menu

Sunday 14 October 2012

ကိုသော်တာ(ခင်ခင်ထူး)

 ခင်ခင်ထူး ၏ ကိုသော်တာ
(၁)
တစ်ရက်မှာ မမဂျူး(ဒေါ်ဂျူလီထွန်း) ကျွန်မတို့အိမ်ရှေ့ကို ကားတစ်စီးနှင့်ပေါက်ချလာပါ၏။ ကားပေါ်က ဆင်းဆင်းချင်းပငိ ကန်တော်ကြီးဘက် သွားရအောင်ဆိုလေသည်။
မမဂျူးက သစ်ပငိစိုက်ဝါသနာကြီးသည်။ လှနိုးလှရာ၊ ကောင်းနိုင်းကောင်းရာ သစ်ပင်တွေ ဝယ်ယူကာ ဝေဝေဆာဆာ စိုက်ပျိုးလေ့ရှိသူ ဆိုတော့ ကျွန်မနှင့် ဝါသနာတူသည်။ ကျွန်မတို့အိမ် မြေတစ်လက်ဝါး လောက် မှာ ရနိုင်သမျှအပင်တွေ စိုက်ပျိုးထားတာပင် မနည်းတော့ပါ။

"ဟေ့ ကိုသော်တာဆီ သွားမလို့လိုက်ဦးမလား.. ကြာပင်တွေ ပျိုးခိုင်ထားတာ ရလောက်ပြီကွ ကြာပင်တွေ ထည်စရာ ရေပုံး ပါ တစ်ခါတည်း ယူလာခဲ့တယ်ကွာ မရသေးတော့လည်း ဖွားဖက်တော်ပင်ရှာကြတာပေါ့"
မမရဂျူး သည်လို ကားနှင့်ရောက်လာပြီး ကိုသော်တာဆီ သွားရအောင်ဆိုလေတိုင်း ကျွန်မကလည်း တစ်ခါမှ ငြင်းခဲ့သည်မရှိခဲ့။ ကောက်ခနဲ ထလိုက်သွားတတ်မြဲ ဖြစ်ပါ၏။ ကိုသော်တာဆိုတာက မန္တလေး ကန်တော်ကြီး ပျိုးပင်ဆိုင်တန်းများစွာထဲက တစ်ဆိုင်မှာ ပျိုးပင်ရောင်းသူဖြစ်ပါသည်။ သူက ပျိုးခြံပိုင်ရှင် တော့မဟုတ်။ တောသားလူရိုးကြီးဖြစ်၍ ပျိုးခြံစောင့်ဆိုလည်း ဟုတ်၊ ပျိုးခြံအလုပ်သမားဆိုလည်း ဟုတ်သည်။ သဘောသကာယကောင်းသလောက် သူ့ခြံကအပင်တွေ ရှေုာင်းရသည်ဖြစ်စေ၊ မရောင်းရ
သည်ဖြစ်စေ မလှုပ်တလှုပ် ရှိတတ်သူ ဖြစ်ပါ၏။  ကျွန်မတို့အိမ်က သစ်ပင်တော်တော်များများမျာ ကိုသော်တာ့ ပျိုးဆိုင် မှ ဝယ်ယူစိုက်ပျိုးသည့် သစ်ပင်တွေများပါသည်။

ကျွန်မတို့ မြို့သစ်ဝိုင်းကလေးဆီ ပြောင်းရွှေ့ကြတော့မည်ဆိုတော့ အိမ်ကနောက်မှ ဆောက် သစ်ပင်ကို အရင် စိုက်ပျိုးခဲ့ကြရသည်။ နွေမှာ အလွန်ပူပြင်းလှသော မန္တလေးမြို့မှာ အရိပ်ဝေဝေ အခက်ဖားဖား အုပ်အုပ် ဆိုင်းဆိုင်းသစ်ပင်ကို အရင် ရှာရပါ၏။ သည်တော့ အိမ်ဆောက်တော့မည် စိတ်ကူးသည်နှင့် ကျွန်မ မှာ ပျိုးပင်ဆိုင်တွေကို ပြေးကာ အရိပ်ရပင် ရှာကာ၊ သူ့နေရာနှင့် သူ့အပင် ဥာဏ်မီသလောက် စိုက်ရ တော့သည်။ သည်မှာ ကိုသော်တာနှင့် စတင်မိတ်ဖွဲ့ခဲ့ရခြင်းဖြစ်ပါသည်။

"အရိပ်ရသစ်ပင်တွေလိုချင်လို့"
"သစ်ပင် မှန်ရင် အကုန်အရိပ်ရတာချည်းပဲပေါ့ဗျာ ခင်ဗျားက ဘာပင်လိုချင်တယ်ပြောမှ ကျုပ်က ဟောသာတော့ ရှိသဗျာ ပြနိုင်မှာပေါ့"
လူက စတွေ့တာ နှင့် ငေါက်တောက်တောက် လုပ်နေတော့ ဘယ်လိုလူပါလိမ့်လို့ ကျွန်မ အကဲခတ် ရသည်။ ကြည့်လိုက်တော့ စွပ်ကျယ်ကို ဗိုက်ပေါ်တင်ထားပြီး ပုဆိုးတိုတိုကို ခါးပုံစရှည်ရှည်ချကာ ဖရိုဖရဲ နှင့်ဖြစ်၏။ မျက်နှာက ညိုညစ်ညစ်၊ လူက ပါးပါးလျားလျား ဆံပင်တွေက သည်ခောတ်လူငယ်တွေ Gelနှင့် ထောင်ထားတာ မျိုးလို မဟုတ်ဘဲ ကောင်းကင်ကို ညှောင့်ထောင်ထားတာမျိုး၊ ပေါ်နေသည့် ဗိုက်က ကြေး တွေကို လက်တစ်ဘက်နှင့် ကုတ်ခြစ်နေတာရှိသေး။

"ပိတောက်ပင်တို့ဘာတို့ပေါ့ရှင့်... ပျိုးပင်ရောင်းနေပြီး အရိပ်ရပင် ဘာ...ဘာ... ဘာ... အကြံပေးဦးမှပေါ့ ရှင့်ဟာက"
ကျွန်မခပ်ဆတ်ဆတ်ကလေး ပြန်မေးလိုက်တာ့ ကိုသော်တာပုံက "ရော်ခက်တော့ခက်နေပါပြီ... ဘယ်လို မိန်းမ နဲ့ လာတွေ့နေပါလိမ့်" ဆိုသည့် ပုံစံမျိုး၊ ဗိုက်ကို တွင်တွင်ကုတ်နေတာကလွဲလို့ စကားပြန် မကြားရ။ ကျွန်မလည်း ခြံထဲ တခြားလူတစ်ယောက်ယောက်ရှိလို့ရှိငြား မျက်လုံး ကစားကြည့် တော့ လူရိပ် လူယောင်အစအန မမြင်ရ။ ကိုသောတာထံမှလည်း ဘာစကားသံမှ မကြားရဘဲ ပြောစရာစကား ကုန်သွား သလို ငူငူကြီး ပေရပ်နေလေ၏။ ကျွန်မ ပန်းလာဝယ်တာကိုပင် ရှုပ်လိုက်တာလို့ တွက်ပုံရပါ၏။ မျက်နှာ က မှုန်သိုးသိုး။ ခြံထဲမှာတော့ အပင်တွေက အတော်စုံပါသည်။ နှင်းဆီတွေ၊ အင်ဒိုနီးရှား စံကားပင် တွေလို ပန်းပင်တွေကတော့ အပွင့်စုံ၊ အရောင်စုံ၊ ဟော့ ခြံထောင့်မျာ ပိတောက်ပင်ကြီး လူ့တစ်ရပ် လောက်တောင်ရှိသည်။

"ဟိုမှာ ပိတောက်ပင်တွေရှိသားပဲ"
"ရှိသားပဲ ကျုပ်က မရှိဘူးမပြောရပေါင် ခင်ဗျားဘက် ဘာမှ မပြောလို့ အသာငြိမ်နေရသာ"
"ဟော်တော် ကျွန်မက ရှင့်ခြံမှာ အပင်တွေ လာကြည့်မှတော့ ဝယ်မှာမို့မေးနေတာလေ.. ရှင်က အပင် တွေ လိုက်ပြလို့ ရှင်းပြလို့ ရှိရမှာပေါ့ ရှင်က အပင်သည်ပဲ"
"နေဦး နေဦး.. ကျုပ်က အပင်သည် မှုတ်ဖူးဗျ... အလုပ်သမားရယ်"
"ကိုင်း.... ဒါဖြင့်လည်း အပင်သည်ဖြစ်ဖြစ်၊ ပိုင်ရှင်ဖြစ်ဖြစ် ခေါ်ပေးရှင် ခြံရှင်ရှိတယ်မှုတ်လား"
"ရှိသား ထင်ပါရဲ့"
"ခေါ်လိုက်လေ"

"ဗြုန်းဆို ခေါ်လို့ဖြစ်တာ မှုတ်ဘူး တွေ့ချင်ရင် ဖဲဝိုင်း လိုက်သွားမှ ဖြစ်တာ ကနေ့ ဘယ်အိမ်မှာ ရိုက်သယ် တော့ မပြောတတ်ဘူး"
" ကျွန်မက ဘာကြောင့် သူ့ဖဲဝိုင်းလိုက်သွားရမှာတုံးရှင့်.. သစ်ပင်ဝယ်မလို့ လာတာကို"
"အစ်မ ပဲ ခြံရှင်တွေ့ချင်တယ်ဆို ဖဲရိုက်သာက ဝါသနာပါဗျာ ကြေးကြီးမရိုက်ပါဘူး မနေ့ကတော့ ရှုံး ဆိုလား ရှုံးမှာပေါ့ သူက.. "
"ကိုင်း... ကိုင်း... ကိုင်း... ဖဲစာရင်း ချပြမနေပါနဲ့တော့ အဲဟိုက ပိတောက်ပင် ဘယ်လောက်လဲသာ ပြောပါ ကိုယ်တော် ရယ် ကြာလွန်းလို့"
"ဘယ်ပိတောက်ပင်များ ပြောနေသာပါလိမ့်"
"ဟော်တော့ ဟိုမှာလေ ပိတောက်ပင်ကြီး လူ့တစ်ရပ်လောက် အပင်ဟာကော"

"အဲသာက ဝယ်သာတော့် ဟုတ်ပါရဲ့ အစ်မကြီးအိမ်မှာ စိုက်ပေးနိုင်သူရှိလို့လား လူလိုမှာနော"
"ဖြစ်ရလေ ရှင်အပိုင်းသာ ရှင်ပြောပါ လူလိုတာ ကျွန်မကိစ္စပါ"
"စေတနာ နဲ့ပြောသာဗျ တစ်လောက တလုပ်မ မကျင်မှိန်ဆိုသာ ကျုပ်တို့ခြံရှင်နဲ့ခင်လို့ ပိတောက်ပင် လာ ဝယ်သာ အိမ်ကျတော့ မစိုက်တတ်တော့ သေရော. ပိုက်ဆံတော့ မနည်းပေးပြီးသား သေတော့ ခြောက် ကရော"
"သစ်ပင်သေမှတော့ ခြောက်ကရောပေါ့.. ကိုင်းပါ ဈေးပြောပါဦး"
ကိုသော်တာက ကျွန်မလိုချင်သည့် အပင်ကို အနားထိ လိုက်ကြည့်သည်။ အပင်က သန်သန်စွမ်းစွမ်း၊ ပလတ်စတစ် အိတ် ထူထူကြီးထဲက အမြစ်တွေ ကွဲထွက်နေကြပြီး အိမ်ရောက်လျှင် ကျင်းနက်နက်တူး၊ မြေဆီ ထည့်ပြီး ငြိမ်နေအောင် စိုက်ရမည်။ ကျွန်မ စိတ်ကူးနှင့် ကျွန်မ သစ်ပင်စိုက်ကြည့်နေခြင်းဖြစ်ပါ၏ ကျွန်မ စိတ်ထင် လာမည့်နှစ်မှာပင် အပွင့်ပြနိုင်မည်ဟု ထင်သည်။ ပိတောက်နံ့သင်းသင်းကိုပင် ကျွန်မ စိတ်ထဲ ရသလိုလို။

"ပိတောက်နံ့ ကို ကျွန်မကြိုက်တယ် နောက်နှစ်ဆို ပွင်လောက်ကောင်းပါရဲ့"
"ပိတောက်နံ့ က အီတောက်တောက်ပါဗျာ နောက်နှစ် ပွင့်မပွင့်တော့ ကျုပ်လည်း ဘုရာရဟန္တာမဟုတ်လို့ မပြောနိုင်ဘူးဗျ. "
"ဘုရားရဟန္တာတော့ မဟုတ်ဘူးပေါ့ရှင် ရှင့်အတွေ့အကြုံအရတော့ သိရမှာပေါ.. ရှင်နှယ်... "
ကျွန်မ အိမ်သား ကလည်း အရိပ်ကောင်းကောင်းရမည့် ပိတောက်ပင် ဘယ်လောက်ပေးရပေးရ ဝယ်ခဲ့ပါ ဟု မှာထားတော့ ကျွန်မ ပိတောက်ပင်ကို ဈေးတည့်လျှင် ဝယ်ဖို့ စိတ်ကူးထားသည်။ ကျွန်မက ပိတောက်ပင် ရှိရာ ပန်းခြုံတွေထဲ ဝင်လိုက်မှ ပိတောက်ပင် တစ်ထွာလေးတွေ မွစာတက်နေအောင် တွေ့လိုက် ရပါ၏။

"ဟော်တော်.. သည်မှာလည်း အပင်ပေါက်တွေ ပွလို့ ကြည့်ပါဦး ဒါတွေကျတော့ မပြဘူး"
"ဟောဗျာ ခင်ဗျားပြတာ ကျုပ်က ကြည့်တာလေဗျာ တခြားရှိသေးသလား မေးလို့လား ပိတောက်ပင် ပေါက် အပင် ၁၃၉ ပင်ရှိသာဟာကိုး နေဦးဗျ မနေ့က ၁၇ ပင်ရောင်းလိုက်တော့ ၁၃၉ ထဲက ၁၇ ပင်နှုတ် အစ်မကြီး နှုတ်ကြည့်ပါလား ကျူပ် စိတ်တွက်မရလို့ပါ။ သူဌေးနဲ့ ပိုက်ဆံရှင်းရမှာ "
"အမယ်လေး ထားပါတော့ ရှင်သာ ငွေနဲ့ စာရင်းကိုက်အောင် တွက်ပါ"
"အပင် နဲ့ ငွေ တစ်ခါမှ မကိုက်ပါဘူးဗျာ ကျုပ်ကျတော့ လူနိုင်များတော့ အားနာသာနဲ့ ပေးလိုက်ရသာ ချည်း ပဲ"

"နေစမ်းပါဦး ရှင့်အပင်က အဖြစ်ကော စွဲရဲ့လား တော်ကြာ ဝယ်သွားပြီး အိမ်ကျမှ သေကုန်ရင် အခက်"
"အဲဒါတော့ စိုက်ကြည့်ပေါဗျ.. သူ ရျင်ချင်လည်း ရှင်မှာပဲ မရှင်ချည်း မရှင်ဘူးပေါ့ဗျာ.. လူသင်္ခါရ၊ သစ်ပင် သင်္ခါရ ပြုပြင်ဖြစ်သာ မှတ်လို့ ဘယ်ဆရတောပါလိမ့် ဟောသာ. မသေခင် လှုပ်နေကြသာတဲ့"
"ဟုတ်ပါ့ရှင် တရားသဘောပါလိုက်တာ နေပါဦး ရှင်က ဘုန်းကြီးလူထွက်လား"
"ရွာမှာ ကိုရင် ဝတ် သာ ရှိသာပါဗျာ ဝတ်လို့မှ သုံးရက်မပြည့်သေးဘူး ဝရန်တာက ပြုတ်ကျလို့ ခြေကျိုး လို့ တောင်သာမြို့ ဆေးရုံပြေးတက်လိုက်ရသေးသာ ဘာရှိဦးမှာတုံး ကျုပ်ဆယ်နှစ်သား"
ကိုယ်တော် က ခြေကျိုးဇာတ်လမ်းတွဲခင်းနေလို့ စကားဖြတ်ရပါ၏။

"ကဲပါ ပိတောက်ပင်ကြီးပဲယူလိုက်ပါ့မယ် ဈေးပြောပါဦး"
"မပြောတတ်ဘူးဗျ"
"မပြောတတ်တော့ ကျွန်မ ဘယ့်နှယ့်လုပ်ရမျာတုံး"
"သည်လိုဗျ.. ခါတိုင်းတော့ ခြံကကောင်မလေး တွေက ဈေးပြောရောင်းလိုက်သာကိုးဗျ.. ခုဟာက ကျုပ်က မပြော တတ်ဘူး ကောင်မလေးတွေက ၆၂ လမ်းဘက်သွားကြသယ် ဘော်လီဝယ်သွားကြဆို မှတ်သာပဲ"
"မပြောတတ်လည်း ပြန်ရုံရှိတော့တာပေါ့လေ ဘောလီမတွေက ဘယ်တော့ပြန်လာကြမှာတုံး"
"မလာတော့ဘူးလေ.. ဘော်လီဝယ်ပြီး ပြန်ကြမှာတဲ့ ကဲ.. ကဲ သုံးထောင်ပေးခဲ့ဗျာ"

သုံးထောင်..။ လူ့တစ်ရပ်လောက်နီးနီးရှိသည့် ပိတောက်တစ်ပင် သုံးထောင်ဆိုတာကတော့ မဆစ်သာ အောင် တန်လွန်းလှပါ၏။ ပိတောက်ပင်ဈေးပြတ်တော့ နောက်ထပ်သစ်ပင်လေးတွေ ကြည့်ချင်သေးလို့ ခြံထဲကို ကျွန်မတို့ ပတ်ကြည့်သည်။ ကိုသော်တာကလည်း လိုက်ပြသည်။ ယုဇနပင်ကလေးတွေကလည်း အရွက်စိမ်းစိမ်းမျာ အပွင့်ဖြူကလေးတွေ ဖွေးဖွေးလှုပ်လို့။ စံပယ်ပင်၊ ဇွန်ပန်း၊ နှင်းဆီပင်တွေကလည်း ဆေးကျွေး ထားလို့လားမသိ၊ အပွင့်တွေခဲလို့။ သည်ဘက်မှာက စာပင်တွေ ကင်ပွန်းချဉ်ပင်၊ ဆူးပုပ်ကြီး ပင်။ ပြည်ပန်းညိုပင်၊ ဒန့်သလွန် စုံလို့။ ကျွန်မတို့ မြို့သစ်အိမ်မှာ တကယ်နေဖြစ်ပြီ ဆိုလျှင် လာဝယ်ပြီး စိုက်ရ ဦးမည်။ အခုတော့ ပိတောက်ပင်ပဲ အရင်ဝယ်ရပါမည်။ ကျွန်မက တစ်ခြံလုံးပတ်ပြီး သစ်ပင်စုံအောင် ကြည့်ပြီးတော့ ပိတောက်ပင်ရှိရာ ပြန်လာခဲ့သည်။
"ပိတောက်ပင် က ရှင်ပြောတာ ဘယ်လောက်ပါလိမ့်"

"စောစောက ကျုပ် ဘယ်လောက်ပြောမိပါလိမ့်"
ကျွန်မ စချင်လို့ တစ်ထောင်လျှော့ပြောလိုက်သည်။
"နှစ်ထောင်ဆို ရှင်ပြောတာလေ"
"နှစ်ထောင် မကလောက်ဘူးထင်သနော ကျုပ်ကလည်း ခေါင်းမကောင်းဘူးရယ် ငယ်ငယ်က ခေါင်းပေါ် သီးသီးပြုတ်ကျသာ မိုးကြိုးပစ်လိုက်သလား မှတ်ရသာ အဲသည်ကတည်းက နောက်တောက်တောက်ရယ်"
ကိုသော်တာ က ခေါင်းကုတ်ရင်းပြောနေလို့ ကျွန်မက ရယ်မိပါ၏။ နောက်ထပ်ဘာမှ ပြောမနေတော့ဘဲ ငွေ သုံးထောင် ပေးလိုက်တော့ အဲသလို ဖြစ်ပါလိမ့်မယ်တဲ့။ ကိုသော်တာက ပိတောက်ပင်ကြီး ထမ်းပြီး ကားပေါ် အရောက် လိုက်ပို့ပါ၏။

"နောက်လည်း လာဝယ်ပေါ့ဗျာ နော အစ်မလာရင် သော်သာရေလို့သာ လှမ်းခေါ်လိုက်နော"
"ရှင့်နာမည်က ကိုသော်တာလား နာမည်တယ်ကောင်းပါလားရှင်  နေပါဦး စောစောက တောင်သာ လို့ပြောလိုက် သလားလို့ တောင်သာသားလား"
"တောင်သာ တောင်ဘက် လေးမိုင်လောက်ကပါဗျာ.. ခြံရှင်က တောင်သာသား ကျုပ်ဦးလေးနဲ့ခင်လို့ သည် ခေါ်ထား တာ မပျော်ပေါင်ဗျာ"
"မန္တလေးနေရတာ မပျော်ဘူးလားကိုသော်တာရယ် ရှင်ဟာက မဟုတ်သေးပါဘူး မန္တလေးက မင်းနေပြည်တော် ရှင့်"
"မင်းနေပြည်တော် ပေသိ ကျုပ်တို့လို တောသားနဲ့ မဆီလေးရယ်တဲ့ အိုမဆိုင်ပါဗျာ... ကျုပ်က ကိုယ်တော ကိုယ် ပျော်သာဗျ သည်မှာ ထရေ(ထန်းရေ) ကောင်းကောင်းမရဘူး"
ကိုသော်တာ နှင့်ကျွန်မ စတင်မိတ်ဆွေဖွဲ့ခဲ့ ကိုယ်က အဲသလို။
(၂)

ကိုသော်တာ ပုံက ပိန်ပိန်ရှည်ရှည်၊ ပါးရိုးငေါငေါ၊ ခါးကိုင်းကိုင်းဆိုတော့ လမ်းသွားလျှင် လိမ်ဖည်ဖည်။ ဘယ်အချိန်သွားသွား စွပ်ကျယ်ချိုင်းပြတ်အင်္ကျီနှင့် ပုဆိုးတိုတိုပါအောင် ဝတ်ရင်း ချွေးသီးချွေးလုံးတွေက အမြဲပေါက်ပေါက်ကျနေတတ်ပါ၏။ နောင်အခါ ကျွန်မတို့ရောက်သွားတိုင်းလည်း အလုပ်တစ်ခုမဟုတ် တစ်ခု လုပ်နေတတ်သည်။ မြေသြဇာတွေ ပျိုးအိတ်ထဲ ထည့်နေတာမျိုး၊ သစ်ပင်တွေ ဆေးဖျန်းနေတာမျိုး၊ အပင်တွေ ဟိုရွှေ့ ဒီရွှေ့လုပ်နေတာမျိုးပေါ။ ပျိုးပင်ဝယ်သူလာလျှင် လုပ်လက်စအလုပ်ခဏချ၊ ပုဆိုးခါးပုံစ ဖြည်ပြီး မျက်နှာကို အရင်သုတ်၊ ပြီးတော့ ခါးယားရှည်းကြီး နွဲ့ပြီး လက်နှစ်ဖက်ခါးထောက်ထားရင်း ငူငူကြီးရပ်နေတော့သည်။

"ကိုသော်တာ သည်အပင်က ဘာပင်တုံး"
"မပြောတတ်ပေါင်ဗျာ.. ဘာပင်ဆိုလားပြောတော့ပြောသယ်"
"နေစမ်းပါဦး ကိုသော်တာရဲ့ရှင်တို့ကျတော့ အပင်တွေ ဖြစ်လိုက်တာ သစ်ပင်တွေကို ဘာဆေးဖျန်း ရတာတုံး"
"အပင် ကို လိုက်လို့ပေါ့ဗျာ"
"ဘယ်လို အပင်ကို လိုက်လို့တုံး ခင်ဗျားဟာ ဘယ်အပင်ဖြင့် ဘယ်ဆး၊ ဘယ်ဆေး ဖျန်းရတယ် ဘယ်လို စပ်ရတယ်.. အဲသလို မပြောတတ်ဘူးလား"
"ဆေးက အမျိုးမျိုးပေါ့ဗျာ... အင်္ဂလိပ်နာမည်တွေဆိုတော့ ကျုပ်လည်း မခေါ်တတ်ဘူးရယ်"
"ရှင်ဖြင့် သိတယ် မရှိဘူး အပင်နဲ့ ဆေးအချိုးအစားက ဘယ်လိုစပ်ရတာတုံး"

"ကောင်မလေးတွေ စပ်ပေးသာ ကျုပ်က ဖျန်းရုံဖျန်းရသာလေ ကောင်မလေးတွေမှ သိမှာပဲ”
ကျွန်မတို့ မြို့သစ်ပတ်ဝင်ကျင်မှာ စွယ်တော်ပင်တွေ ရှိတတ်ကြသော်လည်း များသောအားဖြင့် ပန်းဆီရောင်၊ ပန်းခရမ်းရောင်တွေသာ များပါသည်။ ကျွန်မက စွယ်တော်ဖြူ တစ်ပင်၊ နှစ်ပင်လို့ချင်သည်။ ကျွန်မ၀ယ်နေကျ ကိုသော်တာ့ပျိုးဆိုင်က အဖြူမျိုးရှိတယ်ဟုဆိုလေ၏ တွေ့လည်းတွေ့ပါ၏ အပင်က တောင်ဆုပ် လောက်။ အဖြူပင် သေချာတယ်ဆိုတော့ ဟုတ်ကောင်းပါရဲ့တဲ့။
’’ကိုသော်တာ ရယ် ပန်းရောင်းပြီး ဟုတ်ကောင်းပါရဲ့ ဆိုတော့ ဘယ်သူက ၀ယ်မှာတုံး’’
’ကျုပ်က မသိဘူးအမရဲ့.. အပင်ကပွင့် မှ သာလျှင် ဒါတော့ဖြူသဟဲ့၊ ဒါကတော့ ညိုသဟဲ့သိမှာပေါ့ဗျ’’

”ဟော်တော်.. ဒါဆိုအခုရွေးထားတဲ့ စွယ်တော်က အဖြူမဟုတ်ဘူးပေါ့ ’’
’’အဲဒီလိုလည်း အာမဘန္တေမခံဘူး..ပွင့်မှယူပါလားဗျာ.. သေချာအောင်’’
’’အဲဒါတော့ ခင်ဗျာပြောမှလား.. ခက်ပါကော.. ကိုသော်တာရယ်.. ဟိုဘက်ခြံတွေမှာ စွယ်တော်ဖြူ သွားမေးပေး စမ်းပါ’’
’’ကျုပ်နဲ့မတည့်ဘူးဗျ.. အဲဒီဘက်က မိန်းမတွေက ခွစာတွေ.. ကျုပ်ကို အညာသားလို့ ခေါ်ကြသာ’’
’’အညာသား ခေါ်တာနဲ့ မတည့်ရောလား ကိုသော်တာရယ်.. ချစ်ခင်လို့ ခေါ်ကြတာနေမှာပေါ့’’
’’သူတို့လည်း မြင်းခြံသူတွေပါဗျာ..သည်ရောက်မှ ရန်ကုန်သူတွေ ပြောနေလို့ကျုပ်က မြင်ပြင်းကပ်သာနဲ့’’
’’သူတို့က တကယ်ရန်ကုန်သူတွေနေမှပါ’’

’’မဟုတ်သာဗျာ.. သူတို့ ဘိုးအေနဲ့ ကျုပ်တို့ ဘိုးအေ နွားပွဲမှာအတူတူ နွားအလဲအထပ်ကြတဲ့ဟာ မသိရှိပါ မလား.. လူဆိုတာ ဇာတိမဖျောက်ကောင်းဘူးရယ်.. ငရဲကြီးတတ်တယ်’’
သည်တစ်ခါတော့ ကိုသော်တာ စကားကို ကျွန်မပင် လေးစားမိရပါ၏ ဇာတိဖျောက်ရင် ငရဲကြီးသတဲ့။ သူက မှ ဟုတ်တုတ်တုတ်။
ကိုသော်တာခြံမှာ ပန်းပင်ဝယ်တာများတော့ ကိုသော်တာကိုပါ ကျွန်မတို့ ခင်နေကြပါပြီး။ လူက တောသူ တောင်သား ဆိုတော့ ရိုးလွန်လှသူဖြစ်သည်။ ကျွန်မတို့ သွားလျှင်ရောင်းရမှာပင် စိုးသလို ဘယ်တော့မဆို ရှောင် ဖယ်ဖယ် လုပ်လေ့ရှိ၏။ အတင်းဆွဲရွဲခေါ်လာတော့မှ လိုက်လာတတ်ပါသည်။ ကျွန်မနှင့် မမဂျူးက ကိုသော်တာ ဆိုလျှင် စချင်ချင်။
’’ကြာပင်တွေ ဘယ်လိုစိုက်ရတာလဲ’’

’’ရေကန်ထဲ ပစ်ထည့်လိုက်တာပါပဲ..ရေရှိမှတော့ ရှင်ရုံပေါ့.. သည်ကြားထဲက သေကြသေးသာ.. သေလေ’’
’’ကြာ က ဘာရောင်တွေလဲ’’
’’မပြောတတ်ဘူး..ကျုပ်ဖြင့်ပွင့်သာရယ်လို့ မမြင်ဘူးရယ်’’
’’ကြာက ဘာကျွေးရတာတုံး’’
’’ဘာဆိုလား.. ကျုပ်က အင်္ဂလိပ်အခေါ် မခ်ါတတ်ဘူးရယ်.. မြေပဲခွံတစ်မျိုး ကျုပ်က ကောင်းကောင်း သိသာ’’’’ကျွန်မတို့က ရယ်တော့လည်း ကိုသော်တာ က မရယ်ပါ။ ခင်ဗျာတို့ မလဲတခြားလုပ် မရှိကြဘူး လားဗျာ၊     တကယ်တည်း ပန်ပင်များ တကန်တက လာဝယ်နေရတယ်လို့ ဆိုသည့်ပုံဖြင့် မျက်စိ မျက်နှာပျက် နေတတ်သည်။ ကိုသော်တာကို ရိုးမှန်းသိလို့ ကျွန်မတို့က စလေ့ရှိသည်။ တိမ်တောင်ညိုပြာ ရှိသလားဆိုတော့ အပင်သာပြဗျာတဲ့။

ခရာဝါ အပင်ပုမျိုးထဲကောဆိုတော့ ခင်ဗျားတို့ တွေ့မိလို့လားတဲ့။ ကိုသော်တာတို့ခြံထဲမှာ ပျိုးပင် တွေ စုံလင် လှသော်လည်း ၀ယ်သူက အပင်ကို ပြပါမှ သူက ဈေးပြောသည်။ ပန်းပင်နာမည် ဆန်းဆန်းဆိုလျှင် ရှိလောက် ထင်ပါရဲ့ လုပ်တတ်သည်။ ဖွားဖက်တော်  ရှိသလား၊ ပတ္တမြားတစ်ဖက်၊ မြတစ်ဖက် ရှိသလား၊ ဂမုန်း ထဲက သူတော်ဖြူ ရှိသလား၊ ပိန်းထဲက ပိန်းကြားရှိသလား၊ သစ်ခွထဲက မိုးလုံးမှိုင်း ရှိသလား၊ အဲသလို မေးလို့ကတော့ ကိုသော်တာ မျက်စိလည်တော့သည်။
"လောကမယ် ... ဘာကိစ္စများ သစ်ပင်တွေ သည်လောက်များပါလိမ့် ... တော်ပြီပေါ့ ကုက္ကိုလောက်၊ ထနောင်းလောက်၊ တမာလောက် ... ခုဟာက များလွန်းပါတယ်"
ပျိုးပင်ရောင်းသူ က အဲသလို ညည်းတော့ ၀ယ်ရသူ ကျွန်မတို့မှာ ကြောင်ရေချိုးသလို ရှာရတော့သည်။

"ကိုယ်လုပ်တဲ့အလုပ်ကိုပဲ ကိုသော်တာရယ် ... သိအောင် ကြိုးစားရမှာပေါ့ ... ရှင် ဈေးရောင်းတာ ကျွန်မ တို့သာ ခင်လို့ သည်းခံတာ သူများက ဘယ်စိတ်ရှည်ပါ့မလဲ ... ခြံထဲက အပင်တွေ အလွတ်နီးပါးရအောင် ကျက်ထား မှပေါ့"
"ပရိတ်ကြီးမှ မဟုတ်သာဗျာ ... မကျက်နိုင်ပေါင်"
"ကိုသော်တာ နဲ့ အဆင်မပြေပါဘူး"
"အစ်မ တို့က ကလေးမလေးတွေ ရှိတဲ့ အချိန်လာဗျ ... သူတို့က အရှေ့ခြံမှာ ရှိကြသာများတော့ ကျုပ်ကို အစောင့် သဘောထားခဲ့ကြတာ ... ကျုပ်က ရေလောင်း မြေစာကျွေး ဆေးကျွေးလောက် သိသာ ဆိုတော့ ခက်သားပဲ"

တစ်ခါတော့ ရွက်လှပင်ကလေးတွေ လိုချင်လို့ မမဂျူးနှင့် ကျွန်မ ကိုသော်တာ့ခြံကို ရောက်သွား ခဲ့ကြပါသည်။ မမဂျူးက ကိုသော်တာ့အတွက် ပုဆိုး၊ အင်္ကျီ၊ စွပ်ကျယ်၊ ဖိနပ်က အစ ယူလာကာ လက်ဆောင် ပေးလေ့ ရှိသည်။ ကိုသော်တာ့ မျက်နှာက အားနာသလိုလို၊ ကျေးဇူးတင်ပါတယ် အစ်မရယ် လို့လည်း မရှိ။ ပေးသည့်အထုပ်ကို နီးစပ်ရာ ပန်းခြံပေါ် ပစ်တင်ထားတတ်သည်။ မလေးစားလို့ မဟုတ် ရှာပါ။ လက်ထဲ ကိုင်ထားရမှာ အားနာလို့ ဖြစ်ပုံရပါသည်။ ကျွန်မက ကျွန်မလည်း ယူခဲ့ပါဦးမယ် ဆိုတော့ တစ်ထည် ရှိ ၀တ်ပါလေ့တဲ့။
ဘာပဲဖြစ်ဖြစ် ကိုသော်တာ့ ခြံက လက်ညှိုးထိုးကာ ကမ္မသကာ သယ်ခဲ့သော ပန်းပင်တွေကလည်း ကျွန်မ တို့ အိမ်ခြံဝင်းကလေးထဲမှာ အဝေသားပင်။ တစ်ခုတော့ ရှိပါ၏။ အဖြူဆိုသော်လည်း ပွင့်တော့ ခရမ်းရောင် ဖြစ်ချင်ဖြစ် မည်။ အနီလိုချင်လို့ ၀ယ်ခဲ့ပါတယ်။ စပ်ကြား ပွင့်ချင်ပွင့်မည်။ ကိုသော်တာ၏ အလွဲ များက ပန်းပွင့်တော့ တလွဲပွင့်တာ ဘာဆန်းမှာလဲ။ ကျွန်မတင်လား ဆိုတော့ မဟုတ်။ တစ်ခါတော့ မမဂျူး က ဖုန်းဆက်ပါမည်။

"ထူးထူးရေ ... ပဏ္ဍရိက်အပုကလေးတွေ ၀ယ်တာကွာ ... ကိုသော်တာက သေချာအောင် အရောင် စုံ အောင် ထည့်ပေးမယ်ဆိုတာ အခုပွင့်တာ အနီတွေချည်းပဲ ... အ၀ါတို့ အဖြူတို့ ပန်းရောင်တို့ ယောင် လို့တောင် မပါဘူး"
ပုဏ္ဍရိက်ပင်ပု ကလေးတွေက ပျိုးထုပ်နှင့် ထည့်စိုက်ထားသော အပင်ထုပ်ကလေးတွေဖြစ်၍ ပန်းပွင့်သာ မပါလျှင် အပွင့်အရောင်သိဖို့ မလွယ်ုပါ။ အထုပ်ကလေးတွေ ကားပေါ်တင်တော့ ကိုသော်တာက ရောင်စုံ ထည့် ပေးလိုက်တယ် လို့ ပြောလိုက်တာ ကျွန်မလည်း ကြားသည်။ အလွဲကို သည်းခံနိုင်လို့ ပန်းပင် အကြိုက်တွေ့လို့ သည်ရွေ့သည်မျှ ထားပါဆိုလျှင် ယူသွားဗျာဟု နှုတ်လွယ်သလို၊ ဟိုအပင် သည်အပင် ကလေး လက်ဆောင် ထည့်ပေးဦးဆိုတော့လည်း ယူသွားဗျာချည်း။ ကျွန်မအိမ်သားက "မင်းကွာ ... ကိုသော်တာ ကို ဈေးမဆစ်ပါနဲ့ အပင်တွေလည်း သိပ်မတောင်းပါနဲ့" ဆိုတော့ ကျွန်မှာ ချေပစရာစကား ရှိသည်။

"သူ့ဆီက အဆစ်တောင်းတာပဲ သိတာကိုး ... အရောင်လွဲတာတော့ မသိဘဲနဲ့ ... အဆစ်တောင်းတဲ့ အထဲက ကိုယ်လိုချင်တဲ့အရောင် တည့်လို့တည့်ငြား ထင်ပြီးတာင်းရတာ တော်ရေ ..."
အိမ် က ဆရာလည်း ပြန်မပြောသာတော့။ ကျွန်မ အိမ်သားကလည်း ပန်းပင်ဝယ်လိုက်နေကျဆိုတော့ ကိုသော်တာ ကို ချစ်ခင်ပါသည်။ စလည်း စသည်။ တစ်ခါက ကိုသော်တာကို ဆရာနေက "ခင်ဗျားက တောင်သာ သားလား" ဆိုတော့ "ဟုတ်ပါရဲ့" တဲ့။
"ကျွန်တော်နဲ့ တစ်နယ်တည်းပါလား" ဆိုတော့ ဆရာက ဘယ်ကတုံးတဲ့။ "ရေနံချောင်းကလေ"ဆိုတော့ "တစ်ကြောတည်း ခင်ဗျာ"တဲ့။

ကိုသော်တာ နှင့် ခင်လာတော့ သူ့ဘ၀ကြမ်းကို သစ်ပင်ရိပ်မှာ ဒူးနှစ်လုံးထောင်ရင်း ပြောပြတတ်သည်။ မိဘများ မရှိ တော့ဘဲ နှမအပျိုကြီးနှင့် အတူနေသည်။ နှမအပျိုကြီး ကောက်ကာငင်ကာ အိမ်ထောင် ကျတော့ ယောက်ဖက သောက်သောက်စားစားထဲကဆိုတော့ ငယ်ဆရာ ရွာကျောင်းဘုန်းကြီးက ကျောင်း မှာပဲ ကျောင်းဝေယျဝိစ္စလုပ်ရင်း ကပ္ပိယ သဘောနေထိုင်ခွင့်ပြုထားခဲ့သည်။ ဆရာတော်နှင့် နွယ်ပြီး မန္တလေး က ပျိုးခြံပိုင်ရှင်က နယ်ခံလူရင်းတွေခေါ် လို့ ဆရာတော်က ထည့်လိုက်ရာက မန္တလေးပျိုးဆိုင်ကို ရောက်လာခဲ့ခြင်း ဟု ဆိုပါသည်။
"နေပါဦး ကိုသော်တာ လစာ ဘယ်လောက်ရတာလဲ"
"ဘာရလိမ့်မတုံး ... ရွာပြန်ရင်တော့ ဆုတ်ဆုတ်ခဲခဲ ပေးပါသယ် ... ကျန်သာတော့ ထမင်းစားရေလောင်း ပေါ့ ဗျာ ... ဘာရှိလိမ့်မတုံး"
"တစ်ပြား မှ မရဘဲနဲ့ ဘယ်လိုသုံးတုံး"

"ပန်းပင်ဖိုး ထဲက နှိုက်သုံးလိုက်သာပဲ ... မပြောပါဘူး"
ကျွန်မတို့ ခြံဝင်းကလေးထဲမှာ အပင်တွေ တော်တော်များပါပြီ။ အိမ်ဝင်းနှင့် သစ်ပင်ကြား ခရု လျှောက်စရာပင် မရှိ။ ပွင့်ပင်တွေက ပွင့်ကြသလို၊ အသီးပင်တွေကလည်း သီးကြပြီ။ သို့သော် ကိုသော်တာ ခြံက စိန်တစ်လုံးသရက်ဆိုပြီး ၀ယ်လာခဲ့သော သရက်ပင်က ရွှေဟင်္သာမျိုး သရက်တွေ သီး သည်။ စွယ်တော်ဖြူရယ်လို့ ၀ယ်လာတာက ဘယ်မှာ မဆိုတွေ့နိုင်သည့် ပန်းဆီရောင်အပွင့်တွေ ပွင့်သည်။ မရမ်းချိုပင် အသီးတွေက ချဉ်လိုက်တာ စုတ်စုတ်ကန်းလို့။ ကိုသော်တာကိုပြောလည်း အပိုပဲ ဖြစ်မည်။ သည်လိုပြောလို့ ကိုသော်တာ ပျိုးခြံကိုတော့ မရောက်ဘူး မထင်ပါနှင့်။ စိတ်ကူးရလျှင် သစ်ပင်ပန်းပင် တွေ သွားကြည့်ကြမြဲ။ ကြိုက်တာတွေ့တော့ လောဘတကြီး ၀ယ်ကြမြဲ။ တစ်ခါတော့ ကိုသော်တာ ဆီ မရောက်တာကြာလု့ သွားကြတော့ ကိုသော်တာကို မတွေ့။

ရွာပြန်သွားသည် ဆိုပါ၏။ အလည် ပြန်တာလားဆိုတော့ မဟုတ်ဘူး ... ကိုသော်တာ အရက်သောက်လို့ ခြံရှင် က မင်းရွာပြန်တော့ဆိုပြီး ပြန်လွှတ်လိုက်တာတဲ့။ ကျွန်မ တို့ပင် စိတ်မကောင်း ဖြစ်ကြရသည်။ နောက် ကျွန်မတို့ နှင်းဆီပင်တွေ စိုက်ချင်ကြသဖြင့် ကန်တော်ကြီး ဘက်ကို ရောက်တော့ ကိုသော်တာကို တွေ့ရ ပြန်ပါ၏။ ထုံးစံအတိုင်း စွတ်ကျယ်ကို ဗိုက်လှန်ပြီး ပုဆိုးခါးပုံစံ ရှည်ရှည် ချလို့။ ပြန်လွှတ်တော့ ပြန်သဗျာ၊ ပြန်ခေါ်တော့ လာသဗျာ ဆိုသည့် မျက်နှာနှင့်။

ကိုသော်တာ တို့ခြံမှာ သစ်ပင်ပန်းပင်ရယ်လို့ သိပ်မတွေ့ရလို့ မေးကြည့်တော့ ခြံရှင်က သူ့ကို ခြံစောင့် သဘောမျိုး ထားခြင်းသာဖြစ်ကြောင်း၊ ပျိုးခြံအလုပ်အားမရလို့ တခြားစီးပွားရေး ပြောင်းလုပ်နေကြောင်း သူလည်း ပျိုးချင်သည့် အပင် ပျိုးရောင်းပြီး ရောင်းလို့ ရသမျှနှင့် စားသောက်နေရကြောင်း၊ ၀ယ်သူ မလာလို့ စားစရာ မရှိလျှင် အနီးနားခြံတွေက ကျွေးမွေးကြပါကြောင်းတွေ ပြောပြပါ၏။ သည့်နောက်တော့ ကျွန်မ နှင့် မမဂျူးလည်း ကန်တော်ကြီး ရောက်တိုင်း ကိုသော်တာကို တတ်နိုင်သမျှ ပေးပေးကမ်းကမ်း ကူညီကြသည်။
တစ်ခါတော့ ကိုသော်တာက ကျွန်မတို့ကို ကံ့ကော်ပျိုးပင်ကလေးတွေ စိတ်လိုလက်ရပြသည်။ တစ်တောင် သာသာ နှင့် အပွင့်တွေ ခဲနေအောင်ပွင့်နေလို့ အံ့သြမိရပါ၏။ ကိုင်းက အပွင့်တွေကို မချီနိုင်အောင်ပင်။

"ကြည့်စမ်းပါဦး လှလိုက်တာဟယ် ... ကိုသော်တာ သည်အပင်လေးတွေ ဘယ်ကတုံး ... သည်လောက် အရွယ်လေးနဲ့ သည်လောက်ပွင့်တာ သည်တစ်ခါ မြင်ဖူးရဲ့"
"ခြံရှင် သယ်လာသာပဲဗျ ... ယိုးဒယားမျိုး ဆိုမှတ်သာပဲ ... တန်ခူးကနေ တပေါင်းအထိ ပွင့်တဲ့ ဆယ့်နှစ်ရာဦး ကံ့ကော်တဲ့ဗျ"
"သြော် ... ဆယ့်နှစ်ရာသီကံ့ကော်ဆိုတော့ သူက ... တစ်နှစ်လုံးပွင့်တယ်ဆိုတဲ့ သဘောလား"
"ပြောတတ်ပေါင်ဗျာ ... ကျုပ်က သင်ပေးသလို ပြောရသာပါ ... ပန်းပဲ ... သူ့အချိန်သူ့ရာသီကျမှ ပွင့်မှာ ပေါ့ ... ဖြဲရဲ အပွင့်ခိုင်းလို့ ဘယ်ဖြစ်မှာတုံး"
"ဒါဖြင့် ဘာလို့ ဆယ့်နှစ်ရာသီ ကံ့ကော်လို့ခေါ်တာတုံး ကိုသော်တာရဲ့"
"မပြော တတ်ဘူး ... ခင်ဗျားတို့ စိတ်ထဲ မသန့်ဘူးထင်ရင် မ၀ယ်ရုံရှိသာပဲ"

ကိုသော်တာကတော့ သူ့ထုံးစံအတိုင်း အူချာပေါက် ဖြေလေတော့၏။ သည်တော့ ဘယ်အချိန် ဘယ်ရာသီ ပွင့်ပွင့် အပင်ကလေး တစ်တောင်လောက်နှင့် သည်လောက် ပွင့်တာ ထူးခြားနေတော့ ကျွန်မနှင့် မမဂျူး လည်း တစ်ပင်စီဝယ် ဖို့ စိတ်ကူးလိုက်ကြသည်။
"ကိုင်း ... ကိုသော်တာရေ ... ကျွန်မတို့ တစ်ယောက် တစ်ပင်စီ ယူမယ် ... ဘယ်လောက်လဲ"
"ခြံရှင် က လောလောဆယ် ရောင်းဖို့ မဟုတ်ဘူးတဲ့ ... ပျိုးထားဦးမှာတဲ့"
"ကိုင်းပါ ... ကျွန်မတို့တော့ တစ်ပင်စီ ရောင်းလိုက်ပါ ... လူရင်းတွေမို့ ရောင်းလိုက်တယ်လို့ ပြောလိုက်ပေါ့ ... ဖြစ်တယ် မဟုတ်လား"

ထုံးစံအတိုင်း ကျွန်မတို့က ဂျီပူဂျီပူ လုပ်နေကြတော့ ခမျာမျက်နှာပျက်ပျက်နှင့် ရောင်းလိုက်ရှာပါ၏။ ဈေးပြောပါဆိုတော့ ဈေးမသိ။ နောက်ဆုံးတော့ ကိုသော်တာ မှန်းပြောသည့်ဈေးနှင့် တစ်ယောက် တစ်ပင်စီ ယူလာခဲ့ကြပါသည်။ အိမ်ရောက်တော့ ကံ့ကော်ပင် အပွင့်ခဲကလေးကို တယုတယ ပျိုး ဖြစ်ခဲ့ပါသည်။ အရိပ်တကြည့် ကြည့်ဆိုတော့ ကံ့ကော်ပင်ကလေးက ရိုးတံ ရင့်လာရာက သန်စွမ်းလာပါ၏။ သို့သော် အပွင့်တွေ ကြွေပြီးသည်နှင့် နောက်ထပ် အပွင့်ရယ်လို့ လုံးဝမပြလာတော့။ ဆယ့်နှစ်ရာသီ မပြော နှင့် နောက်နှစ် တစ်ပတ်လည်တာတောင် မပွင့် လာတော့။
"ကိုသော်တာဆိုတဲ့လူ ... ဆယ်နှစ်ရာသီကံ့ကော်ဆိုလို့ ၀ယ်လာပါတယ် ... အဖူးနဲ့ တူတာဆိုလို့ မီးခြစ်ဆံ ခေါင်း လောက်တောင် မဖူးလာတော့ပေါင်တော်"
ကျွန်မ က ကံ့ကော်ပင်ကလေးကို ကြည့်ရင်း ညည်းတော့ ကျွန်မအိမ်သားက ပြုံးသည်။

"ကိုသော်တာကို အပြစ်မတင်နဲ့လေ ... မင်းတို့ ၀ယ်ကြတာကိုက လွဲတာ ... ကိုသော်တာက မလွဲဘူး"
ဟုတ်တော့ ဟုတ်သားပဲ။ ကိုသော်တာက ဘယ်အပင်ကိုမှ အာမခံခဲ့တာ မဟုတ်။ ဘယ်အပင်မှ ၀ယ်ပါဦး၊ အားပေးပါ ဦး မရှိခဲ့။ စိတ်ထဲ သံသယရှိလျှင် မယူနဲ့ ပြောခဲ့တာချည်းပင်။ ကျွန်မတို့မှ မဟုတ် သူ့ခြံထဲ ရောက်ကြလေ သမျှ ပန်းပင် ၀ယ်သူတွေ သည်လိုပဲ ဆိုခဲ့ရှာလိမ့်မည်။

ကိုသော်တာခြံကို မရောက်တာ ကြာပြီ။ မှတ်မှတ်ရရ မေလထဲတုန်းက တစ်ခေါက်ရောက်တော့ ကိုသော်တာ မရှိတော့ ပါ။ မိန်းကလေး တစ်ယောက်က ကိုသော်တာ ရွာပြန်သွားပြီး သင်္ကန်းဝတ်သတဲ့။ သင်္ကန်းဝတ် မချွတ်တော့ဘူး ဆိုတာလည်းပါရဲ့။ သည်လိုဆိုပြန်တော့ သာဓု ခေါ်ရုံသာ။ သူနေချင်သည့် အေးအေး ဆေးဆေးဘ၀ကို ရွေးခဲ့ပါပကော။ ဘယ်စာကို ဘယ်နှဝါများ သင်မလို့ပါလိမ့်။
မနေ့တစ်နေ့က မမဂျူး ပန်းပင်ဝယ်လာခေါ်လို့ လိုက်သွားတော့ ကိုသော်တာ ကြီးတော်ရေ. ...။ ခါးပုံစရှည်ကြီး နှင့်။ အက်ႌမပါ။ ကျွန်မတို့ကို တွေ့တော့ ပြုံးဖြီးဖြီး။ ကျွန်မတို့က "ကိုသော်တာ သင်္ကန်းဝတ်ဆို ... ရာသက်ပန်ဝတ်တော့မှာ ဆို" ဆိုတော့ ဗိုက်ကို တွင်တွင်ကုတ်လေ၏။

"သင်္ကန်းဝတ်နဲ့လည်း မနေနိုင်ပါဘူးဗျာ ... ရွာအနေကြာတော့ အပျင်းသာဗျ ... မန်းလေး (မန္တလေး)က မင်းနေပြည်တော် ဟာကိုး"
"ကိုသော်တာ ပဲ မင်းနေပြည်တော်နဲ့ ကျုပ်တို့နဲ့ မဆိုင်ဘူးဆို"
"အေးလေ ကျုပ်ကလည်း ဆိုင်သယ် မပြောပါဘူး ... မင်းကလည်း  သူ့ဟာသူနေသာပဲ ... ကျုပ်ကလည်း ကျုပ်ဟာ ကျုပ် ပျိုးပင် ရောင်းစားသာပဲလေ"
သည်တစ်ခါလည်း ကိုသော်တာ မလွဲပါ။

ခင်ခင်ထူး
Joke Magazine January 2012 .

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis