menu

Wednesday 24 October 2012

အရက်မူးနေသူကို ဖမ်းဆီးထိုးကြိတ်ကာ သေဆုံးသွားသဖြင့် ရဲဝန်ထမ်းလေးဦးအား လူသတ်မှုပုဒ်မဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထား

ပဲခူတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်တွင် စက်တင်ဘာလ ၁ ရက်နေ့ ည ၉ နာရီအချိန်ခန့် တွင် အရက်မူးနေသူအား ဖြူးမြို့နယ်ရဲစခန်းမှ ရဲဝန်ထမ်းများက ဖမ်းဆီးထိုးကြိတ်ကာ သေဆုံးမှု ဖြစ်ပွားသဖြင့် ခုံရုံးအဖွဲ့ဖွဲ့ကာ စစ်ဆေးစုံစမ်းမှုများ ပြုလုပ်ပြီးနောက် ပြစ်
မှုနှင့်ပတ်သက်မှုရှိသူ ရဲဝန်ထမ်းလေးဦးအား လူသတ်မှု ပုဒ်မ(၃၀၂) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ စက်တင်ဘာလ ၁ ရက်နေ့ ည ၉နာရီ အချိန်ခန့်တွင် ဖြူးမြို့နယ် အနောက်ဘက် ခင်တန်းကြီးကျေးရွာနေ လင်းကိုကိုထက်(ခ)ကိုလင်း (ခ) ရွာသားကြီး(၂၄)နှစ်သည် ဖြူးမြို့ နယ်ရဲစခန်းနှင့် လမ်းမတစ်ဖက်ခြမ်း မျက်စောင်းထိုးခန့်ရှိ “လောကနတ်” စားသောက်ဆိုင်တွင် အရက်သောက် စားခဲ့ကြောင်း သိရသည်။ ထို့နောက် ဆိုက်ကားဖြင့် အပြန်တွင် ဖြူးမြို့နယ် ရဲစခန်းမှ ရဲဝန်ထမ်းနှင့် စကား အချေအတင်ဖြစ်ကာ အရက်မူးနေသူအား ဖြူးမြို့နယ်ရဲစခန်းမှ ရဲဝန်ထမ်းများက ရဲစခန်းသို့ ခေါ်ဆောင်ထိန်း သိမ်းရာတွင် ကိုလင်းအား ရိုက်နှက်ထိုးကြိတ်မှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ထိုသို့ထိုးကြိတ် ရိုက်နှက်မှုများကြောင့် အရက်မူးနေသူ ကိုလင်းမှာ မျက်နှာ၊ နဖူးနှင့် လည်ပင်းတို့တွင် ထိခိုက်ဒဏ် ရာများ ရရှိကာ ဖြူးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခေါ်ဆောင် သွားစဉ်အချိန်မှ တစ်နာရီခွဲဝန်းကျင်အတွင်း သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိဘများပြော ကြားသဖြင့် သိရှိရသည်။

ယင်းဖြစ်စဉ်အား ဖြူးမြို့နယ် ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၇/၂၀၁၂ ဖြင့် စတင်အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကာ ဒုတိယရဲမှူးနှင့် ရဲအုပ်နှစ်ယောက်ပါသော အဖွဲ့က ခုံရုံးအဖွဲ့ဖွဲ့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တရားရုံး၏ ဆုံးဖြတ်ချက်ကိုရယူကာ သေဆုံးသူ ကိုလင်းအား ရိုက်နှက်ထိုးကြိတ်မှုတွင် ပါဝင်ခဲ့သော ဖြူးမြို့နယ်ရဲစခန်းမှ ရဲဝန်ထမ်း လေးဦးတို့အား ဖြူးမြို့နယ်စခန်းမှူး ရဲအုပ်အုန်းကျော်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ကနဦး အမှုဖွင့်ထားသော သေမှုသေခင်း အမှတ်စဉ် ၇/၂၀၁၂ အား အောက်တိုဘာလ ၁၉ ရက်နေ့တွင် (ပ)၃၀၇၊ လူသတ်မှုပုဒ်မ (၃၀၂) သို့ ပြောင်းလဲဖွင့်လိုက်ကြောင်း သိရသည်။

“ဒီဟာကို တရားရုံးကနေပြီးတော့ ဓမ္မတာအတိုင်းဖြစ်တယ်လို့ ထင်ရှားမှုမရှိဘဲနဲ့ ပြင်ပပြုလုပ်မှုတစ်ခုခုကြောင့် လို့ ယူဆတယ်ဆိုတဲ့ သတ်မှတ်ချက်ချတယ်၊ အဲဒါကြောင့်ဆိုရင် ဒီဆုံးဖြတ်ချက် အရဆိုရင် လူသတ်မှုဖွင့်ပြီး တရားရုံးမှာ လူသတ်မှုနဲ့ရှင်းရမယ်၊ ကျွန်တော်တို့က ကျွန်တော်တို့သဘောနဲ့လည်း မဆုံးဖြတ်ဘူး၊ တိုင်းရုံးကနေပြီးတော့ ရဲချုပ်ထံတင်ပြပြီးတော့မှ ရဲချုပ်ကနေပြီးတော့ လူသတ်မှုဖွင့်ပါတော့ဆိုပြီး ညွှန်ကြားလိုက်တယ်၊ ဒါပဲ ကျွန်တော်တို့က လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်ပေးတာပါ” ဟု တောင်ငူ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးဝင်းစိန်က ပြောကြားပါသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis