menu

Monday 13 August 2012

အကြောက်တရားနှင့် နှစ်ပေါင်းများစွာ(ဂျီအောင်ဘန်း)

တစ်စုံတစ်ခုသော အကြောင်းအရာနှင့် သမိုင်းဝင် နေ့ထူးနေ့မြတ်တွေရောက်တိုင်း ကျွန်တော်တို့ဘေးက ကျွန်တော်တို့ဝန်းကျင်မှာရှိသော ထင်ရှားသော သူငယ်ချင်းတွေ၊ အမှန်တရားကို ပြောထွက်ရဲသော ချွန်ထက်သော သူငယ်ချင်းတွေ နေ့မြင် ညပျောက်၊ ညနေတွေ့ ညပျောက်ဆိုသော ထိတ်လန့်ဖွယ်ကောင်းသော အချိန်ကာလတွေ။ ဒီကာလမျိုးတွေမှာ ကျွန်တော်တို့လို လူလားမြောက်ကြရတာ . . . 


၈-၈-၈၈ (၂၄)နှစ်မြောက် အခမ်းအနားကို မကွေးမြို့ မဲထီးလမ်း မင်းကျောင်းတိုက်တွင် သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်စဉ်
အမေ ကျွန်တော့်ကိုမွေးတော့ ၁၉၇၄ ဦးသန့် အရေးအခင်း အပြင်းထန်ဆုံး ဒီဇင်ဘာလ။ အဖေက အမေ ရှိရာ တာမွေကန်တော်ကြီးနားက တစ်ခုတည်းသော အလုပ်သမားဆေးရုံသို့ လှိုင်ဘူတာရုံလမ်းကနေ နေ့တိုင်း စွန့်စွန့်စားစား လာရသည်။ အမေကလည်း ဆေးရုံပေါ်မှာ ကျွန် တော့်ကို မွေးထုတ်ဖို့ ကြိုးစားဆဲ။ ပြင်ပမှာလည်း သေနတ်သံက တညံညံ။ ဒီလိုခေတ်ပျက်ကြီးထဲမှာ ကျွန်တော့်ကို မွေးခဲ့ရခြင်းဖြစ်တော့ အမေက မောင်နှမတွေနဲ့ မိသားစုဝင်တွေဆုံတိုင်း ဟိုတုန်းကအကြောင်း စကားစပ်မိရင် ကျွန်တော်မွေးတုန်းက ဘယ်လိုဒုက္ခရောက်တာကို ပြန်ပြောင်း၍ ပြောလေ့ရှိသည်။
ပြောဖန်များ၍ ကျွန်တော်မှတ်မိနေသောစကားက ''ဒီကောင်မွေးရတာ ဒုက္ခအရောက်ဆုံး။ အိမ်မှာကျန်ခဲ့တဲ့ ကလေးတွေကိုလည်း ပူရ၊ အိမ်ကလာတဲ့လူ လမ်းမှာဘာများဖြစ်မလဲဆိုတာလည်း  ပူရ။ ဟိုတစ်နေရာ ဒုန်းကနဲ၊ ဒီတစ်နေရာ ဒိုင်းကနဲ သေနတ်သံတွေ ကြားနေရတော့ ရင်တမမနဲ့ ကိုယ့်မှာလည်း မွေးခါနီး။ လူရော၊ စိတ်ရောတော်တော့်ကို ဒုက္ခရောက်တာ''ဟု။ ဒါကြောင့်ပဲလား မသိ။ ကျွန်တော်ငယ်စဉ်ဘ၀ထဲ ကျယ်လောင်သော အသံကြားရပြီဆိုရင် တထိတ်ထိတ်နှင့် တော်တော့်ကို မပျောက်။တွေးတွေးပြီး ကြောက်တတ်သောအကျင့်က ဒီကပဲ စခဲ့သည်။
ကျွန်တော်လူမှန်းစသိတော့ ကြီးဒေါ်နှင့်အတူ နေရ၏။ ကြီးဒေါ်က ဘုန်းကြီးညီမဆိုတော့ ငယ်ငယ်ကလေးသဘာဝက ကစားမက်တာကို ထိန်းဖို့ပဲလား။ အဲဒီတုန်းက ခေတ်အခြေအနေကပဲ တော်တော်လေး ဖရိုဖရဲဖြစ်နေလို့ မြင်နေကျဖြစ်ပြီး ပြောလေသလားမသိ။ ''ဟဲ့ကောင်လေး တွေမဆော့(မကစား)နဲ့။ ဟိုမှာရဲကြီး လာပြီတွေ့လား၊ ငြိမ်ငြိမ်နေ၊ ငြိမ်ငြိမ် မနေရင် ဖမ်းလိမ့်မယ်။ ဖမ်းပြီး ဟိုရောက်ရင် ဗိုက်ခွဲပြီး အူတွေနှိုက်စားလိမ့်မယ်''ဆိုပြီး ကျွန်တော်တို့ ကလေးဘ၀ကို ထိန်းကွပ်ခဲ့သည်။ ဒါကြောင့်ပဲလားမသိ။ ကျွန်တော့်ငယ်စိတ်ထဲ အဖေ အမေထက် သူစိမ်းကိုပိုကြောက်သော အထူးသဖြင့် အထက်အောက်က အရောင်တူဝတ်ထားသောပုဂ္ဂိုလ် (ဘုန်းကြီး၊ သံဃာတော်များကလွဲ၍) မြင်သည်နှင့်ကြောက်တတ်လာ၏။ စိတ်ထဲကလည်း ထိုပုဂ္ဂိုလ်တို့၏ သားသမီးဖြစ်ရင် အတော်ကံကောင်းလေစွဟု ကလေးတွေး တွေးမိ၏။
ကျွန်တော်မူလတန်း စတက်တော့ ပထမဆုံးမှတ်မိသေးတာ ၀၀တုတ်တုတ် မူလတန်းကျောင်းအုပ်ဆရာမကြီးရဲ့ လက်ထဲက သုံးလုံးပူးထားသော ကြိမ်လုံး။ မူလတန်း ကျောင်းလာအပ်ကြသော ပထမဆုံး ကျောင်းသားဘ၀ ကို စတင်ဖြတ်သန်းတော့မည့် ကလေးငယ်တစ်ယောက် ၏ ကျောင်းသားဘ၀ အသိစိတ်ထဲမှာ စတင်ထိတွေ့ရတာ ကြိုဆိုခြင်း၊ နွေးထွေးသော ဆက်ဆံခြင်းမဟုတ်။ ဆရာမကြီးက ကျွန်တော်တို့လို ကလေးတွေကို သူ့ရဲ့သုံးလုံးပူးကြိမ်လုံးကို လေထဲဝင့်ကာ ၀င့်ကာပြ၍ ကျောက်သင်ပုန်းကို ဖျန်းကနဲ ရိုက်ပြလိုက်ပြီး ''ဒီမှာကြည့် ပြောစကားနားမထောင်လို့ကတော့ ဒါကိုကြည့်ထား''ဆိုသော ကြောက်မက်ဖွယ် ခြိမ်းခြောက်သံနှင့် စာပေသင်ကြားမှုလောကထဲ စတင်ဝင်လာရသော ကျွန်တော်တို့လို ကလေးငယ်များအဖို့ စတင်နဖူးတွေ့ ဒူးတွေ့ တွေ့လိုက်ရသော ကြိမ်းဝါးမှုကြောင့် တချို့က ငို၊ တချို့က တဆတ်ဆတ်တုန်၊ တချို့က မော်မကြည့်ရဲ။ ဒီအထဲမှာ ကျွန်တော်က အဆိုးဆုံး။ ဒီတော့ မူလတန်းကျောင်းသားဘ၀တစ်လျှောက် ကျွန်တော့်သွေးထဲ ကလေးအသိထဲမှာ အရာရာကို ကြောက်တတ်သောစိတ်က လွှမ်းမိုးလျက်။ အကြောက်တရားက ကလေး ဘ၀မှာပင် ကျွန် တော်တို့ကို စတင် သက်ဝင်ထိန်းချုပ်လေပြီ။ ကျွန်တော်တို့ အလယ်တန်းရောက်တော့ ၁၉၈၀ ကျော်ကာလ။ ကျွန်တော်ကောင်းကောင်းမှတ်မိနေသည်က နေ့စဉ် ပြည်သူ့ဆိုင်မှာ အိမ်အတွက် ဆန်ကို ကိုယ်တာ(ခွဲတမ်း) ကျ သွားသွားထုတ်ပေးရတာ။ အဲဒီအချိန်မှာ လူတိုင်း တော်တော်လေး စားဝတ်နေရေး ခက်ခဲနေကြပြီဆိုတာ ကျွန်တော်သတိထားမိ၏။ လမ်းပေါ်မှာ ဈေးသည်တွေက ယခုလိုအများသား။ ၀ယ်မယ့်သူက မရှိသလောက်။ ဆန်တစ်ပြည် ၂ ကျပ် ၁၀ ပြားဆိုသော သမဆိုင်(သူတို့အခေါ် ပြည်သူ့ဆိုင်)မှာ ဆန်တစ်ပြည်ထုတ်ရဖို့ လူ တွေ ကြိတ်ကြိတ်တိုးရတဲ့ အချိန်။ သမဆိုင်က ၀န်ထမ်းတွေက ဆက်ဆံရေး ကောင်းမှကောင်း။ အဲဒီအချိန်မှာ တိုးဝှေ့နေသော လူအုပ်ကြီးကိုထိန်းဖို့ ၀န်ထမ်းတွေက တုတ်တွေဆွဲပြီး ထွက်လာကြာ၏။ ဆန်လာထုတ်သော ကလေး၊ လူကြီး၊ လူရွယ်တွေကို နွားတစ်အုပ်ထိန်းသလို တုတ်တွေနဲ့ ဟိုနေရာ ဖျန်းခနဲ၊ ဒီနေရာ ဖျန်းခနဲ။ ဒီမှာအထိနာဆုံးက ကျွန်တော်တို့လို ကလေးမကျ၊ လူကြီးမဖြစ် ဆယ်နှစ်ကျော်အရွယ်တွေ။ ကျွန်တော်တို့စိတ်ထဲ ပထမဆုံးခံပြင်းစိတ်နှင့် မိဘ/ဆရာမ မဟုတ်သော လူလူချင်းအတူတူ လက်နက်ကိုင်စွဲသော လူဗာလတွေကို ကြောက်တတ်သော စိတ်ဓာတ်(၀ါ) အားကောင်းမောင်းသန်ဖြစ်လာတော့မည့် အကြောက်တရားသည် စတင်ဖြစ်ထွန်းလာတော့သည်။
အဲဒီခေတ်က ပြည်သူ့ကောင်စီ၊ ပြည်သူ့ဆိုင်၊ ပြည်သူ့တရားရုံး၊ ပြည်သူ့ရဲဆိုသော''ပြည်သူ''ဆိုသော စကားက အတော်လေး ခေတ်စား၏။ ဘယ်နေရာကြည့်ကြည့် ပြည်သူဆိုသော နာမည်နှင့်မကင်း။ သို့သော် တကယ့်တကယ်မှာကား လူရွှင်တော်များ ပြက် လုံးထုတ်သော ''ကျွန်တော်က ပြည်သူ့အကျိုးပဲ ကြည့်တယ်။ ကျွန်တော့်မိန်းမက ပြည်မှာနေတဲ့ ပြည်သူအစစ်လေ'' ဆိုသော ပြက်လုံးလိုမျိုး၊ ထိုစဉ်က လုပ်ပိုင်ခွင့်ရခဲ့သော သူလုပ်ခဲ့ကြသည်။ ခုလည်း ဒီလိုမျိုးထက် အနည်းငယ်တောင် လျော့ပါ့မလား။ ကျွန်တော်တို့ လူငယ်ဘ၀ဖြတ်သန်းရတာက ဒီလိုကျီးလန့်စာစားဘ၀။ အဲဒီတုန်းက ကျွန်တော်တို့ ကြီးကောင်ဝင်စ အရွယ်တွေ အားလုံး နီးပါးက ဘောလုံးကန်တာတို့၊ ရေကူးတာတို့စသည့် အားကစားတွေမှာ စိတ်ဝင်စားသည်။ သို့သော် ကျောင်းတွေမှာက မ၀င်မရ ရှေ့ဆောင်လူငယ်ဆိုတာတွေ ၀င်ရ၊ မတက်ချင်သည့် သင်တန်းတွေတက်ရ။ အဲဒီ သင်တန်းတွေမှာ ရပ်ကွက်ထဲက မိန်းမကိစ္စရှုပ်တဲ့သူ၊ သူများဆီကငွေချေးပြီး ခပ်တည်တည် ပြန်မဆပ်သည့်သူ၊ ရပ်ကွက်ပိုင်မြေပေါ်မှာ ဗိုလ်ကျပြီး အိမ်ဆောက်၍ နေသူတွေ၊ ရပ်ထဲရွာထဲ အရက်ပုန်းဆိုင်က ပုံမှန်မိုက် ကြေးလာခွဲသူတွေ၊ ဆိုက်ကားသမားဘ၀ကနေ ဖော်လံဖားလုပ်နေသူတွေက ကျွန်တော်တို့ကို အလှန့်တရား၊ အခြောက်တရားတွေပြီးတော့ ကိုယ်ထင်တာကိုယ်ပြောဝါဒတွေပဲ ဟောခဲ့ ပြောခဲ့လေတော့ အရာရာမှတ်ယူနေတဲ့ ကျွန်တော်တို့ ခေါင်းထဲဘာများ အလေးထား တန်ဖိုးထားစရာ ရှိပါမည်နည်း။ ကြားသမျှ အမိုက်တရားတွေချည်း။
ကြောက်တတ်သော ကျွန်တော်တို့အတွက် အရွယ်ရောက်လေ ပို၍ ကြောက်စရာတွေ ပိုများလာခဲ့သော်လည်း ဉာဏ်မသုံးဘဲ ကာယသန်သော တချို့တချို့တွေကတော့ ဒီမှာပဲသူတို့လိုလူမျိုးတွေအတွက် လမ်းကြောင်းတစ်ခုကို တွေ့ရှိခဲ့ကြ၏။ ဒါကဘာလဲဆိုတော့ ''အရာရာတွင် ကျယ် ဒို့လူငယ်''ဆိုတဲ့ သူတို့ရဲ့ ဆောင်ပုဒ်အတိုင်း လက်ကိုင်တုတ်မျိုးဆက်တစ်ခုဖြစ်ခဲ့ပြီး ကျွန်တော်တို့လို ကြောက်တတ်တဲ့၊ ခံစားတတ်တဲ့ အသိဉာဏ်ရှိတဲ့  လူအများစုကို ထိန်းကွပ်ဖို့ အကောင်းဆုံး လက်နက်တစ်ခုအဖြစ် ရပ်တည်ဖို့။ အဲဒီအချိန်မှာ ကျွန်တော်တို့လို လူတစ်ယောက်ကို ခံစားတတ်၊ နားလည်တတ်၊ မျှဝေနာကျင်တတ်တဲ့ အများစုသော လူငယ်လေးတွေအဖို့ လူငယ်လူ့ဘ၀ကို စတင်ဖြတ်သန်းရာ ဒီအချိန်ကာလ အပိုင်းအခြားမှာ မိဘကို ကြောက်ရတဲ့အကြောက်၊ ကျောင်းကဆရာ/ဆရာမကို ကြောက်ရတဲ့အကြောက်အပြင် အဲဒီတုန်းက ကျွန်တော်တို့ လူငယ်အချင်းချင်း ပြန်ကြောက်နေရတဲ့ စိတ်မလုံခြုံမှု ကိုယ့်အချင်းချင်း ယုံကြည်မှုပါ ပျက်ပြားလာခဲ့ပါတယ်။ လူငယ်ဘ၀စကားများ ရန်ဖြစ်တဲ့အခါ ကိုယ့်နှမသားချင်းကို ကာကွယ်ဖို့ လိုလာတဲ့အခါ ကျွန်တော်တို့ မကာကွယ်၊ မတားဆီးနိုင်တဲ့ အရာတွေထဲ အဲဒီအမျိုးအစား တွေလည်း ပါဝင်လာခဲ့ပါတယ်။ မကြာခင်မှာပဲ ကျွန်တော်တို့ လူငယ်ဘ၀ရဲ့ ဖွံ့ဖြိုးမှု အကောင်းဆုံးဆိုနိုင်တဲ့ ၁၄ နှစ်ကနေ ၁၈ နှစ်ဆိုတဲ့ ကာလအတွင်းမှာ''၈၈ အရေးအခင်းကာလ''ကို ဖြတ်ကျော်ရပါတယ်။

တစ်စုံတစ်ခုသော အကြောင်းအရာနှင့် သမိုင်းဝင် နေ့ထူးနေ့မြတ်တွေရောက်တိုင်း ကျွန်တော်တို့ဘေးက ကျွန်တော်တို့ဝန်းကျင်မှာရှိသော ထင်ရှားသော သူငယ်ချင်းတွေ၊ အမှန်တရားကို ပြောထွက်ရဲသော ချွန်ထက်သော သူငယ်ချင်းတွေ နေ့မြင် ညပျောက်၊ ညနေတွေ့ ညပျောက်ဆိုသော ထိတ်လန့်ဖွယ်ကောင်းသော အချိန်ကာလတွေ။ ဒီကာလမျိုးတွေမှာ ကျွန်တော်တို့လို လူလားမြောက်ကြရတာ . . . 

တကယ်တော့ ရှစ်ဆယ့်ရှစ်လို့သာ လူအတော်များများက ခပ်လွယ်လွယ် ခေါ်နေကြတာပါ။ တကယ့်တကယ်တော့ အဲဒီရှေ့တစ်နှစ်လောက် ကြိုတဲ့ ရှစ်ဆယ့်ခုနစ်ကာလမှာကတည်းက ဒီအခြေအနေကို ကြုံတွေ့နေရတာပါ။ ပြီးတော့ ဒီကာလပြီး ရှစ်ဆယ့်ကိုး (၈၉)နှစ်အထိ။ အဲဒီအချိန်မှာ ကျွန်တော်တို့ တွေ့ကြုံခဲ့ရတဲ့ အခြေအနေ တွေက တော်တော်လေး ဆိုးရွားခဲ့ပါတယ်။ အဲဒီရှစ်ဆယ့်ရှစ်ကာလမှာ ကျွန်တော့်သူငယ်ချင်းမတစ်ယောက်ဆို သူ့ရှေ့မှာကြုံခဲ့တဲ့ အဖြစ်အပျက်တစ်ခုကြောင့် သည်းခြေပျက်ပြီး အရူးတစ်ယောက် ဖြစ်နေတာ။ ယခု လှိုင်ဘူတာရုံလမ်းမှာ ရှိနေဆဲ။ အဲဒီအချိန် ကာလကို ဖြတ်သန်းခဲ့ရတဲ့ လူတွေအားလုံး ဒီကာလဟာသူတို့ရဲ့ဘ၀မှာ အခက်ခဲဆုံး ကာလတစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့လို အကြောက်တရားကြီးစိုးနေတဲ့ လူပျိုပေါက် ကြီးကောင်ဝင်စအရွယ်တွေအဖို့ ပထမဆုံး ကျွန်တော်တို့ ကုပ်ပေါ်တက်စီးစ ပြုနေတဲ့ အကြောက်တရား ခေတ္တခဏ အဲဒီအချိန်ကာလမှာ ကွာကျခဲ့ပါတယ်။ မပြိုလဲဘူးလို့ ထင်ရတဲ့အရာတွေ၊ ဘယ်တော့မှ မရွေ့ဘူးလို့ ထင်ထားတဲ့အရာတွေကို အဲဒီအချိန်ကာလမှာ အများကြီး ပြိုလဲပျက်စီးတာကို တွေ့ခဲ့ရပါတယ်။ ကောင်စီရုံးက အခေါ်ခံရရင် သေမလောက် ကြောက်ရတဲ့အချိန်ကနေ အဲဒီကောင်စီရုံးရဲ့ တံခါးရွက်တွေ၊ ကြော်ငြာသင်ပုန်းတွေ၊ အပြင်နံရံတွေမှာ အဲဒီခေတ်က ကြီးစိုးခဲ့တဲ့သူတွေအပေါ် ကိုယ့်ရဲ့မကျေနပ်ချက်ကို ရေးချင်သလိုရေးပြီး တုံ့ပြန်လို့ရတဲ့ အချိန်၊ ကိုယ်ကိုဖိထားတဲ့လူ ခွေးပြေး ၀က်ပြေး ပြေးနေရတဲ့အချိန်။ ဘာပဲပြောပြော အဲဒီအချိန်ကာလဟာ ကျွန်တော်တို့လို ဟိုမရောက် ဒီမရောက် အရွယ်တွေအဖို့ တော်တော်လေး အရွယ်ရောက်သွားတဲ့ အချိန်ကာလလို့ ပြောလို့ရပါတယ်။
အဲဒီကာလကို ဖြတ်ကျော်ခဲ့ပြီး ဒီတစ်ခါတော့ ကျွန်တော်တို့လည်း အရွယ်ရောက်လေပြီ။ ကျွန်တော်၏ ပထမဆုံးသော တက္ကသိုလ်ကျောင်းသားဘ၀၊ လှိုင်နယ်မြေထဲမှာ။ သို့သော် ရင်ဆိုင်လိုက်ရသော တက္ကသိုလ်သည် တက္ကသိုလ်နှင့် မတူတော့။ ကျွန်တော်တို့လို လူငယ်တွေထဲမှာ ကိုယ့်အချင်းချင်း''ငါ ဘာကောင်'' ဆိုသော ကိုယ့်ရဲ့ အရည်အချင်းမဟုတ်သော ပိုင်ဆိုင်မှုအရှိန်အ၀ါ။ ''ငါဘယ်သူ့သားသမီး'' ဆိုသော နောက်ကွယ်က သြဇာအာဏာတွေ။ တစ်စုံတစ်ခုသော အကြောင်းအရာနှင့် သမိုင်းဝင် နေ့ထူးနေ့မြတ်တွေရောက်တိုင်း ကျွန်တော်တို့ဘေးက ကျွန်တော်တို့ဝန်းကျင်မှာရှိသော ထင်ရှားသော သူငယ်ချင်းတွေ၊ အမှန်တရားကို ပြောထွက် ရဲသော ချွန်ထက်သော သူငယ်ချင်းတွေ နေ့မြင် ညပျောက်၊ ညနေတွေ့ ညပျောက်ဆိုသော ထိတ်လန့်ဖွယ်ကောင်းသော အချိန်ကာလတွေ။ ဒီကာလမျိုးတွေမှာ ကျွန်တော်တို့လို လူလားမြောက်ကြရတာ၊ တကယ် မတတ်သော သင်ကြားမှုစနစ်၊ မဟုတ်တာလုပ်မိမှာကို ကြောက်ရမယ့်စနစ်ကနေ ဟုတ်တာ၊ မှန်တာကိုလုပ်ရင် ကြောက်နေရတဲ့ ကာလတစ်ခုကို ဖြတ်နေရတော့ ကျွန်တော်တို့ကုပ်ပေါ် ခွစီးထားသော အကြောက်တရားက ဘယ်မှာအားလျော့သွားနိုင် တော့မလဲ။ ပို၍ပို၍ပင် အားကောင်းမောင်းသန် ဖြစ်လာလေ၏။

၉၆ ကျောင်းတွေပိတ်၊ သူငယ်ချင်း အချို့လည်း ဘယ်တော့မှ ပြန်မလာနိုင်တော့သည့် မနိုးသော အိပ်ခြင်းတွေနဲ့ အိပ်စက်ခဲ့ရပြီးနောက် ကျွန်တော်တို့တွေလည်း ရဲဝံ့မှု မှန်သမျှ မြေကြီးထဲ ထိုးသိပ်ပြီး စားဝတ်နေရေးအတွက် လုပ်ငန်းခွင်သို့ ၀င်ခဲ့ရတော့ အဲဒီမှာ ထပ်ထပ်တိုးလာသည့် အ ကြောက်တရားတွေ။ လူကြီးကို ကြောက်ရ၊ လူကြီးမိန်းမကို ကြောက်ရ၊ လူကြီးပီအေဆိုတာကို ကြောက်ရ၊ ကွင်းပိုင်၊ နတ်နေကိုင်းတွေကို ကြောက်ရ၊ ဆံပင်ခပ်တိုတို ညှပ်ထာတဲ့လူတွေရဲ့လုပ်နိုင်ကိုင်နိုင်စွမ်းကို ကြောက်ရ။ တစ်ခါတလေငါတို့ အရွယ်တန်းက လူတွေကြောက်ရွံ့ဖို့ သက်သက် လူဖြစ်လာရလေသလားလို့တောင် တွေးမိသည်အထိ ကျွန်တော်တို့ကို ခြောက်ထားခဲ့ကြသည်။
ဆယ်စုနှစ် တာဝန်ထမ်းဘ၀ကို ဆိုးဆိုးရွားရွား ဖြတ်ကျော်ပြီး ၂၀၀၇ ခုနှစ်မှာတော့ ကျွန်တော်တို့ရင်ထဲက အကြောက်တရား အမြင့်ဆုံးသော အဆင့်သို့ ရောက်သွားခဲ့သည်။ မကြာခင်ကတော့ အခြေအနေတွေ အကောင်း ဘက်သို့ အရိပ်အယောင် သန်းခဲ့တာကို မြင်ခဲ့ရသည်။ သို့ပေမယ့် လုံးလုံးလျားလျားတော့ စိတ်ထဲမရဲသေး။ ကျွန်တော်တို့ ကုပ်ပေါ်က အကြောက်တရားကြီးက နည်းနည်းတော့ အားပျော့လာပြီလို့ ကျွန်တော်တို့ ခံစားမိနေတုန်း။ တချို့တချို့သော အခြေအနေအရပ်ရပ်၊ တချို့သော ကြိမ်းဝါးသံတွေက ကုပ်ပေါ်က အကောင်ကြီးကို ပြန်ပြန်၍ အား ဖြည့်ပေးသလိုဟု ကျွန်တော် ခံစားမိသည်။ တစ်ခါတလေတော့ ကျွန်တော်တို့ စဉ်းစားမိသည်။ ငယ်ငယ်က အဖြစ်နှင့် ယှဉ်၍ပေါ့။ ယခင်ကတည်းက အကြောက်တရားနှင့် စခဲ့ရသော ယနေ့ သုံးဆယ်ကျော် လေးဆယ်တန်း ကျွန်တော်တို့ လူရွယ်တွေအဖို့ အခြေအနေဆိုတာကို ရွေးချယ်ဖန်တီးနိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ကြဖူး၏။ သို့သော် အခြေအနေကသာ ကျွန်တော်တို့ဘ၀ကို ရွေးချယ် ဖန်တီးသွားခဲ့သည်။ အဲဒီထဲမှာ တချို့က အပေါ်၊ တချို့က အောက်၊ တချို့က စီရင်သူ၊ တချို့က စီရင်ခံရသူ။ ကျွန်တော်တို့ ဘာများ ရွေးချယ်နိုင်ခွင့် ရှိပါသနည်း။ ကျွန်တော်တို့အဖို့ ဒီမှာ လူလာဖြစ်နေရတာကိုကပင် ဒါကို လက်ခံသဘောတူသည်၊ ဒီအခြေအနေကို ထောက်ခံသည်ဟု သတ်မှတ်လိုက်ဖို့ သူတို့က အရာရာ ပြင်ဆင်ပြီးသားဘ၀။ အမှန်တကယ်တော့ ကျွန်တော်တို့မှာ မွေးကတည်းက ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းနှင့် အကျွမ်းဝင်ပြီးသား။ ယခုအချိန်မှ ဒီမိုကရေစီရဲ့ ရှေ့တော်ပြေး လေပြေလေညင်းကို ရမည်ကြံကာရှိသေး ယခုလေက ရပ်တန့်သလိုလို ဖြစ်နေလေပြီ။ ဒီတော့ကျွန်တော်တို့မှာ ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား ဒါမှမဟုတ် ဖွားဖက်တော် အကြောက်တရားနဲ့ ဆက်ပြီးနေရဦးမှာလား။ ဒါကို မဝေခွဲတတ်။
လွတ်လပ်မှုဆိုတာကို နည်းပေါင်းစုံနဲ့ အဓိပ္ပာယ်ဖွင့်နေကြသော ခေတ်ထဲတွင် ကိုယ်လွတ်လပ်ဖို့ သူများကို ချုပ်ချယ်သည့် လွတ်လပ်ခြင်းမျိုး၊ ကျွန်တော်တို့ မလိုချင်ပြီ။ ကျွန်တော်တို့ကိုလည်း မလုပ်စေချင်ပြီ။ ကျွန်တော်တို့လိုသော လွတ်လပ်ခြင်းတွင် လွတ်လပ်စွာ ပြောဆို၊ နေထိုင်၊ ရှင်သန်ခွင့်နှင့် ကျွန်တော်တို့ ကုပ်ပေါ်၊ ကျောပေါ် ထမ်းပိုးထားသော အကြောက်တရားကို ဖြစ်စေနိုင်သော အရာမှန်သမျှ မရှိတော့စေရေးပင် ဖြစ်သည်။ သို့သော် အကြောက်တရားနှင့် နှစ်ပေါင်းများစွာ လုံးပန်းခဲ့ရသော ကျွန်တော်တို့၏ အတွေ့အကြုံအရ ရှေ့လျှောက် အကြောက် တရားနှင့် နှစ်ပေါင်းများစွာ ဆက်နေရမည်လားဆိုသော သံသယစိတ်က သန္ဓေစိတ်ထဲ ကိန်းဝပ်ပြီးသား။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis