menu

Sunday 14 October 2012

လူငယ်တွေမည်သို့ လျှောက်လှမ်းကြမည်လဲ(မင်းလွင် (အနကလ))



"ကမာရွတ်မြို့နယ်၊ အင်းယားကန်ပေါင်တွင် သတ်မှတ်ချိန်ကျော်လွန်သွား၍ ၀န်ထမ်းတစ်ဦးမှပြန်ခိုင်းခြင်းကြောင့် မကျေနပ်သည့် လူတစ်စုက ဆိုင်ကယ်များဖြင့်ပြန်လာပြီး မင်းမဲ့စရိုက်ဆန်စွာ အခြားသူများကိုပါ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်မှုဖြစ်ပွားခဲ့'' ဟူသောသတင်းတစ်ရပ်ကို Eleven Journal website မှာဖတ်လိုက်ရတော့ တုန်လှုပ်မိပါတယ်။စာရေးသူတို့ မြန်မာနိုင်ငံမှာ အာဏာပိုင်ဆိုတာ ဘယ်သူလဲလို့ မေးရတော့မလိုဖြစ်နေပါပြီ။ အထက်ပါ သတင်းအရဆိုရင်တော့ ဒေါ်အောင် ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ ''တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ''ကို အားနာစရာကြီးဖြစ်နေပြီ ဒါကလက်ရှိဥပဒေတွေ မစိုးမိုးနိုင်ဘူးဆိုတဲ့သဘောမသက်ရောက်ပေဘူးလား။
တကယ်တော့ အထက်ပါဖြစ်ရပ်ဟာ ရာဇ၀တ်မှုပါ။ ရာဇ၀တ်မှုနှင့် ပတ်သက်လို့ကတော့ မည်သည့်နိုင်ငံမှာမဆို ဒီမိုကရေစီအစိုးရပဲတက်တက်၊ အာဏာရှင်အစိုးရပဲတက်တက် ဖြေလျော့ရိုး၊ သက်သာစေတဲ့ဥပဒေမျိုး မပြဋ္ဌာန်းရိုးအမှန်ပါ။ ရာဇ၀တ်မှုမျိုးကို အာဏာရှင်စနစ်ကရော၊ ဒီမိုကရေစီကရော လက်မခံပါ။ တရားဥပဒေကြောင်းအရ ပြဋ္ဌာန်း သတ်မှတ်စမြဲဖြစ်ပါတယ်။ တစ်ဖက်ကခံရသူ၊ နစ်နာသူတွေရှိနေလို့ပါပဲ။

ဒါပေမဲ့ စဉ်းစားစရာအချက်တွေ အများကြီးရှိပါတယ်။ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးလို့ အမည်တပ်တာဝန်ပေးခံရတဲ့ကော်မတီ ပေါ်ထွက်လာပြီးတဲ့နောက် ဥပဒေကို လေးစားလိုက်နာရကောင်းမှန်းမသိတဲ့ ရာဇ၀တ်မှုကျူးလွန်သူတွေ တစ်စတစ်စများလာတာပဲ ဖြစ်ပါတယ်။တစ်ယောက်ထဲက ကျူးလွန်တဲ့ရာဇ၀တ်မှုမဟုတ်တော့ဘဲ အုပ်စုလိုက်ကျူးလွန်ခြင်းက စိန်ခေါ်ခြင်းတစ်မျိုးလားလို့ အတွေးနယ်ချဲ့မိပါတယ်။ လူအုပ်စုနဲ့ပြုလုပ်တာမို့ တစ်စုံတစ်ရာရည် ရွယ်ချက်ရှိနေသလားလို့ ကောက်ချက်ရမလိုဖြစ်နေတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီလိုလားသူများ ရှိပါသလားလို့မေးရင် ကိုးဆယ့်ကိုးရာခိုင်နှုန်းကလိုလားပါတယ်လို့ ဖြေကြမယ်ထင်ပါတယ်။ ဒါပေမဲ့ အတွင်းကျိတ်မလိုလားသူတွေလည်း ရှိနေနိုင်တာကိုလည်း သတိချပ်ရမှာပါ။
ဒါကို စာရေးသူတို့ စက်မှုတက္ကသိုလ်မှာ Logistic ဘာသာရပ်သင်တန်းက ဥပမာလေးနဲ့ ပြောချင်ပါတယ်။ ဒီဘက်မှာ A ရှိတယ်၊ ဟိုဘက်မှာ B ရှိတယ်၊ A နှင့် B ပဋိပက္ခဖြစ်တယ်၊ A ကို ထောက်ခံသူတွေ A ဘက်မှာရပ် B ကိုထောက်ခံသူတွေ B ဘက် မှာရပ်။ အဲဒီလိုခွဲခြားလိုက်တယ်၊ ဒါပေမဲ့ ရပ်နေတဲ့သူတွေက နှစ်လိုင်းတင်မက သုံးလိုင်းဖြစ်နေတော့ နောက်ဆုံးလိုင်းမှာရပ်တဲ့သူများကို မေးတော့သူတို့က A လည်းမဟုတ် B လည်းမဟုတ်တဲ့။ဒီလိုဘယ်လည်းမဟုတ် ညာလည်းမဟုတ်ဆိုတဲ့သူတွေ က ပိုအင်အားကြီးပြီး နှောင့်ယှက်တတ်ပါတယ်။
ဒီကနေ့ နိုင်ငံတော်ကို ဒီမိုကရေစီ ပြောင်းလဲရေး ပထမဂီယာထိုးချိန်မှာ ဂျမ်းမဖြစ်စေချင်ပါဘူး။ အရှိန်မရသေးလို့ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အားကြိုးမာန်တက် လက်တွဲဆောင်ရွက်နေတာ မြန်မာနိုင်ငံသူနိုင်ငံသားတွေအသိပါ။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကလည်း အသက်ဝင်လှုပ်ရှားဆောင်ရွက်နေတာပါ။
ဒါကိုချေဖျက်ဖို့များ(သို့မဟုတ်) မြန်မာလူငယ်တချို့တွေရဲ့ စိတ်အရင်းခံကြောင့်ပဲလား မသိပါဘူး။ လူအုပ်စုနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြယ်အားပျော့သွားအောင် ဖျက်နေတာကတော့ အင်မတန်ရုပ်ဆိုးအကျည်းတန်လှပါတယ်။ ဒီအချိန်မှာ နိုင်ငံတကာက စိတ်ဝင်စားမှုမြင့်တက်နေတဲ့အချိန် မင်းမဲ့စရိုက်ဆန်ဆန်လူအုပ်စုနဲ့ ရိုက်နှက်တဲ့ နိုင်ငံပါကွာလို့ တံဆိပ်ကပ်လိုက်ရင် စာရေးသူတို့ရဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် သိက္ခာကျစရာ ဖြစ်ပေတော့မယ်။
တရားဥပဒေစိုးမိုးရေးမှာ ဘက်နှစ်ဖက်ရှိပါတယ်။စိုးမိုးရေးကို ဆောင်ရွက်ရသူ အာဏာပိုင်အဖွဲ့အစည်းနှင့် လိုက်နာရသူ ပြည်သူပြည်သားတွေပါပဲ။ လိုက်နာရမယ့်သူကမလိုက်နာဘဲ အင်းယားကန်ပေါင်ပေါ်က အဖြစ်လို လူ(၂၅-၃၀) လောက်နဲ့ မင်းမဲ့စရိုက်ဆန်ဆန်ရမ်းကားမယ်ဆိုရင်တော့ မြန်မာပြည်ကြီးကို မြန်မာနိုင်ငံသားတွေက စောင့်ရှောက်နေကြတာမှဟုတ်ရဲ့လားလို့ မေးခွန်းထုတ်စရာပါ။(မတရားသော တရားဥပဒေကိုရုပ်သိမ်းပယ်ဖျက်ဖို့က ဆောင်ရွက်ရမယ့် အခြားကိစ္စတစ်ခုပါ။)
ဒီကနေ့ ပြစ်မှုကျူးလွန်ဖို့ကြံရွယ်နေတဲ့ အချို့လူငယ်များကို အကြံပြုလိုပါတယ်။အာဏာရှင်ခေတ်တုန်းက ကိစ္စရပ်အတော်များများကို ယင်းတို့ရဲ့စိတ်ခံစားမှုနှင့်အတူ ဆုံးဖြတ်ကြတယ်လို့ စွပ်စွဲကြပါတယ်။ ဥပဒေမဲ့ လုပ်ရပ်တွေလုပ်ခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။ဒီကနေ့ မြန်မာနိုင်ငံပြည်သူအားလုံးက ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဘ၀နဲ့ရင်းပြီး လူတိုင်းလူတိုင်းကျရာအခန်းကဏ္ဍကနေ ကိုယ်စီကိုယ်စီချီတက်နေကြချိန်မှာ အာဏာရှင်တွေလိုပဲ စိတ်ခံစားမှုနှင့်လုပ်ကြမှာလား၊ ရာဇ၀တ်မှုလုပ်ရပ်တွေနှင့် လျောက်လှမ်းသွားမှာလားလို့ အချို့သောလူငယ်များကိုမေးရင်း မိမိကြောင့် တရားဥပဒေမိုးစိုးရေးကို မနှောင့်ယှက်မိစေဖို့ တိုက်တွန်းချင်ပါတယ်။ ယနေ့လူငယ်နောင် ၀ယ်လူကြီးဆိုတဲ့ ဆိုရိုးစကားလည်း ရှိပါတယ်။ ဒါကအသက်ကြီးလာတဲ့ ပုံစံကိုပြောတာမဟုတ်ပါဘူး။ တည်ငြိမ်ရင့်ကျက်နိုင်ရန် တိုက်တွန်းတဲ့စကားလို့ မှတ်ယူစေချင်ပါတယ်။
လူငယ် ၃၀ ဆိုတော့ များလွန်းလို့ အထက်ပါမေးခွန်းကိုမေးရင်း ပြောရတာပါ။ တစ်ယောက်နှစ်ယောက်ပဲဆိုရင်တော့ မမေးပါဘူး။ ကျန်တဲ့နောက်လိုက်လူငယ်တွေဟာ မည်သည့်အကျိုးကို မျှော်ကိုးပြီး ဒီလိုအမှုမျိုးတွေလုပ်ရ တာလဲလို့ ထပ်ပြီးမေးချင်ပါသေးတယ်။ တရားဥပဒေစိုးမိုးရေးဆိုတဲ့ကော်မတီကို ပြက်ရယ်ပြုချင်နေတာများလားလို့ စဉ်းစားစရာပါ။
မြန်မာနိုင်ငံမှာ မွေးဖွားပြီးကြီးပြင်းလာရတဲ့ လူငယ်တွေမြန်မာနိုင်ငံကိုတော့ ချစ်ကြမှာပဲလို့ ယုံကြည်ပါတယ်။
မြန်မာပြည်ရဲ့ အနာဂတ်ဟာ ဒီကနေ့လူငယ်တွေရဲ့လက်ထဲမှာပါ။ အင်းယားကန်ပေါင်ပေါ်မှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ လူငယ်တွေရဲ့ လက်ထဲမှာလည်း ရှိနေပါတယ်။ မင်းမဲ့စရိုက်ဆန်ဆန်၊ လူမိုက်ဆန်ဆန်၊ ရိုက်တာနှက်တာ၊ ဓားနဲ့ခုတ်တာဟာ မလုပ် သင့် မလုပ်ထိုက်တဲ့အလုပ်ပါ။ ဒီလို သာဖြစ်နေမယ်ဆိုရင် မြန်မာပြည်ကို ဘယ်နိုင်ငံကမှ လာရဲမှာမဟုတ်သလို ပြည်တွင်းက မိဘပြည်သူများလည်း ဘယ်ဒေသ၊ဘယ်နိုင်ငံကို သွားနေရမလဲဆိုပြီး စိုးရိမ်ကြောင့်ကြစွာနေစေတော့မှာလား။ ဒီအယောက်(၂၅-၃၀) လောက်နဲ့ သန်း ၆၀ ကို ဘာမှမဖြစ်စေပါဘူးဆိုရင်လည်း အကြိမ်များစွာ ဒီလိုဖြစ်နေရင် စိတ်ချလက်ချသူတို့တွေ နေနိုင်ကြပါ့မလား။ ငယ်ငယ်ကကြားဖူးခဲ့သလို လမ်းထဲမှာ ခေါင်းတုံးနှင့် ရုပ်ဆိုးဆိုးလူသတ်သမား ရှိတယ်ဆို တဲ့ပုံပြင်ကိုနားထောင်ခဲ့ရတဲ့တုန်းကတောင် ညမှောင်ရင် အိမ်အပြင်မထွက်ရဲတော့တဲ့ မြန်မာလူမျိုးတွေပါ။
နှလုံးသားနူးညံ့ပြီး၊ အင်မတန်ယဉ်ကျေးဖော်ရွေ ကြင်နာတတ်တယ်ဆိုတဲ့ မြန်မာလူမျိုးတွေရဲ့ စရိုက်လက္ခဏာတွေ မြောင်းထဲရောက်ကုန်တော့မှာလား။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးအပုပ်ခံရတော့မှာလား။ ဒီမိုကရေစီအရေး ကြွေး ကြော်နေကြတဲ့ ဒီအချိန်မှာ ဒီလိုကိစ္စမျိုး မပြောဝံ့သလိုပါပဲ။
စာရေးသူကတော့ စိတ်မကောင်း ဖြစ်ရပါတယ်။ သြော် . . . ငြိမ်းချမ်းရေးကျောက်တိုင်ထူခဲ့တဲ့ အင်းယားကန်ပေါင်မှာ မငြိမ်းချမ်းတဲ့ဖြစ်ရပ်တွေပါလားလို့ တွေးမိပါတယ်။ ဒီလိုလုပ်ရတော့ ပါဝင်ပတ်သက်သူတွေရဲ့စိတ်ထဲမှာ ဘယ်လိုရှိမယ်မသိဘူး။ အရင်ဦးဆုံး ကိုယ့်မိသားစုကတော့ စိတ်ပူနေကြမှာသေချာတယ်။ ငွေရလို့ပဲဖြစ်ဖြစ်၊ ခင်မင်လို့ပဲဖြစ်ဖြစ်၊ နောက်ကနေ ညာသံပေးပြီး လုပ်ခဲ့ကြတာစိတ်ထဲမှာ ငြိမ်း ငြိမ်းချမ်းချမ်းနဲ့ ကျေနပ်နေပါရဲ့လားလို့ ဆိုချင်ပါတယ်။ အမှား၊ အမှန်ကိုခွဲခြားပြီး လုပ်သင့်သလား၊မလုပ်သင့်ဘူးလားဆိုတာကို စဉ်းစားချင့်ချိန်သင့်ပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတုန်းက စွမ်းအားရှင်တွေလို ဘာမှမစဉ်းစားပဲ သံဃာများအား ရိုက်နှက်ဖူးတာကို အားမကျစေလိုပါ။အဆိုပါစွမ်းအားရှင်တွေကို နိုင်ငံခြားမှာတင်သွင်း(Import) လုပ်လာတာ မဟုတ်ပါ။ ဒီနိုင်ငံထဲကပါပဲ။
ယခုလည်း မင်းမဲ့စရိုက်ဆန်ဆန်၊ ဥပဒေမစိုးမိုးနိုင်ရေးအတွက် နိုင်ငံခြားမှ တင်သွင်းလာစရာမလိုဘဲ ပြည်တွင်းမှာ ရနိုင်နေပါလားလို့ တွေးရင်း ရင်လေးမိပါတယ်။ အခြားသော လူငယ်များကိုလည်း ဒီလိုရာဇ၀တ်မှုမျိုး တရားဥပဒေချိုးဖောက်ခြင်းမှ ကင်းဝေးနိုင်စေရေး၊ ပြစ်မှုကျူးလွန်ရန် သိမ်းသွင်းစည်းရုံးခံရခြင်းမှ လွတ်ကင်းနိုင်စေရေး၊ ဒီလို အလေ့အကျင့်(Culture)တွေ မပြန့်ပွားစေရေးတို့အတွက် မိဘပြည်သူများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရင်း ဒီဆောင်းပါးကို ရေးသားလိုက်ရပါတယ်။
Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis