အစ ညနေ ငါးနာရီခန့် ရှိပြီ။ ရုံးခွဲ တစ်ခုကို စစ်ဆေးပြီး အပြန် တစ်ယောက်တည်း ကားမောင်းပြီး ပြန်လာစဉ် သူ့ကို စတွေ့ခဲ့သည်။
မြို့ပြင် ဖြစ်သဖြင့် ကားကို အရှိန်ဖြင့်
မောင်းလာခဲ့ရာ ရှေ့က ကားက ဗြုန်းခနဲ ရပ်လိုက်သောကြောင့် ကျွန်တော့်
ကားကိုလည်း ကမန်းကတန်း ရပ်လိုက်ရသည်။ စိတ်ဆိုးမာန် ဆိုးဖြင့် ကားတံခါး
ဖွင့်ပြီး ဆင်းလိုက်တော့မည် အလုပ် ရှေ့ကား ရှေ့ခန်းမှ အမျိုးသမီး တစ်ယောက်
ကားတံခါး ဖွင့်ဆင်း လာသည်ကို မြင်လိုက် ရသည်။ ဆက်မဆင်း တော့ဘဲ ကားပေါ်မှာ
ဆက်ထိုင်ပြီး ဘာဖြစ် လာမလဲဟု စောင့်ကြည့် နေလိုက်သည်။
အမျိုးသမီးကဒေါနှင့်
မောနှင့် ကားပေါ်က လူကို ပြောနေသည်။ ဘာပြော နေမှန်းတော့ မသိ။ အတော်
စိတ်ဆိုး နေသည်ကိုတော့ မှန်းလို့ ရသည်။ ထိုစဉ်နောက်ခန်း တံခါးပွင့်လာပြီး
လူငယ်တစ်ယောက် ဆင်းလာသည်။ အမျိုးသမီး လက်ကို ဆွဲတော့မလို လုပ်တော့
အမျိုးသမီးက လက်ဆွဲအိတ်နှင့် ပြန်ရိုက် မည့် ဟန်ပြင်သည်။
အာဂ သတ္တိပဲ။
ရှေ့ခန်းက ကောင်လေးတစ်ယောက် ထပ်ဆင်းလာပြန်သည်။ ပွဲက ကြည့်ကောင်းမည်
မဟုတ်တော့။ ကားကို ဟွန်း အဆက်မပြတ် တီးလိုက်ပြီး ကားပေါ်က ဆင်းလိုက်သည်။
ကောင်လေးတွေ
ကျွန်တော့်ကို ခေတ္တ အကဲ ခတ်ပြီး ကားပေါ် ပြန်တက် သွားသည်။ ချက်ချင်းပင်
ကားကို မောင်းထွက်သွားကြ သည်။ အမျိုးသမီးက ဒေါသဖြင့် ပြောဆို ကျန်ရစ်သည်။
ကျွန်တော် သူ့အနားသို့ ဆက်သွားလိုက်သည်။ အနီးရောက်တော့မှ သူတော်တော်
ချောသည်ကို သိလိုက် သည်။ ငယ်လည်းငယ်သေး သည်။ ဂျင်းဘောင်းဘီ အပြာ နှင့်
တီရှပ်အဖြူကို ၀တ်ထား သဖြင့် လှပသော ရုပ်ရည်နှင့် လိုက်ဖက်သော ကိုယ်လုံး
အလှကိုပါ သတိထားမိသည်။
“ဘာဖြစ်တာလဲ ဘယ် သူတွေလဲလို့ မမေးတော့ဘူး။ အစ်ကို ဘာအကူအညီ ပေး ရမလဲ” သူဘာမျှပြန်မပြော။ ကျွန်တော့်ကို ပြန်ကြည့်သည်။
“ဒီနေရာက မှောင်သွားရင် မကောင်းဘူး။ တက္ကစီ လည်း အလာကျဲမယ် ထင်တယ်” ကောင်မလေး ဘာမျှ ပြန်မပြောပါ။ ကျွန်တော့်ကို တော်တော်ကြာကြာ ကြည့် ပြီးမှ- “ဟုတ်တယ်”
တစ်ခွန်းပဲပြောပြီး လမ်းပေါ်ကို ငေးကြည့်နေသည်။ ပြီးတော့ စိတ်ရှုပ် ဟန်ဖြင့်
သက်ပြင်းမှုတ်ထုတ် သည်။ ပြီးတော့ “ကောင်စုတ်တွေ” ဟု ရေရွတ်လိုက် ပြန်သည်။
သူ့ကိုကြည့်ပြီး ရယ်ချင်နေသည်။ “ညီမ ယုံကြည်မယ် ဆိုရင် အစ်ကို့ကားနဲ့ လိုက်ပို့ ပေးပါမယ်”
သူ ကျွန်တော့ကို နောက်တစ်ကြိမ် အကဲခတ် သလိုကြည့်ပြန်သည်။ ပြီးတော့ ခေါင်းညိတ်ပြီး- “ဒါဆိုလည်း ပို့ပေးလေ”
သို့ဖြင့် ကျွန်တော်တို့ စတင် သိကျွမ်းသွားကြ သည်။ သူ့နာမည်က မိုးပွင့်၊
English Major ဖြင့် ကျောင်း တက်နေဆဲ။ တစ်ဦးတည်းသော သမီး။ အဲသည်နေ့က
ကျွန်တော်က ကော်လာလည် ခေါင်းတုံး၊ ယောလုံချည် အနက် ရုံးတက် ၀တ်စုံနှင့်
ဖြစ်သဖြင့် ယုံကြည်ရမည့်သူဟု ထင်ကြောင်း၊ ထို့ကြောင့် လိုက်ပို့ခိုင်းခြင်း
ဖြစ်ကြောင်း နောက်ပိုင်းတွင် ပြောပါသည်။
ထိုနေ့က သူအိမ်ကို
တန်းမပြန်ဘဲ ကျွန်တော် ဒကာခံသဖြင့် Coffee Circle တွင် ခဏ ၀င်ထိုင်ကြပြီး
စကား ပြောဖြစ်ခဲ့ပါသည်။ သူ့ အကြောင်း ကိုယ့်အကြောင်း မိတ်ဆက်
ပြောကြသည်ပဲပေါ။ Hand Phoneနံပါတ် တွေလည်း အပြန်အလှန်ပေး ဖြစ်ခဲ့ပါသည်။
အဲသည် ညက အိမ်ပြန် ရောက်ပြီးနောက် ရက်ပေါင်း များစွာ သူ့မျက်နှာကလေးက
ကျွန်တော့် မျက်စိထဲမှ မထွက်။ ရင်ဘတ်ထဲ အထိ မရောက်ပါစေနှင့်ဟု
ကျိတ်ဆုတောင်းမိပါသည်။ ၀င်းဝါ နုညက်နေသည့် အသား အရေ၊ ကြည်လင်သော
မျက်ဝန်းများ၊ ဖူးဖူးပြည့်ပြည့် နှုတ်ခမ်း၊ ချစ်မက်စဖွယ် လှုပ်ရှား မှုများ၊
အားလုံးကို ကျွန်တော် အချိန်တိုင်းလိုလို သတိတရ ဖြစ်နေရသည်။ သူ့ကိုထပ်ပြီး
တွေ့ချင်နေသည်။ ဒါသည် အချစ်များလား။ မဖြစ်ပါစေ နှင့်။ ပူလောင်လွန်းသော
ခံစားချက်များကို ကျွန်တော် မခံစားလိုပါ။ သို့သော် သူ့ကို တွေ့ချင်စိတ်က
တားမရ။ သည်တော့... “မိုးပွင့်။ ကိုယ်ပါ စိုးအောင်ပါ။ ခုဘာလုပ်နေလဲ၊ အားနေလား”
“ဟယ်- အစ်ကို ထင်တောင် မထင်ဘူး။ ထူးထူး ဆန်းဆန်း”
“ဟုတ်တယ် အစ်ကိုလည်း မိုးပွင့်ကို သတိရနေလို့ ဆက်လိုက်တာ”
“တကယ်” “ဟုတ်တယ် တကယ်၊ အားရင် အပြင်ထွက် တစ်ခုခု သွားစားရအောင်”
“တကယ်” “တကယ် ၊ တကယ် လုပ်မနေနဲ့။ အစ်ကို အခု ထွက်လာခဲ့မယ်။ အရင်တစ် ခါ မိုးပွင့် ဆင်းတဲ့နေရာက စောင့်နေ”
“ဟုတ်” အဲသည်ညက ကျွန်တော်တို့ အချိန်ကြာကြာ စကား ပြောဖြစ်ကြသည်။ KOSY ကို ရောက်လို့ ကားပေါ်မှဆင်း လိုက်တော့ သူက- “ဟယ် ဒီလိုဆိုတော့ အစ်ကိုက အလန်းစားပဲ။ ဟို တစ်ခါတုန်းကတော့ တကယ့် လူကြီးမင်း ပုံစံ”
“ရုံးအားရက်တွေမှာတော့ ဒီလိုပဲ ပေါ့ပေါ့ပါးပါး ၀တ်ပါတယ်။ ရုံးမှာကျတော့ လူကြီးတွေနဲ့ တွေ့နေရတာ ဆိုတော့ လည်ခေါင်းတုံးနဲ့ ပေါ့”
စားရင်းသောက်ရင်း စကားပြောကြရင်းနှင့် သူ့နှင် ပို၍ ရင်းနှီးလာသလို ခံစား
မိသည်။ သူ့မိသားစု အကြောင်း၊ ကျောင်းမှာ တစ်နေ့တာ ဖြစ်ခဲ့သည်များ၊ စသည်၊
စသည်ဖြင့် ဟို ရောက်ဒီရောက် ပြောရင်းမှာ ပင်၊ သူ့မျက်နှာကို တမ်းတမ်းတတ
ကြည့်နေမိသည် ထင် ပါရဲ့။ သူက- “အစ်ကိုကလည်း ကြည့်လိုက်တာ။ နေတောင် မနေတတ်တော့ဘူး”
“Sorry Sorry.. လှလွန်းလို့။ စကားပြောနေတာ ကြည့်ကောင်းလွန်းလို့” “တကယ်ကြည့် ကောင်းလို့လား။ အပိုတွေ ပြောနေပြန်ပြီ”
“ရင်ထဲကစကားပါ။ အမှန်ပြောရရင် တွေ့စကတည်းက သဘောကျမိတာ”
“ဟင် ” “ဟုတ်တယ်။ အစ်ကိုလေ မိုးပွင့်ကို နေ့တိုင်း လောက်ကို သတိရနေတာ”
သူဘာမှပြန်မပြော၊ ငြိမ် နားထောင်နေသည်။
“အဲဒါ အချစ်ပဲလား မသိဘူး။ မိုးပွင့်နဲ့ ပတ်သက်တာ မှန်သမျှ အားလုံးကို သဘော
ကျနေတာ။ ချစ်တယ်ဆိုတာ သဘောကျတာကအစပြုတာ လား။ ချစ်လို့သဘောကျ တာလား။ အဲဒီ
၂ခုက အချင်းချင်း ဆက်နေတယ်”
နှစ်ယောက်စလုံး စကားဆက်မပြောမိကြဘဲ
တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြသည်။ ကျွန်တော့်မျက်လုံးတွင်သူ
အဖြေရှာနေသလားမသိ။ ကျွန်တော်ကတော့ သူ့ အကြည့်မှ လွှဲဖယ်မရနိုင် အောင်
ငြိတွယ်မိနေပြီ။ တိုတိုပဲ ပြောလိုက်ပါ သည်။ “အစ်ကို မိုးပွင့်ကို ချစ်တယ်”
သူ့မျက်နှာဝင်းလက် သွားသည်ဟု ထင်ပါသည်။ “တကယ်ပြောနေတာလား။ နေဦး။ မိုးပွင့်အရင်က အကြောင်းတွေကို အစ်ကို မမေးတော့ဘူးလား”
“မမေးတော့ဘူး။ အရင် က အကြောင်းတွေက ပြီးပြီး သားတွေလို့ မှတ်ထားလိုက် တယ်”
“ဒါဆိုလည်း တွဲမယ်လေ။ အစ်ကို့ကိုလည်း မိုးပွင့် လေ့လာ ရဦးမှာနော်။ အသေ တော့ မမှတ်လိုက်နဲ့ဦး ဆရာကြီး”
ကျွန်တော်တို့ ၄၊ ၅ လ ခန့် အတူသွား အတူလာ။ ချစ်သူတွေ မဟုတ်သေးသော် လည်း
ချစ်သူတွေလို နေ့တိုင်း တွေ့ကြသည်။ ရှိုးပွဲတွေ၊ စားသောက်ဆိုင်တွေ၊
အနှံ့ရောက် ခဲ့ကြသည်။ ချစ်သူများကဲ့သို့ ကာရာအိုကေ ခန်းမများမှာ သီချင်းတွေ
ဆိုကြသည်။ ကျွန်တော် သီချင်းဆိုနေစဉ် ကွန်တော့် ပခုံးကိုမှီ မျက်စိကို
မှိတ်လျက် သက်ဝင် ခံစားနားထောင် နေသည်များကလည်း မေ့နိုင်စရာ မရှိ။
သူသီချင်း ဆိုနေစဉ်တွင် ကျွန်တော်က သူ့ပခုံးကို အားပေးသလို ဖက်လိုက်သည့်
အခါများတွင်လည်း ငြင်းပယ်ခြင်း မရှိ။ ကျွန်တော်၏ လက်မောင်း ရင်းကို
မှီတွယ်ခဲ့ပုံများက လည်း ကျွန်တော်၏ နှလုံးအိမ်တွင် နက်နက်ရှိုင်းရှိုင်း
ဝင်နေခဲ့ပြီ။ အပြာရောင် မီးမှိန်မှိန် တွင် ဖြူဝင်းသော အသား အရေကြောင့်
လှချင်တိုင်းလှ နေသည့် သူ့ကိုအမှန်ပင် မြတ်နိုးတွယ်တာ မိပါသည်။ သူ့အပြင်
အခြားတစ်ယောက် ဟူ၍ ကျွန်တော့်ဘ၀တွင် ရှိလာ နိုင်တော့မည် မဟုတ်ပါ။
တစ်ည ဆရာစံလမ်း ပေါ်မှ ကာရာအိုကေခန်းမတွင် ၀ိုင်သောက်ရင်း သီချင်း များဆိုကြရင်း- “အစ်ကို မိုးပွင့် ဘာလုပ်လုပ် သီချင်းဆိုတာ မပျက် စေနဲ့နော်”
“မိုးပွင့်က ဘာလုပ်မှာ တုံး”
“ဘာလုပ်လုပ်ပေါ့။ မိုးပွင့်ပြောသလိုလုပ်၊ လှည့် မကြည့်နဲ့”
သူပြောသလို သီချင်း ကိုဆက်ဆို နေလိုက်ပါသည်။ “ရွှတ်” ရုတ်တရက် သိုင်းဖက်ပြီး ကျွန်တော့် ပါးကို သူနမ်းလိုက်ခြင်းဖြစ်ပါ သည်။ “ဟာ ဘယ်လိုဖြစ်တာလဲ”
“နမ်းတာ၊ ချစ်လို့ နမ်း လိုက်တာ”
“ရုတ်တရက်ကြီး”
“ဟုတ်တယ်။ ရုတ်တရက်ကြီး ချစ်သွားလို့”
“ဒါဆို”
“တကယ့် ချစ်သူတွေ ဖြစ်သွားပြီလို့ ပြောချင်တာ လား” “အင်း၊ ဖြစ်သွားပြီလား”
“ဖြစ်သွားပြီ၊ မိုးပွင့်နဲ့ အစ်ကိုနဲ့ ချစ်သူစစ်စစ် ဖြစ်သွားပြီ”
ပျော်လိုက်သည့် ဖြစ် ခြင်း။ ကျွန်တော် အလိုချင်ဆုံး၊ အမျှော်မှန်းဆုံး
ဆုတစ်ခု ကိုရလိုက်သောည။ အဲသည် ညက သူမောသွားအောင် နမ်း ဖြစ်ခဲ့သည်။ ချစ်သူဘဝ
ပထမဆုံး အနမ်းများ ဖြစ်ပါသည်။
ပြီးတော့ အသစ်စက်စက် ချစ်သူဘ၀၏
ပထမဦးဆုံး နံနက်ခင်းကို စိမ်းစိုတွင် ကျင်းပရန် ချိန်းဆိုခဲ့ကြသည်။
သော့ခလောက် အသစ်စက် စက်တစ်လုံး၊ သော့ပါယူခဲ့ ရန်မှာလိုက်သည်။ သူနားမလည်သလို
ပြန်ကြည့်ပြီး ခေါင်းညိတ်သည်။ နောက်တစ်နေ့မနက် စောစော စိမ်းစိုရှိ
ကော်ဖီဆိုင် ကိုသွားပြီး လိုအပ်သည်များကို တိုင်းတာစစ်ဆေး၊ သော့ ခလောက်
အသစ်တစ်လုံး နှင့် လိုအပ်သည်များကို ၀ယ်သည်။ ထို့နောက် အိမ်ပြန်
ရေချိုးပြီး မနက် ၈နာရီတွင် မိုးပွင့်ကို သွားခေါ်သည်။ သူကလည်း
အဆင်သင့်ဖြစ် နေပြီ။
မနေ့ကထက်ပင် ပိုလှနေသော ကျွန်တော့်ချစ်သူ။
မနေ့ကထက်ပင်ပို၍ ချစ်စ ရာကောင်းနေသော ကျွန်တော် ၏မိန်းကလေး။ သော့ပါခဲ့လားဟု
မေး တော့ ပါပါတယ်။ ဆရာကြီး မှာတာတွေ မမေ့ပါဘူးဟု ပြောသည်။ ကားပေါ်ကို သူ
တက်လိုက်သည်နှင့် ကား တစ်စီးလုံး မွှေးသွားသည်။ Breakfast အနမ်းလေးများ
ဖလှယ်ပြီးအပျော်စိတ်များဖြင့်
စိမ်းစိုသို့ထွက်ခဲ့ကြသည်။ကော်ဖီဆိုင်ရောက်တော့ သူ ကြိုက်တာတွေ မှာပြီးစား
လိုက်ကြသည်။ ပြီးတော့မှ ကော်ဖီပူပူကို အေးအေးဆေး ဆေးသောက်ပြီး သူ့ကို ပန်း
ရောင်ကတ်္တီပါသားဖြင့် ဖုံးအုပ် ထားသော သေတ္တာကလေးကို ဖွင့်ကြည့်ပါဟု
ပြောပြီး ပေးလိုက်သည်။ အထဲတွင် အဖြူI Phone 4, သူဖွင့် ကြည့်ပြီး
မျက်နှာဝင်းလက် သွားသည်။ “ဘယ်တုန်းက စီစဉ် ထားတာလဲ”
“စင်ကာပူ သွားတုန်း က ၀ယ်လာတာ။ မိုးပွင့်ဆီက အဖြေရတဲ့နေ့ ပေးဖို့”
“အဖြေ မရရင် မပေး ဘူးပေါ့”
“မဟုတ်ဘူး။ ရမှာ သေချာလို့”
“မိုးပွင့်က ဒီလောက် တောင် အကဲခတ်ရလွယ်နေ တယ်ပေါ့”
“မိုးပွင့် အစ်ကို့ကို ချစ်လာမယ်လို့ ယုံကြည်ထားလို့၊ တစ်နေ့မဟုတ်
တစ်နေ့ချစ် လာမှာဆိုတာ သိနေသလိုပဲ။ ကြိုပေးထားရင် ဆွဲဆောင် သလိုဖြစ်မှာလည်း
စိုးတယ်”
“ဒါဆိုလည်းပြီးရော”
“နေဦး။ ပြောစရာရှိ သေးတယ်”
“ပြောလေ။ မိုးပွင့်တို့ ပြန်မှ မပြန်သေးတာ”
“ဒီလို၊ အစ်ကိုဖတ်ဖူး ထားတာကို ပြောချင်လို့။ ဂျာမနီက ရိုင်းမြစ်ဆိုတာ သိလား”
သူခေါင်းခါသည်။
“အဲဒီရိုင်းမြစ်ဘေးမှာ မြို့ကလေး တစ်မြို့ရှိတယ်။ အဲဒီ ကော်ဖီဆိုင်ကလေးက
လည်း ရိုင်းမြစ်ဘေးမှာပဲ ဖွင့် ထားတာ။ကော်ဖီဆိုင် ရှေ့မှာ သစ်ပင်တစ်ပင်
ရှိတယ်။ ထူး ဆန်းတာက ဘာလဲ မိုးပွင့် သိလား” သူထပ်ခေါင်းခါသည်။
“ထူးဆန်းတာကအဲဒီ သစ်ပင်ရဲ့ ပင်စည်ကို သံကြိုးတွေ အချောင်းပေါင်းများစွာ
ပတ်ထားတာပဲ။ နောက်ပြီး သံကြိုးတိုင်းကို သော့ခ လောက်တွေနဲ့ ခတ်ထားတယ်”
“ဘာလို့သော့ခတ် ထားတာလဲ”
“ပြောမယ်။ အဓိပ္ပာယ် ရှိတယ်။ အဲဒီဆိုင်ကို ချစ်သူစုံ တွဲတွေ လာကြတယ်။ ထာဝ
ရမခွဲမခွာ သစ္စာရှိကြဖို့ ကတိ ပြုကြပြီး သံကြိုးနဲ့ရစ်ပတ်
ချည်နှောင်ကြတယ်တဲ့။ ပြီးတော့ သံကြိုးနှစ်စကို သူတို့ ယူလာတဲ့ သော့ခလောက်၂
လုံးနဲ့ ခတ်လိုက်ပြီး သော့တွေကို ရိုင်းမြစ်ထဲကို လွှင့်ပစ် လိုက်ကြတယ်တဲ့။
နောက် ထပ် အချစ်သစ်တွေ ၀င်မလာ ရအောင် သူတို့ရဲ့ အသည်း နှလုံးကို
သော့ခတ်လိုက်တဲ့ သဘောပေါ့။ ဖွင့်နိုင်တဲ့သော့ တွေကိုလည်း ရိုင်းမြစ်ထဲ
ပစ်ချလိုက်တော့ ထာဝရသစ္စာ ရှိကြေး သင်္ကေတပေါ့”
“ကောင်းလိုက်တာ။ မိုးပွင့် အရမ်းကြိုက်သွားပြီ။ မိုးပွင့်တို့လည်း အဲဒီလိုလုပ်ရ အောင်နော် အစ်ကို”
“ဟုတ်တယ်ဆရာ ကျွန်တော်လည်း ထောက်ခံတယ်”
အနားတွင် ဘယ်အချိန်က ရောက်နေမှန်း မသိလိုက်သော စားပွဲထိုး လူငယ်က
ဝင်ပြောလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော်က လှည်ကြည့်ပြီး ပြုံးရင်း- “မင်းက ဘယ်တုန်းက နားထောင်နေတာလဲကွ”
“ကြာပြီဆရာ၊ စိတ်ဝင် စားဖို့ကောင်းလို့ ဆက်နား ထောင်နေတာ။ ဆရာပြောတဲ့
ဆိုင်ကလေးက ကျွန်တော်တို့ ဆိုင်နဲ့ ဆင်တယ်ဆရာ။ ဟို ရှေ့က သစ်ပင်ဆိုရင် ဆရာ
ပြောသလို လုပ်လို့ရမယ် ထင် တယ်”
“ဟုတ်တယ်ကွ။ ဒါ ကြောင့်ငါ မင်းတို့ဆိုင်ကို လာခဲ့တာ။ မနက်က တစ်ခေါက် လာကြည့်ပြီးပြီ။
“ဟာ မှတ်မိပြီ။ မနက် က သစ်ပင်ကို လာကြည့်တာ အစ်ကိုပဲ” လူငယ်က ကျွန်တော့် ကို မှတ်မိသွားသည်။ “မိုးပွင့် အစ်ကိုမှာတာ တွေပါတယ်နော်”
“ပါတယ်အစ်ကို။ သံကြိုးတော့ မပါဘူးနော်။ အစ်ကိုမှ မမှာတာ”
“အစ်ကို စီစဉ်ထားပြီး ပါပြီ။ ညီလေး ဟိုနားက အစ်ကို့ ကားနောက်ဖုံးထဲမှာ သံကြိုးရှိတယ်။ ယူပေးပါ လား။ အဖုံးဖွင့်တတ်တယ် နော်”
ကောင်လေး သွားယူ နေတုန်း မိုးပွင့်ကို ထပ်ရှင်းပြ သည်။
“မနေ့ညက မိုးပွင့်က အစ်ကို့ကို ချစ်တယ်လည်း ဆိုရော အစ်ကိုဒီလို လုပ်မယ်
လို့အကြံရလိုက်တယ်။ ဟိုရှေ့ ကမ်းစပ်က သစ်ပင်ကို မြင် လား။ မြေကြီးက ထွက်လာ
တဲ့ပင်စည်က အပေါ်လည်း ရောက်ရော ပင်စည်သုံးချောင်း
ဖြာထွက်သွားတယ်နော်။တွေ့လား။ အဲဒီပင်စည်သုံး ချောင်းစလုံးကို အစ်ကိုယူလာ
တဲ့ သံကြိုးနဲ့ ပတ်ချည်မယ်။ ပြီးတော့ မိုးပွင့်သော့ခလောက်
နဲ့အစ်ကိုသော့ခလောက် နဲ့တွဲပြီး ခတ်လိုက်မယ်။ပြီးတော့ အဲဒီသော့တွေကို
ဖွင့်လို့ရတဲ့ သော့ချောင်းတွေ အားလုံးကို ဒီအင်းလျားကန် ထဲ
ပစ်ချလိုက်တော့မယ်”
မိုးပွင့်က ကျွန်တော့်ကို ရွှန်းရွှန်းစားစားကြီး ကြည့်ပြီး ခေါင်းညိတ်သည်။
ကောင်လေးပြန် ရောက်လာတော့ သူနှင့်အတူကမ်း စပ်က သစ်ပင်၏ပင်စည်သုံး
ချောင်းကို သံကြိုးဖြင့်ပတ်ချီ ပြီးကျွန်တော့် သော့ခလောက်၊
မိုးပွင့်သော့ခလောက်တို့ဖြင့် တွဲပြီး သော့ခတ်လိုက်သည်။
သော့ချောင်းတွေတောင်းလိုက် တော့ မိုးပွင့် ဆင်းလာပြီး
သူ့သော့နှစ်ချောင်းကို ပေးသည်။ ကျွန်တော်ကလည်း
ကျွန်တော့်သော့နှစ်ချောင်းကို မိုးပွင့်ကိုပေးလိုက်သည်။ တစ်ယောက်ကို
တစ်ယောက် ကြည့်ရင်း သော့ချောင်းများ ကို ပြိုင်တူ အင်းလျားကန် ထဲသို့
ပစ်ချလိုက်ကြသည်။
ထို့နောက် ပြုံးပြီး တစ်ယောက်ကို တစ်ယောက် ရွှန်း ရွှန်းစားစားကြည့်ရင်း၊ ထာဝ ရနော်၊ ထာဝရဟု တိုးတိုး ကလေး ပြောခဲ့ကြသည်။ ကော်ဖီဆိုင်ထဲက စားပွဲ ထိုးလူငယ်များက လက်ခုပ် လက်ဝါးတီးပြီး ချီးမြှောက်ခဲ့ ကြပါသည်။
အဆုံး
ကြာတော့ အတော်ကြာ သွားပါပြီ။ ရာဇ၀င်ဟုပင် ပြောရတော့ မလားမသိ။ အခု တော့
စိမ်းစိုက ကော်ဖီဆိုင် ကလေးတွင် ကျွန်တော် တစ်ယောက်တည်း။ ပျော်စရာ
နေ့ရက်များသည် ခဏက လေးနှင့် ကုန်ဆုံးသွားခဲ့သည်။ ကျွန်တော်ကို
မိုးပွင့်ပစ်ခွာ သွားခဲ့သည်မှာလည်း ကြာခဲ့ပါပြီ။ သို့သော်ကျွန်တော့်
ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်နေသော သူ့ပုံရိပ် များသည်
ယခုထိမပြယ် နိုင်သေး။ ပြုစားနေဆဲ။ အိပ် ပျက်ညများကို ဖန်တီးပေး နေဆဲ။
ဖုန်းဆက်လို့မရ။ လူ ချင်းတွေ့ရန် အခွင့်အလမ်းများလည်း ပိတ်နေပြီ။ သည်တော့၊
ကျွန်တော် ဘာဆက်လုပ်ရ မည်မသိ။ သူ့ကိုသွားခေါ်နေ ကျနေရာကလေးမှာ တရစ် ၀ဲဝ
ဲစောင့်နေမိပြန်တော့လည်း အရိပ်အယောင်ပင် မတွေ့ရ တော့။
ကြာတော့လည်း
စိတ်ပင်ပန်း၊ လူပင်ပန်း မခံနိုင် တော့။ အိမ်နှင့်အလုပ် အလုပ် နှင့်အိမ်၊
ဒါကိုပင်စိတ်နှစ် ထားရန် ကြိုးစားရသည်။ယခု လည်း သူနှင့်အတူအကြိမ် ကြိမ်
ထိုင်ခဲ့ဖူးသော စိမ်းစိုရှိ ကော်ဖီဆိုင်ကလေးသို့ ရောက်ခဲ့ပြန်ပြီ။
ကျွန်တော်တို့သံကြိုး ချည်နှောင်ထားခဲ့သော သစ် ပင်ကလေးတွင် နောက်ထပ်
သံကြိုးများစွာ ရစ်ပတ်ချည် နှောင်ပြီး သော့ပေါင်းများစွာ ဖြင့်ခတ်ထားသည်ကို
တွေ့ရ တိုင်း ကျွန်တော့်ကို လက်တို့ ပြတတ်သော သူ့ကိုသတိရရင်း၊
ပြုံးမိပါသည်။ ကျွန်တော်နှင့် မိုးပွင့် ချည်နှောင်ခဲ့သော သံကြိုးက
အောက်ဆုံးမှာ။
စားပွဲထိုး ကောင်လေး၏ လက်ချက်ပင်ဖြစ်မည်။ သူက
တစ်ဆင့်ပြော စကားဖြင့် ကျွန်တော်ကဲ့သို့ အချစ်တွင် ရူးသွပ်တတ်သူတွေ၊
ကျွန်တော် ကဲ့သို့ အချစ်ကို ကိုးကွယ် တတ်သူတွေတော်တော်များ နေပြီပဲ။ ကျွန်တော်ကဲ့သို့ မခံစား ရပါစေနှင့်ဟုလည်းဆုတောင်း မိပါသည်။
ကျွန်တော်ကတော့ လွမ်းလို့ ကောင်းနေဆဲ။ ဆွေး လို့ ကောင်းနေဆဲ၊ မိုးပွင့်က
တော့ ကျွန်တော်နှင့်ဝေးသော သို့မဟုတ် ကျွန်တော် မသိ နိုင်သည့် မနီးမဝေး
တစ်နေ ရာရာတွင်လက်တွဲဖော်အသစ် နှင့် ပျော်နေပေလိမ့်မည်။
ကျွန်တော့်မှာသာ တစ်ဖက်သတ်၊ ဘာကြောင့် ကမ္ဘာကြီး ပျက်တော့မလို ဖြစ်နေရသလဲ။
ဒီအခြေအနေ ကိုဘာကြောင့် ကျွန်တော် ကျေနပ်နေရမှာလဲ။ အိပ်ပျက် ညတွေကို
ကျွန်တော်ဘာ ကြောင့် ခုံမင်နေရမှာလဲ။ ခုလို သနားစရာကောင်လေး တစ် ယောက်လို
နေလို့ရော မိုးပွင့် က ကျွန်တော့်ထံ ပြန်လာမှာ တဲ့လား။ အဓိပ္ပာယ်မရှိ ရည်
မှန်းချက် ပျောက်နေသော ဘ၀နှင့် လေလွင့်နေသော လူတစ်ယောက်က ကျွန်တော်လား။
အတွေးများတွင် လွင့် မျောနေမိရင်း စိမ်းစို၏ ပတ် ၀န်းကျင်မှ ကျွန်တော် ဝေး
ကွာ သွားသည်မှာ မည်မျှ ကြာသွားသည်မသိ။ စားပွဲ ထိုး ကောင်လေးက ဆရာ
ဘာထပ်မှာဦးမလဲဟု မေး လာမှ လက်ရှိကမ္ဘာကိုပြန် ရောက်ခဲ့သည်။ ကျွန်တော်တို့
ရူးသွပ်စွာ ချည်နှောင်ခဲ့သော သံ ကြိုးများကြောင့် သစ်ပင် ကလေးလည်း
လေးလံလွန်း လှပေတော့မည်။
ကျွန်တော် ထိုင်နေရာ မှထရပ်လိုက်သည်။ ဘောင်း ဘီအိတ်ထဲမှ ပိုက်ဆံအိတ် ကိုဆွဲထုတ်လိုက်သည်။
ထို့နောက် အိတ်ကိုဖွင့် ပြီးအထဲတွင် ရက်ပေါင်း၊ လ ပေါင်းများစွာ အသေအချာ
သိမ်းထားခဲ့သည့် သော့ချောင်း ကလေးကို ထုတ်ယူလိုက်ပါသည်။ သော့ခလောက် ၀ယ်စဉ်က
သော့သုံးချောင်းပါလာ ခဲ့သော်လည်း၊ အင်းလျားကန်ထဲသို့ ၂ချောင်းကိုသာပစ်
ထည့်ခဲ့ပြီး ကျန်တစ်ချောင်း ကိုတော့ လိုရမည်ရ ချန်ထား ခဲ့သည်။ ယခုတော့
ထိုသော့ ကလေး အသုံးဝင်ပါပြီ။ ကန်စပ်သို့ ကျွန်တော် ဆင်းသွား တော့
စားပွဲထိုးကလေးက စောင့်ကြည့်နေသည်။ သစ်ပင်ကလေး အနားရောက်တော့ အောက်ဆုံးက
သံကြိုးတွင် ခတ်ထားသောသော့ခလောက် ၂လုံး အနက်၊ ကျွန်တော့်သော့ ခလောက်တွင်
သော့ကို ထည့်လိုက်သည်။ ညာဘက် လှည့် လိုက်တော့ ထောက်ခနဲ အသံ မြည်ပြီး
သော့ပွင့်သွားသည်။ ကျွန်တော့်သော့ကို တွဲထား သော မိုးပွင့်၏ သော့အတွင်းမှ
ဖြုတ်ယူလိုက်သည်။
သစ်ပင်ကို ရစ်ပတ် ထားသော သံကြိုးက သူ့
အလိုလိုပြေလျော့ပြီး မြေပေါ် သို့ကျလာသည်။ သံကြိုးနှင့် အတူ မိုးပွင့်၏
သော့ကိုပါ ကောက်ယူလိုက်ပြီး ခပ်ဝေး ဝေးရေပြင်ဆီသို့လွှဲပစ်လိုက် သည်။
သံကြိုးနှင့်သော့ ခလောက်အတွဲလိုက်သည် အင်းလျားကန်ထဲသို့ ချက်ချင်းပင်
မြုပ်သွားသည်။
ရေပွက်ကလေးများ ထ လျက်ကျန်ရစ်သေးသည်။ ရေပွက်ကလေးများ
ငြိမ်သက် သွားသည်အထိ စောင့်ကြည့် ပြီး ထိုင်ခဲ့သောစားပွဲသို့ပြန်
လာခဲ့သည်။ ထို့နောက်ငွေရှင်း ကာ ကားကိုမောင်းထွက်ခဲ့ သည်။
ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းက ပြောခဲ့ပါ သည်။ “ဘယ်ဟာမှအကြာ ကြီး
မဟုတ်ဘူး”တဲ့။ ဗုဒ္ဓဘုရားရှင် ကိုယ် တော်မြတ်ကလည်း ဟောခဲ့ ပါသည်။ “ဘယ်ဟာမှမမြဲဘူး။ အားလုံးဟာ သင်္ခါရပဲတဲ့။ ဘယ်ဟာကိုမှလည်း အစိုးမ ရဘူးတဲ့” အချစ်ကကော ဘာမို့လို့ လဲကွယ်။
ထွန်းအုန်းမိတ် (ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)
|
No comments:
Post a Comment