏ စိတ်တွေ ယောက်ယက် ခတ်နေသည်။ အောင်ထွန်း၏ ငွေပျောက် သွားသည်။
အောင်ထွန်း လွယ်အိတ်ထဲတွင် ထည့်ထားခဲ့သော ငွေငါးထောင် မရှိတော့။
လွယ်အိတ် တစ်လုံးကို အိတ်သွန်ဖာမှောက် ရှာဖွေ ကြည့်သော်လည်း မတွေ့။ စာအုပ်တွေ ကြားထဲ၊ စာရွက်တွေကြားထဲ ရှာပြန်တော့လည်း မတွေ့။
အောင်ထွန်း ရင်တွေပူ လာသည်။ အာခေါင်တွေက အလိုလို ခြောက်ကပ် လာသည်။
တံတွေးကို အကြိမ်ကြိမ် မျိုချနေသော်လည်း မပြေနိုင်ဘဲ ထပ်၍ ထပ်၍သာ
မျိုချနေမိသည်။ ထိုငွေငါး ထောင်ပျောက်၍ မဖြစ်ပါ။ အဖေ အောင်ထွန်းကို
ရိုက်လိမ့်မည်။ ထို့ပြင် ဤငွေမှာ အောင်ထွန်းတို့ ငွေလည်း မဟုတ်။ လမ်းထိပ်
ကုန်စုံဆိုင်မှ ဒေါ်ခင်နွဲ့ကို အကြွေး ဆပ်ရမည့် ငွေများဖြစ်သည်။ အောင်ထွန်း
မေ့ပြီး ၀င်မပေးဖြစ်။ သို့နှင့် ညနေ ကျောင်းဆင်းမှ ၀င်ပေးမည်ဟု စိတ်ကူးကာ
လွယ်အိတ်ထဲ ထည့်ထားခဲ့သည်။ ကျောင်းမတက်ခင် ဆော့နေပြီး စာသင်ခန်းထဲရောက်၍
ပြန်ရှာကြည့် သော အခါ ငွေငါးထောင် မရှိတော့။
အောင်ထွန်းစိတ်ထဲ
ဝမ်းနည်းစိတ်က လှိုက်တက်လာသည်။ ပြီးတစ်စုံတစ်ခု ကိုလည်း ကြောက်ရွံ့လာသည်။
သေချာသည်က ထိုတစ်စုံ တစ်ခုသည် အဖေပင်ဖြစ်သည်။ အဖေ့လက်သံကို
အောင်ထွန်းသိသည်။ အဖေမို့လို့ တစ်ခါ ရိုက်ပြီးလျှင် နှစ်ရက်၊သုံးရက်နှင့်
အရှိုးရာက မပျောက်။ ထို့အတွက် အောင်ထွန်း အဖေ့လက်သံကို ထပ်မ
ံမမြည်းစမ်းချင်လို။
တွေးရင်းနှင့် မျက်ဝန်းထဲ မျက်ရည်များပြည့်
လျှံလာသည်။ သို့သော် ငို၍မဖြစ်သေး။ ပိုက်ဆံ ရှာရဦးမယ်။ ထိုအသိဖြင့်
ကျလုဆဲဆဲ မျက်ရည် များကို အနိုင်နိုင် တားဆီးရင်း စားပွဲခုံတွေအောက်
ရှာရသည်။ အောင်ထွန်း ယောက်ယက်ခတ်နေ သည်ကို မြင်သော သူငယ်ချင်းများက အကျိုး
အကြောင်းမေးကြသည်။ အကြောင်းစုံကိုသိတော့ ကူပြီးရှာပေးကြသည်။
သူတို့မယူကြောင်းလည်း ပြောကြသည်။
အောင်ထွန်း ငွေငါးထောင်ပျောက်သည့်
ကိစ္စသည် မျက်စိတစ်မှိတ် အတွင်းမှာပင် တစ်ခန်း လုံးသို့ ပျံ့နှံ့သွားသည်။
ကျောင်းသား၊ ကျောင်းသူ အားလုံး တအံ့တသြ ဖြစ်နေကြသည်။ မေးကြ၊ မြန်းကြ၊
စူးကြ၊ စမ်းကြသည်။ အချင်းချင်းလက် တို့ ပြောကြသည်။ တစ်ယောက်တစ်ပေါက်
ထင်မြင်ချက်တွေ ပေးကြသည်။ ကူရှာပေးသူက ရှာပေးကြသည်။ အောင်ထွန်းတို့
ကျောင်း၌ ငွေကြေးချမ်းသာသူများ သိပ်မရှိ။ သာမန်လက်လုပ် လက်စား၊
ဝန်ထမ်းသားသမီးများသာ ရှိသည်။ တစ်နေ့မှ မုန့်ဖိုးတစ်ရာ၊ နှစ်ရာလောက် သာရ ကြ
သူများဖြစ်၍ ငွေငါးထောင်သည် သူတို့အတွက် များပြားသည့် ငွေပမာဏဖြစ်နေသည်။
အောင်ထွန်းကတော့ မည်သူ့ကိုမှ ယူသည် ဟု မစွပ်စွဲချင်ပါ။ စိတ်ထဲမှာတော့
ဟိုလူနိုးနိုး၊ ဒီလူနိုးနိုး သံသယ ၀င်မိပါ၏။ သို့ပေမဲ့ သက်သေ သက္ကာရ
မခိုင်လုံဘဲ စွပ်စွဲရမှာ ကျပြန်တော့ မတရားရာကျမည်။ အောင်ထွန်း
ထို့သို့မလုပ် ချင်ပါ။ ပိုက်ဆံကလည်း တော်တော်ကြာသည် အထိ ရှာမတွေ့ပါ။
ကြာတော့ အောင်ထွန်းလည်း သမံတလင်းပေါ် ပစ်ထိုင်၍ ရှိုက်ကြီးတငင် ငို
လိုက်မိတော့သည်။ ထိုစဉ်မှာပင် အောင်ထွန်းတို့ အခန်းထဲသို့ ဆရာဝင်လာသည်။
“အားလုံး သတိ။ မင်္ဂလာပါ ဆရာကြီး။ ကြိုဆိုပါတယ် ဆရာကြီး”
“မင်္ဂလာပါ။ ထိုင်ကြပါ။ ဟ...ဘာဖြစ်နေ ကြတာလဲ။ အောင်ထွန်း ဘာလို့ငိုနေတာလဲကွ”
ဆရာ မေးပါမှ ဘယ်အချိန်က ကျလာမှန်း မသိလိုက်သည့် မျက်ရည်များကို
သတိထားမိပြီး ဆက်၍ဆက်၍ ငိုတော့သည်။ ရှိုက်ကြီးတငင် ငိုတော့သည်။ ဆရာ့
အမေးကိုတော့ ဘေးမှသူ ငယ်ချင်းများက ၀င်ဖြေပေးလေသည်။
“အောင်ထွန်း ပိုက်ဆံပျောက်သွားလို့တဲ့ ဆရာကြီး”
“ဘယ်လောက်တောင်လဲကွ”
“ငါးထောင်တောင်တဲ့ ဆရာကြီး”
“ဟေ၊ ငါးထောင်။ အောင်ထွန်း မင်းက ငွေငါးထောင်ကို ဘာလို့ ယူလာ ရတာတုံးကွ”
“မဟုတ်ဘူးဆရာ။ အဖေက ဟင့် ကုန်စုံဆိုင်က အဒေါ်ကြီးကို ပေးခိုင်းလိုက်တာပါ။ အင့်၊ သားက မေ့ပြီးမပေးဖြစ်ခဲ့တာ အာ..ဟာ... ဟာ..အီး... ဟီး”
အောင်ထွန်းက ငိုသံပါကြီးနှင့် ဖြေလေ သည်။ ဆရာက တစ်ခုခု စဉ်းစားနေပုံ
ရလေသည်။ အတန်းသားတွေ အားလုံးကတော့ ဆရာ့ကိုကြည့် သူကြည့်၊ အောင်ထွန်းကို
ငေးသူငေးနှင့် ငြိမ်သက် နေလေသည်။
၂။ ဆရာဦးလင်းမောင်
ခေါင်းရှုပ်နေသည်။ ယခုကိစ္စကို ဘယ်လို ဖြေရှင်းပေးရမှန်း မသိပေ။ ကလေးကလည်း
ငိုနေပြီ။ ကျန်သည့် ကလေး များမှာလည်း အရိုးခံ မျက်နှာလေးတွေနှင့်။ မျက်
ဝန်းအစုံတို့က ငွေငါးထောင်ကို သူတို့မယူ ကြောင်း ပြောပြနေသယောင်။
သို့သော်လည်း ဤအခန်းထဲမှ တစ်ယောက် ယောက်ကတော့ အောင်ထွန်း၏ငွေကို ယူခဲ့ရ
မည်။ မဟုတ်လျှင် ပျောက်စရာမရှိ။ အခြား အခန်းမှ ကျောင်းသားများကလည်း
အခန်းကူးပြီး ယူမှာမဟုတ်။ ဤအခန်းထဲတွင် ငွေခိုးသူ တစ်ဦး ဧကန်ရှိနေပြီ။
ထို့အတွက် စစ်ရမည်။ ငွေငါး ထောင်ကို ပြန်ရှာရမည်။ ဤကဲ့သို့ အကျင့် စာရိတ္တ
ပျက်ပြားသည်မျိုး ဆရာဦးလင်းမောင် မကြိုက်။ မရှိလို့ တောင်းစားလျှင်
ခွင့်လွှတ်သည်။ သူတစ်ပါး ပစ္စည်းခိုးယူတာမျိုး ဦးလင်းမောင် လက်မခံ နိုင်။
မွေးရာပါဗီဇကြောင့် ဖြစ်စေ၊ မိဘအရိပ်ထိုး၍ သားသမီးက အတုမြင် အတတ်သင်၍
ဖြစ်စေ၊ ယခုလိုငယ်နုစဉ် ကလေးဘ၀မှာပင် ၄င်း အကျင့် အကြံမျိုးကို ဖျက်ဆီး
ချေမှုန်းပစ်ရမည်။
ငွေငါးထောင်ကို တွေ့ရေးအတွက် ဆရာဦး
လင်းမောင်နှင့် အောင်ထွန်းတို့ မျက်စိရှင်ရှင်ထား ပြီးရှာပါသည်။
သို့သော်ငွေငါးထောင်၏ အစအန ကို မျှမတွေ့။ တစ်ရာတန်ထောင့်စုတ် လေးများ
ငါးဆယ်တန် အနွမ်းလေးများကို သာတွေ့ရသည်။ နောက်ဆုံး လွယ်အိတ်တွေသာ
ကုန်သွားသည်။ ငွေကိုမတွေ့ချေ။ “ကဲ...လွယ်အိတ်တွေထဲတော့
မတွေ့ဘူး။မင်းတို့ကိုယ်တွေမှာ ရှာမယ်။ ယူထားရင် ခုက တည်းက လာပေးပါ။ ဆရာက
ရှာတွေ့ရင်တော့ မင်းတို့ မလွယ်ဘူး။ ကဲ...ဟုတ်ပြီ...ရှာပြီနော်”
ယောက်ျားလေးတွေကို တစ်ယောက်ချင်း အင်္ကျီအိတ်ကပ်တွေ၊ ဘောင်းဘီတွေထဲရှာသည်။
“ဟာ၊ ဆရာ ဒီမှာ”
အောင်ထွန်း၏ အသံကြောင့် ဆရာဦးလင်း မောင် ကလေးတစ်ယောက်ကို ရှာနေရာမှ လှည့် ကြည့်လိုက်သည်။ “ဟ ဟေ့ကောင်။ အဲဒါ ငါ့ပိုက်ဆံကွ။ ကြည့်ပါလား။ ဒီမှာ ထောင့်ခုနစ်ရာတည်းရယ်”
အောင်ထွန်းငြိမ်သွားသည်။
“ဆောရီးပါကွာ။ ငွေက အလိပ်လိုက်ဆို တော့ ထောင်တန်တွေချည်း ထင်လို့ပါ”
“မင်း သေသေချာချာ ကြည့်ပါလားကွ”
အချိန်တွေသာ ကုန်သွားသည်။ ငွေငါး ထောင်က ဘယ်နားမှာမှန်းမသိပေ။ နောက်ဆုံး မိန်းကလေးတွေ၏ လွယ်အိတ်တွေထဲ ရှာရန်သာရှိ တော့သည်။ “ကဲ မိန်းကလေးတွေ ခုံပေါ်တက် မတ် တတ်ရပ်”
ကျောင်းသူတချို့ စူပုပ်ပုပ်ဖြစ်သွားသည်။ မျက်လုံးလေးတွေလှန်
ကြည့်နေကြသည်ကို ဘာဆိုလိုမှန်း ဆရာဦးလင်းမောင် နားလည်သည်။ သို့သော်
သူတို့ကို ဂရုစိုက်မနေအား။ လုပ်စရာရှိသည်ကို ဆက်လုပ်ရသည်။ တရား
ခံမတွေ့ခင်အထိတော့ ရှာရလိမ့်မည်။ နောက်ဆုံးတွင် ဦးလင်းမောင်
သက်ပြင်း သာချနေမိတော့၏။ မိန်းကလေးများကိုတော့ အင်္ကျီ ချွတ်စမ်းဟဲ့။
ထဘီဖြန့်စမ်းဟဲ့ဟု ပြုလုပ် ခိုင်း၍ မဖြစ်ပါ။ သို့သော်လည်း ပုစ္ဆာတစ်ပုဒ်
အဖြေထွက်ဖို့ နည်းလမ်းမျိုးစုံ အသုံးပြုကာ ဖြေရှင်းနိုင်ကြောင်း ဆဋ္ဌမတန်း
သင်္ချာ ဘာသာရပ်ကို သင်ကြားနေသော ဆရာ ဦးလင်းမောင် ကောင်းကောင်းကြီး
သဘောပေါက်ပါသည်။ အဓိက အဖြေ ရဖို့သာဖြစ်သည်။ ထို့ကြောင့် ဤပုစ္ဆာ အဖြေထွက်ရန်
နည်းလမ်း တစ်ခု သုံးရလိမ့်ဦးမည်။ ဆရာ ဦးလင်းမောင်သည် စာသင်ခန်းထဲမှ
ထွက်၍ ကျောင်းစောင့်အိမ်သို့ ထွက်ခဲ့သည်။ ကျောင်းစောင့်ထံမှ မီးခြစ်နှင့်
ဖယောင်းတိုင်ယူလာခဲ့သည်။ ဘုရားစင်မှ ဖယောင်းတိုင်ကို ယူလာခဲ့သဖြင့် ဖယောင်း
တိုင်က အနီရောင်ဖြစ်နေသည်။ ဆရာဦးလင်း မောင် သဘော ကျသွားသည်။ ထို့နောက်
ဆရာများ နားနေခန်းထဲသို့ ၀င်ပြီး ဖယောင်းတိုင်ကို ဆော့ပင် အနက်ဖြင့်
ဆိုးလိုက်သည်။ အရောင်က ညိုပုပ်ပုပ် ဖြစ်သွားသည်။ ဆရာ ဦးလင်းမောင်က
ကျေနပ်သည့် ငါးခူပြုံးလေးတစ်ချက် ပြုံးလိုက်သည်။ ဖယောင်းတိုင်နှင့်
မီးခြစ်ကို ကိုင်ကာ စာသင်ခန်းထဲဝင်လာသော ဆရာ ဦးလင်းမောင်ကို
ကျောင်းသားကျောင်းသူများက မျက်လုံးကလေးများပြူး ကာ၊ ၀ိုင်းကာနှင့်
ငေးကြည့်နေကြသည်။ “ကဲ အားလုံးနားထောင်ကြ။ ဆရာက
အားလုံးကိုရှာဖွေလို့ပြီးပြီ။ ဒါပေ မဲ့ ပိုက်ဆံကိုမတွေ့ဘူး။ ဒီတော့ ဆရာလည်း
ဆေးဖယောင်းတိုင်ထွန်းပြီး ရှာရမယ်။ အောင်ထွန်းရဲ့ ပိုက်ဆံကိုယူတဲ့သူဟာ
ဒီဆေးဖယောင်းတိုင် ထွန်း တဲ့အချိန်ကစပြီး မငြိမ်းခင်အထိ
ငွေကိုလာပေးလို့ရတယ်။ ဒီဆေးဖယောင်း တိုင်ငြိမ်း သွားတဲ့အထိ ငွေကိုလာ
မပေးဘူးဆိုရင်...”
ဆရာ ဦးလင်းမောင် စကားကိုရပ်ပြီး ကလေးတွေကို အကဲခတ်လိုက် သည်။ မျက်လုံးလေး များဝိုင်းကာ ဆရာ ဦးလင်းမောင်စကားကို နားစွင့်နေကြ သည်။ “ဖယောင်းတိုင်
ငြိမ်းတဲ့အထိ ငွေလာ မပေးရင် အဲဒီယူတဲ့သူရဲ့ မိသားစု ဒုက္ခရောက် လိမ့်မယ်။
ဥပမာ-အိမ်မီးလောင်တာမျိုး၊ အိမ်ထောင်ဦးစီးဆုံး သွားတာမျိုး၊
စီးပွားပျက်တာမျိုးပေါ့ကွာ။ မဖြစ်ဘူးလို့တော့ မထင်နဲ့နော်။ ဒီဆေး
ဖယောင်းတိုင်က အင်မတန်စွမ်းတာ။ မယုံရင် စမ်းကြည့်ကြပေါ့”
ပြောပြောဆိုဆိုနှင့် ဆရာဦးလင်းမောင်က ဖယောင်းတိုင်ကို မီးညှိလိုက် သည်။
ထို့နောက် ဆရာ စားပွဲပေါ် ထွန်းလိုက်သည်။ ပြီးတိတ်ဆိတ် နေသော စာသင်ခန်းကို
ကျောခိုင်းလျက် ဆရာ့နားနေခန်းဆီ ထွက်လာခဲ့သည်။ လမ်း လျှောက်လာရင်း
သူကိုယ်တိုင် ရယ်ချင်လာသည်။ မည်သို့ပင်ဖြစ်စေ တစ်ခုခု ထူးခြားလာမည်ဟုတော့
ဆရာဦးလင်းမောင် ယုံကြည်နေမိသည်။
၃။ ဝေေ၀လှိုင်သည် ဆရာပြောလိုက်သည့်
စကားကြောင့် အလွန်အမင်း ထိတ်လန့်သွားသည်။ ချက်ချင်းဆိုသလိုပင်
အိမ်မှမိသားစုကို မြင်ယောင်လာ သည်။ မိသားစုကို ဆိုက်ကားနင်းကာ
ရှာဖွေကျွေးမွေးနေသော အဖေ၊ ဟင်းသီးဟင်းရွက်များ ဈေးတွင်ရောင်းချရင်း
အိမ်မှုကိစ္စများ ဆောင်ရွက်နေ သည့် ပန်းနာရင်ကျပ် ရောဂါသည်အမေ၊
လူလားမမြောက်သေးသော မောင် လေးနှင့် ညီမလေးတို့၏ ပုံရိပ်များက
မျက်လုံးထဲတွင် ပြည့်နှက်လာသည်။
မိသားစုတစ်ခုလုံး ဒုက္ခရောက်
သွားနိုင်တယ်ဆိုသော စကားကြောင့် ရှင်မီးအင်္ကျီထဲတွင် ၀ှက်ထားသော
ငွေငါးထောင်ကို ထုတ်မိမလို ဖြစ် သွားသည်။ စိတ်ကို အမြန်ထိန်းလိုက်နိုင်၍
တော်ပါသေးသည်။ အမှန်တော့ ဝေေ၀လှိုင် ဒီငွေတွေကို ယူချင်လွန်းလို့ မဟုတ်ပါ။
လိုချင်တပ်မက်သော ရမ္မက်လောဘကြောင့် မဟုတ်ပါ။ ဝေေ၀လှိုင်တို့ မိသားစု
အခြေအနေကြောင့် ယူမိသွားပါသည်။ မနေ့က အဖေမိုးမိကာ ဖျားသဖြင့်
ဒီနေ့ဆိုက်ကား မထွက်နိုင်။ မနက်စာကိုလည်း ဝေေ၀လှိုင်တို့ ထမင်းကြမ်းခဲကိုသာ
လွေးခဲ့ရ သည်။ နေ့လယ်စာ၊ ညစာတို့အတွက် အမေ မည်သို့စီစဉ်မည်မသိ။ ထိုထက်
ဆိုးသည်က အဖေ့ကို ဆေးခန်းမပြရသေး။ အမေ့ ဟင်းရွက်ရောင်း ရငွေလေးက
မဖြစ်စလောက်။ အဖေ့ကို ဆေးခန်းမပြနိုင်လျှင် အခြေအနေပိုဆိုး
လာနိုင်သည်။ဒီအခက်အခဲများကြောင့် ဝေေ၀လှိုင် ငွေငါးထောင်ကို ယူခဲ့မိပါသည်။
အစကတော့ လွတ်အိတ်ထဲမှ ပြုတ်ကျလာသော ငွေများ ကို ကောက်ထည့်ပေးရန်
ရည်ရွယ်ချက်ဖြင့် ကောက်ယူခဲ့မိသည်။ သို့သော်လည်း ငွေများ လက်ထဲရောက်လာ
ချိန်မှာတော့ ပြောင်းလဲသွား သော စိတ်၏ကာလာ အလျဉ်တို့နောက် ကာယကံ
မြောက်သွားခဲ့သည်။ ငွေများပျောက်၍ လွယ် အိတ်ထဲ ရှာဖွေလျှင်
တွေ့သွားနိုင်သဖြင့် အိမ်သာ သို့သွားကာ ရှင်မီးအင်္ကျီထဲ ၀ှက်ထားလိုက်သည်။
ထို့ကြောင့် ဆရာတို့က ငွေရှာသော်လည်း မတွေ့။ မတွေ့သဖြင့်
ဖယောင်းတိုင်ထွန်းကာ တရားခံကို ဖမ်းတော့မည်။
ဤငွေများကို
ပြန်မပေးလျှင် မိသားစုဒုက္ခ ရောက်နိုင်သည်။ “အိမ်ထောင်ဦးစီး ကွယ်လွန်
တာမျိုး”။ ဘုရား...ဘုရား။ ဇောချွေးများက တစ်ကိုယ်လုံး ပျံနှံ့လာသည်။
ဘာလုပ်ရမည်ကို အမြန်ဆုံး ဆုံးဖြတ်ရလိမ့်မည်။ အချိန်ဆွဲနေ၍ မဖြစ်။
ဆရာ့နောက်လိုက်ကာ ပြန်ပေးမည်လား။ မဖြစ်သေးပါ။ ဆရာက ဝေေ၀လှိုင့်အပေါ် အထင်
သေးနိုင်သည်။ ပြီးကိုယ်တိုင်လုပ်ခဲ့သည်မှန် သော် လည်း ၀န်ခံဖို့ရာတော့
ဝေေ၀လှိုင် ရှက်သည်။
မကြာမီ မုန့်စားကျောင်းဆင်းတော့မည်။ သူများတွေ
မုန့်ဝယ်သွားသည့်အချိန်မှာ ပြန်ထား လိုက်လျှင် အဆင်ပြေပြီဟု တွေးမိသော်လည်း
မဖြစ်သေးပါ။ တချို့က မုန့်ဝယ်မသွားကြ။ အခန်းထဲမှာပင် ထမင်းစားကြသည်။
စာဖတ်ကြ သည်။
ဝေေ၀လှိုင် ခေါင်းက တရစပ်လှုပ်ရှားနေ သည်။ ဟုတ်ပြီ။
ဒီနေ့ဝေေ၀လှိုင်တို့ အသင်းနေ့။ မုန့်စားကျောင်း ပြန်တက်ခါနီးတွင် အမှိုက်သွား
ပစ်ရမည်။ အမှိုက်တောင်းထဲ ပိုက်ဆံထည့်ထား လိုက်မည်။ အမှိုက်ပစ်သွားတော့
သူများတွေမြင် ကြလိမ့်မည်။ ပွဲပြတ်ပြီ။ အကြံနှင့်ဝေေ၀လှိုင် ရွှင် မြူးနေသည်။
ဆယ့်တစ်နာရီထိုးဖို့ ငါးမိနစ် လောက်သာ လိုတော့သည်။ မိမိကိစ်္စအောင်မြင်
တော့မည်။
“ကလင်...ကလင်...ကလင်...”
နေ့စဉ်ကြားနေကျဖြစ်သော်လည်း ဒီတစ် ကြိမ်ကြားရသော ခေါင်းလောင်းသံသည် ဝေေ၀ လှိုင်အဖို့ ချိုမြိန်လွန်းလှသည်။
“ဝေေ၀လှိုင်ရေ။ ငါမုန့်သွားစားလိုက်ဦး မယ်။ ကျောင်းတက်ခါနီးမှ အမှိုက်သွားပစ်ရ အောင်လေနော်”
“အေး...အေး...။ သွား...ကြည်ပြာ။ နင် ပြန်လာမှပစ်မယ်”
အကွက်ကတော့ ကျနေပြီ။ စာသင်ခန်း နောက်တံခါးမှဝင်ပြီး အမှိုက်တောင်းထဲသို့
ပိုက် ဆံကို မသိမသာ ပစ်ထည့်လိုက်သည်။ မည်သူ မှ မရိပ်မိ။ ပြီး
ကိုယ့်နေရာကိုယ် ဟန်မပျက်ဝင် ထိုင်နေလိုက်သည်။ ဆရာ့စားပွဲပေါ်မှ မီးညွန့်
တလူလူနှင့် ဖယောင်းတိုင်ကြီးကို ခပ်ပြုံးပြုံးလေး ကြည့်ရင်း
ကြည်ပြာပြန်လာမည့်အချိန်ကို စောင့် နေမိသည်။
“ဝေေ၀လှိုင်၊ လာ အမှိုက်ပစ်ရအောင်”
“အေး၊ လာပြီး လာပြီ”
ကြည်ပြက အမှိုက်တောင်းရှေ့ရပ်စောင့်နေ သည်။ မမြင်သေးဘူးလား မသိ။
ဝေေ၀လှိုင်ပင် မြင်နေရသည်။ ပြောလိုက်လျှင် ကောင်းမလား စဉ်းစားသော်လည်း
ကိုယ်က စမြင်သည်ဟု မဖြစ်ချင်။ သံသယ၀င်သွားလျှင် ဒုက်္ခဖြစ်ဦးမည်။
“နေဦး။ ဘေးမှာ အမှိုက်တွေကျနေတယ်။ ငါကောက်လိုက်ဦးမယ်”
ဝေေ၀လှိုင်က အမှိုက် ကောက်ရင်း ငွေငါးထောင်ကို ကြည်ပြာ မြင်ပါ စေဟုသည် တတွတ်တွတ် ဆုတောင်းနေမိသည်။ “ဟယ်။ ပိုက်ဆံတွေတော်၊ အောင်ထွန်းပိုက် ဆံတွေ ထင်တယ်”
“အေးတော်၊ ဟုတ်ပါ့။ ဟေး ဒီမှာဟေ့ အောင်ထွန်းပိုက်ဆံတွေ ပြန်တွေ့ပြီ”
ဝေေ၀လှိုင်က အတန်းသားများကို လှည့် ပြောလိုက်သည်။
“ဟယ်၊ ဟုတ်လား”
“ဟေး...ဟုတ်တယ်ဟေ့၊ အောင်ထွန်းရေ”
“ဆရာ့သွားပြောချေ။ ဆရာ့သွားပြော”
“ဟုတ်တယ်ဟေ့၊ ဖယောင်းတိုင်မီးငြှိမ်း ခိုင်း...ငြှိမ်းခိုင်း”
ဝေေ၀လှိုင့်ရင်ထဲက အလုံးကြီးကျသွား သည်။ တော်တော်ကြီးပျော် သွားသည်။
မကောင်းမှုတစ်ခုကို အချိန်မီ ချေဖျက်လိုက်နိုင်ပြီ မဟုတ်ပါလား။ မကြာမီ
ဆရာရောက်လာလေ သည်။ အခြေအနေအကျိုးအကြောင်း ဆရာ့ကို ရှင်းပြကြသည်။
အောင်ထွန်းခမျာမှာလည်း ၀မ်း သာလွန်း၍ထင်သည်။ မျက်ရည်များပင် စို့နေ၏။
ဝေေ၀လှိုင်ကတော့ အောင်ထွန်းနှင့်ဆရာ့ကို တောင်းပန်သည့် မျက်ဝန်းမျိုးဖြင့်
ကြည့်နေမိ သည်။ ဝေေ၀လှိုင့်မျက်လုံးများကို မြင်သွားလျှင် လည်း
နားလည်သွားပါစေဟုသာ ဆုတောင်းနေ မိတော့သည်။
ဝေမိုးနိုင်၊မုံရွာ၊
(Teen Magazine October 2012)
|
No comments:
Post a Comment