menu

Monday 13 August 2012

အမြုတေ စာနယ်ဇင်းကောင်စီကို အစိုးရမှ ဖွဲ့စည်းကြောင်းကြေညာ စာနယ်ဇင်းမီဒီယာသမားများနှင့် စာနယ်ဇင်းအဖွဲ့အစည်းများမှ လက်မခံနိုင်ကြောင်း ၀ိုင်းဝန်းကန့်ကွက်




နိုင်ငံတော်အစိုးရက သြဂုတ်လ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် အမိန့်ကြော်ငြာစာ (အမှတ်၊ ၆၁/၂၀၁၂)ဖြင့် မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ပြီး အဆိုပါ အမြုတေကောင်စီအနေဖြင့် ပြန်ကြားရေးဝန် ကြီးဌာနက ပြုစုရေးဆွဲလျက်ရှိသော ပုံနှိပ်မီဒီယာဥပဒေ(မူကြမ်း)ကို လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပြီးနောက် ယင်းဥပဒေနှင့်အညီ ဖွဲ့စည်းသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအား တာဝန်လွှဲပြောင်းပြီးသည်အထိ တာဝန်ထမ်းဆောင်ရမည်ဟု ကြေညာခဲ့သည်။
အဆိုပါ စာနယ်ဇင်းအမြုတေကောင်စီကို လူပုဂ္ဂိုလ်(၂၀)ဦးဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်များသည် ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အခွင့်အာဏာများကို ရရှိစေမည်ဖြစ်ကြောင်းနှင့် နေရာအဆောက်အအုံ၊ ရုံးဝန်ထမ်းနှင့် ရုံးသုံးပစ္စည်းများ လိုအပ်၍ တင်ပြတောင်းခံလျှင် နိုင်ငံတော်အစိုးရက ယာယီ ကူညီပေးမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်အရ သိရှိရသည်။

ယခုကဲ့သို့ အစိုးရမှဦးဆောင်ပြီး စာနယ်ဇင်းအမြုတေကောင်စီ ဖွဲ့စည်းကြောင်း ကြေညာချက်နှင့်ပတ်သက်ပြီး စာနယ်ဇင်း မီဒီယာသမားများ၊ စာနယ်ဇင်းအဖွဲ့အစည်း အသီးသီးက လက်မခံနိုင်ကြောင်း ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြသည်ဟု သိရှိရသည်။
စာနယ်ဇင်း မီဒီယာသမားများနှင့် စာနယ်ဇင်း အဖွဲ့အစည်းအသီးသီးက ယခုဖွဲ့စည်းသည့် အဖွဲ့တွင်ပါဝင်ကြသူအချို့မှာ ယခင်အစိုးရလက်ထက်က စာပေလောကနှင့် အများပြည်သူ၏ ယုံကြည်ကိုးစားမှုမခံရသော စာပေစာနယ်ဇင်းအဖွဲ့မှ အဖွဲ့ဝင်အများစုဖြစ်ပြီး ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌမှာလည်း ဂျာနယ်လစ်များ၏ အရေးအရာများကို နားလည်သူများမဟုတ်ကြောင်း ဝေဖန်ထောက်ပြကြပါသည်။ ထို့အပြင် ပါဝင်သူအချို့မှာ စာနယ်ဇင်း ကျင့်ဝတ်နှင့်ပတ်သက်ပြီး လေးစားလိုက်နာခြင်းမရှိဘဲ ကျင့်ဝတ်ကိုဖောက်ဖျက်သော သမိုင်းကြောင်းရှိ နေသူများဖြစ်သဖြင့် စာနယ်ဇင်းအမြုတေကောင်စီ၏ အဓိကရည်ရွယ်ချက်ဖြစ်သော စာနယ်ဇင်းကျင့်ဝတ်နှင့်ဆိုင်သည့် ထိန်းကွပ်မှုကို လုပ်ဆောင်နိုင်လိမ့်မည်ဟု မယူဆနိုင်ကြောင်း ဝေဖန်သူများက ဆိုပါသည်။
နိုင်ငံတော်အစိုးရမှ အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းခြင်းအပေါ် စာနယ်ဇင်းအဖွဲ့အစည်းများက ကြေညာချက်များထုတ်ပြန်ခဲ့ကြပြီး မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီက အမြုတေစာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များသည် ဥပဒေအထက်တွင် နေရာယူထားကြောင်း တွေ့ရပြီး ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အခွင့်အာဏာများကို ရရှိစေရမည်ဆိုသောကြောင့် စာနယ်ဇင်းသမားများ၏ အခွင့်အရေးကို အကာအကွယ်ပေးရန်ဟူသော အချက်ကို ယုံကြည်ရန်ခက်ခဲနေကာ တစ်ဖက်သတ် လုပ်ပိုင်ခွင့်များကို ရယူထားသဖြင့် လွတ်လပ်စွာ ရေးသားခွင့်ကို ကာကွယ်ရေး၊ စာနယ်ဇင်းသမားများကို အကာအကွယ်ပေးရေးဟူသည့် အချက်များကို ဖော်ဆောင်ပေးမည့် အဖွဲ့အစည်းဟု မယုံကြည်ကြောင်း ကြေညာခဲ့သည်။

ကျွန်တော်တို့ တိုင်းပြည်ဟာ အပြောင်းအလဲကာလမှာ ကြုံရတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရပါတယ်။ အစိုးရ၊ အတိုက်အခံ၊ မီဒီယာ၊ ပြည်သူအားလုံးဟာ တက်ညီလက်ညီနဲ့ ဖြေရှင်းရမယ့် အချိန်ပါ။ ဒါပေမဲ့ အခု သတင်းမီဒီယာ တွေအပေါ် အစိုးရရဲ့ ပြုမူဆောင်ရွက်မှုတွေဟာ ကျွန်တော်တို့ကမ်းတဲ့ လက်ကို ပုတ်ချတယ်လို့ ခံစားရပါတယ်။ အကောင်းဆုံးတွေကို မျှော်လင့်ထားပါတယ်။ အဆိုးဆုံးတွေ အတွက်လည်း အသင့်ပြင်ထားကြရပါမယ်
''အစိုးရက ကြေညာပြီး ဖွဲ့တယ်။ ဘယ်သူကမှ တင်မြှောက်တာမဟုတ်ဘဲ ဖွဲ့တယ်ဆိုတော့ ဒီအဖွဲ့က ဘယ်လိုလွတ်လပ်မှာလဲ။ ကျွန်တော်တို့ စာနယ်ဇင်းသမားတွေ မီဒီယာသမားတွေကို ဘယ်လိုလုပ်ပြီး အကာ အကွယ်ပေးတဲ့ အဖွဲ့ဖြစ်မလဲ။ ဒါကိုပဲ စဉ်းစားဖို့ လိုတယ်။ သူတို့က စာနယ်ဇင်းတွေအတွက် ကိုယ်စားပြုတာ မဟုတ်ဘူး။ စာနယ်ဇင်းတွေရဲ့အကျိုးကို လုပ်မယ့်အနေအထားမဟုတ်ဘဲ စာနယ်ဇင်းကို ချုပ်ကိုင်မယ့် သဘောကို ရောက်နေတယ်။ နောက်ပြီး တချို့ဆိုရင် စာနယ်ဇင်းလောကနဲ့ မနွှယ်တဲ့လူတွေတောင် ပါနေတယ်။ အဲဒါတွေကတော့ မဖြစ် သင့်ဘူးလို့ ထင်တာပဲဗျာ။ အဖွဲ့ထဲမှာ ပါနေတဲ့လူတွေနဲ့ ကျင့်ဝတ်ပိုင်းရေးမယ် ဆိုတာတွေက ရယ်စရာဖြစ်နေတယ်''ဟု သတင်းစာဆရာကြီး ဦးကိုကိုကြီး (ကြေးမုံ) က ပြောပါသည်။
''စာနယ်ဇင်းကောင်စီရဲ့ တာဝန်ဝတ္တရားတွေမှာ စာနယ်ဇင်းဆိုင်ရာ ကိစ္စရပ်များအတွက် နိုင်ငံတော်အစိုးရကို အကြံပြုတင်ပြခြင်းတို့၊ စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လိုအပ်သလို အရေးယူဆောင်ရွက်ခြင်းဆိုတဲ့ ကိစ္စရပ်တွေပါနေတယ်။ လိုအပ်သလို အရေးယူဆောင်ရွက်ခြင်းဆိုတော့ အရင်စာပေစိစစ်ရေးရဲ့ အလုပ်တွေကို ဆောင်ရွက်တယ်လို့ပဲ နားလည်တယ်။ စာပေစိစစ်ရေး ဖျက်သိမ်းလိုက်ပါပြီ လို့ပြောတဲ့အတွက် နိုင်ငံတကာက ကြိုဆိုလက်ခံလာသည့်တိုင်အောင် အမြုတေ စာနယ်ဇင်းကောင်စီကတော့ စာပေစိစစ် ရေးလုပ်ငန်းတာဝန်တွေကို လုပ်ဆောင်ဖို့ အမည်ပြောင်းပြီး ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်း တစ်ရပ်လို့ မြင်ပါတယ်။ အိမ်ကြက်ခြင်းအိုးမဲသုတ်ပြီး ဒီလိုမျိုးဖြစ်သွားမှာကို မလိုလားပါဘူး''ဟု မြန်မာစာနယ်ဇင်းသမဂ္ဂမှ ကိုဇော်သက်ထွေးက ပြောပါသည်။
မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းခြင်း ကြော်ငြာချက်အပိုဒ်(၃)တွင်ဖော်ပြထားသော မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(က) စာနယ်ဇင်းကောင်စီ၏ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ (Regulations & Procedure of the Press Council)ကို ရေးဆွဲပြဌာန်းခြင်း
(ခ) စာနယ်ဇင်းလောက ဖွံ့ဖြိုးရေးကိစ္စရပ်များအတွက် လွတ်လပ်စွာ ဆောင်ရွက်ခြင်း၊
(ဂ) နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အပြန်အလှန်ချိတ် ဆက်ဆောင်ရွက်ခြင်း၊
(ဃ) သတင်းသမားများ သတင်းရယူခြင်းနှင့် သတင်းရေးသားရာ၌ ဖြစ်ပွားလာသော ပဋိပက္ခများကို စေ့စပ်ညှိနှိုင်းပေးခြင်း၊(င) စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီသော သတင်းသမားများအား ခေါ်ယူဆွေးနွေးညှိနှိုင်းခြင်း၊
(စ) အထက်ဖော်ပြပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာ၌ သက်သေခံဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေနှင့် တရားမနစ်နာမှုဥပဒေ(Tort)တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင့်သုံးဆောင်ရွက်ခြင်း၊
(ဆ) ပေးအပ်သောတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သဘောရိုးဖြင့် ဆောင်ရွက်မှုများအတွက် စာနယ်ဇင်းကောင်စီ၊ ကောင်စီအဖွဲ့ဝင်များ သို့မဟုတ် ကောင်စီတာဝန်ပေးအပ်ခြင်းခံရသူများအား ပြစ်မှုကြောင်းအရသော်လည်းကောင်း၊ တရားမကြောင်းအရ သော်လည်းကောင်း တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ရရှိခြင်း၊
(ဇ) စာနယ်ဇင်းဆိုင်ရာ ကိစ္စရပ်များအတွက် နိုင်ငံတော်အစိုးရသို့ အကြံပြု တင်ပြခြင်း၊(ဈ) စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လိုအပ်သလို အရေးယူဆောင်ရွက်ခြင်း၊
(ည) စာနယ်ဇင်းကောင်စီ၏ လုပ်ငန်းတာဝန်နှင့်သက်ဆိုင်သော ကိစ္စများအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် အစိုးရဌာနအသီးသီးနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဋ) စာနယ်ဇင်းအဆင့်အတန်း မြှင့်တင်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားနိုင်ငံရေးကို ရှေးရှုသည့် သင်တန်းများ ဖွင့်လှစ်ခြင်းဟု ဖော်ပြပါရှိသည်။
ကြေညာချက်အပိုဒ်(၃)မှ အပိုဒ်ခွဲများဖြစ်သော အပိုဒ်(က)(င)(စ)(ဆ) (ဈ)တို့နှင့်ပတ်သက်ပြီး ဝေဖန်သူများက ထောက်ပြခဲ့ကြပြီး အပိုဒ်(ဆ)တွင် ဖော်ပြထားချက်အရ ဤအဖွဲ့တွင် ပါဝင်သူများအား တရာစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ပေးထားခြင်းသည် ဥပဒေအထက်တွင် ရောက်ရှိနေခြင်းကြောင့် လက်မခံနိုင်ကြောင်း ပြောဆိုကြပါသည်။
''အမှတ်စဉ်(၃)ရဲ့(ဈ)မှာ စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လိုအပ်သလို အရေးယူဆောင်ရွက်ခြင်းဆိုတဲ့အချက်ကို ဖတ်လိုက်ရတော့ ဒီအဖွဲ့ဟာ အာဏာပိုင်အဖွဲ့လား၊ အရေးယူ ဆောင်ရွက်ခွင့်ဆိုတဲ့ ဘယ်လိုအခွင့်အာဏာမျိုးရှိတာလဲဆိုတာတော့ နည်းနည်းရှုပ်ထွေးမှုရှိတယ်လို့ ထင်ပါတယ်။ တကယ်တော့ နိုင်ငံတကာမှာဆိုရင် ဒီလိုအဖွဲ့အစည်းမျိုးဆိုတာ သတင်းသမားတွေနဲ့ သတင်းစာကို ကာကွယ်ပေးတဲ့အဖွဲ့လို့ပဲရှိတယ်'' ဟု 7 Day သတင်းဂျာနယ်၏ အမှုဆောင်အယ်ဒီတာ ကိုအားမာန်က ပြောပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရ ပေါ်ပေါက်လာခဲ့ပြီးနောက်တွင် စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် မီဒီယာလောကတစ်ခုလုံးကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာခြင်း မရှိသေးဘဲ မြန်မာစာနယ်ဇင်း သမဂ္ဂ(ယာယီ)(MJU)၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ(MJA)၊ မြန်မာဂျာနယ်လစ်ကွန်ယက်(MJN)ဆိုသည့် အဖွဲ့အစည်းသုံးခု ပေါ်ပေါက်လာခဲ့သည်။ ထိုအဖွဲ့အစည်းများအနက် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီသည် ယခင်စာပေနှင့် စာနယ်ဇင်းကို ဖျက်သိမ်းပြီး နောက်ပြန်ကြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ဖွဲ့စည်းခဲ့သော အသင်းဖြစ်သည်။ အဆိုပါကော်မတီမှ ဦးခင်မောင်လေး(ဖိုးသောကြာ)၊ ဦးစိုးသိမ်း(မောင်ဝံသ)၊ ဦးသီဟစော(သီဟစော)၊ ဦးအောင်လှထွန်း(ရိုက်တာသတင်းဌာန)၊ဦးကိုကို(ကိုကိုစက်မှုတက္ကသိုလ်)နှင့် ဦးမောင်မောင်ဦး(ဟိန်းလတ်)တို့မှာ ယခုဖွဲ့စည်းလိုက်သော  အမြုတေ စာနယ်ဇင်းကောင်စီတွင် ပါဝင်လာသည်ကို တွေ့ရှိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါအဖွဲ့သုံးဖွဲ့အားဆက်သွယ်ပြီး မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရပြီး အဆိုပြု လူစာရင်းတောင်းခံခဲ့သည်ဟု သိရသည်။ ထို့အပြင် အမြုတေကောင်စီ ဖွဲ့စည်းရာ တွင် ပါဝင်သင့်သည်များကို အဆိုပြုရန် ဆွေးနွေးခဲ့သည်ဟုလည်း သိရသည်။ အဆိုပြုလူစာရင်းအား မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီကသာ ပေးပို့ခဲ့ကြောင်း သိရပြီး ကြေငြာချက်ထွက် ပေါ်လာချိန်၌ တင်ပြထားသော အချက်အလက်များနှင့် ကွဲလွဲပြီး ၎င်းတို့ လက်မခံနိုင်သည့် အချက်အလက်များ ပါဝင်လာသည်ဟု မြန်မာနိုင်ငံသတင်း စာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ၏ ကြောညာချက်တွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် တွေ့ဆုံစဉ်က အမြုတေ စာနယ်ဇင်းကောင်စီ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များတွင် အချို့သော အချက်များများသည် စာနယ်ဇင်း ကောင်စီအနေဖြင့် လုပ်ဆောင်ရန် မလိုအပ်သော၊ မသင့်တော်သော အချက်များပါဝင်နေသဖြင့် စာနယ်ဇင်းကောင်စီ ဖွဲ့စည်းမည့်အစီအစဉ်တွင် မပါဝင်နိုင်ဟု ဆွေးနွေးခဲ့ကြောင်း၊ ထို့နောက် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ၎င်းတို့ကော်မတီ၏ သဘောထားကို တောင်းခံခဲ့သဖြင့် တိကျစွာ ရှင်းလင်းတင်ပြခဲ့ကြောင်း၊ တာဝန်ရှိသူများက ဖြုတ်ပယ်ရန်တောင်းဆိုသော အချက်များ မပါဝင်စေရဟု ကတိပြုခဲ့ကြောင်း၊ သို့ရာတွင် ယခုထုတ်ပြန်ကြေညာသော မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်း ကောင်စီ ဖွဲ့စည်းခြင်း ကြေညာချက်၌ အပိုဒ်ခွဲ(၂-ခ)၊(၂-ဇ)၊(၃-င)၊(၃-စ)၊ (၃-ဆ)၊(၃-ဈ)နှင့် အပိုဒ်(၁၀)တို့ကို ထည့်သွင်းဖော်ပြထားသဖြင့် ၎င်းတို့ တောင်းဆိုထားသော တောင်ဆိုချက်များနှင့် လုံးဝမကိုက်ညီဘဲ လက်မခံ နိုင်သည့် အချက်များဖြစ်နေကြောင်း၊ အပိုဒ်(၂)နှင့် အပိုဒ်(၃)ပါ ဖော်ပြချက်အချို့ကို လက်ခံနိုင်ခြင်းမရှိကြောင်း၊ စာနယ်ဇင်းသမားများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ခြင်း မရှိရုံမျှမက စာနယ်ဇင်းသမားများအား ကန့်သန့်ထိန်းချုပ်မှုများကိုပါ ဆက်လက်ပြုလုပ်မည့် အစီအစဉ်များဖြစ်သည်ဟု ယူဆနိုင်သဖြင့် ထိုအချက်များ ဖြုတ်ပယ်၍ အများ လက်ခံနိုင်မည့် တာဝန်နှင့်ဝတ္တရားနှင့် လုပ်ပိုင်ခွင့်များအဖြစ် ပြင်ဆင်ပြောင်းလဲရန် လိုလာကြောင်း အဆိုပါအချက်များ ပြင်ဆင်ပြောင်း လဲခြင်းမပြုပါက မြန်မာနိုင်ငံ သတင်းစာသတင်းဆရာအသင်းအား ကိုယ်စားပြုသူများအနေဖြင့် စာနယ်ဇင်းကောင်စီတွင် ပါဝင်နိုင်မည်မဟုတ်ပါကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

စာပေစိစစ်ရေး ဖျက်သိမ်းလိုက်ပါပြီလို့ ပြောတဲ့အတွက် နိုင်ငံတကာက ကြိုဆိုလက်ခံလာသည့်တိုင်အောင် အမြုတေစာနယ်ဇင်းကောင်စီကတော့ စာပေစိစစ်ရေးလုပ်ငန်းတာဝန်တွေကို လုပ်ဆောင်ဖို့ အမည်ပြောင်းပြီး ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတစ်ရပ်လို့ မြင်ပါတယ်။ အိမ်ကြက်ခြင်းအိုးမဲသုတ်ပြီး ဒီလိုမျိုးဖြစ်သွားမှာကို မလိုလားပါဘူး . . .
''ကျွန်တော်ပြောနိုင်တာကတော့ Press Council နဲ့ ပတ်သက်ပြီး သူတို့လုပ်လိုက်တာနဲ့ ကျွန်တော်တို့ကို ပြောထားတာနဲ့ လုံးဝကိုက်ညီမှုမရှိပါဘူး ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကောက်ချက်ချလို့ရတယ်''ဟု မြန်မာ ဂျာနယ်လစ်ကွန်ယက်၏ အတွင်းရေးမှူး ကိုဇော်ထိုက်က ပြောကြားပါသည်။
ယင်ကဲ့သို့ အစိုးရမှ အမြုတေစာနယ်ဇင်းကောင်စီအဖွဲ့စည်း ဖွဲ့စည်းခဲ့သည့်အပေါ် သတင်းစာအဖွဲ့အစည်း အသီးသီးမှ ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြသည့်နည်းတူ အခြားသော ၀ါရင့်သတင်းစာဆရာများ ဂျာနယ်လစ်များကလည်း ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြပါသည်။
ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ယခုအဖွဲ့တွင် ပါဝင်နေသူများအနေဖြင့် ၎င်းတို့ တောင်းဆိုချက်များ မပါဝင်ဘဲ မလိမ့်တစ်ပတ် အလုပ်ခံခဲ့ရသည်ဆိုလျှင် တုံ့ပြန်သည့်အနေဖြင့် နုတ်ထွက်ရလိမ့်မည်ဟု ထုတ်ဖော်ပြောဆိုရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းစာလွတ်လပ်ခွင့်အား ကာကွယ်ရန်၊ သတင်းစာသမားများ၏ အကျိုးစီးပွားကို ကာကွယ်ရန် ဥပဒေမရှိသေးချိန်တွင် ယခုကဲ့သို့ စာနယ်ဇင်းကောင်စီအနေဖြင့် မီဒီယာသမားများ၏ အကျိုးစီးပွားကို ကာကွယ်ရန်မှာ မဖြစ်နိုင်ကြောင်း ဦးဝင်းတင်က ပြောပါသည်။
'' အဲဒီ မီဒီယာဥပဒေတင်မကဘဲ လက်ရှိရှိနေတဲ့ ဥပဒေတွေကို လည်းလက်မခံနိုင်ဘူး မီဒီယာသမားတွေ တောင်းဆိုတာတွေဖြစ်နေတဲ့အချိန်မှာ ဒီစာနယ်ဇင်းကောင်စီဆိုတဲ့လူများဟာ ဒီဥပဒေတွေကို ကာကွယ်စောင့်ရှောက်တဲ့ အလုပ်တွေလုပ်ရ မယ်ဆိုတော့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ ထင်တယ်'' ဟု သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြောကြားခဲ့သည်။
''အဓိကတော့ ကိုယ့်မီဒီယာလောကသားတွေကို အကာအကွယ်ပေးတဲ့ အဖွဲ့အစည်းလိုတယ်။ မီဒီယာသမားတွေကို အရည်အချင်းမြှင့် တင်ပေးဖို့ လိုတယ်။ အခုကြေညာချက်မှာ သဘောမတူနိုင်စရာတွေပါတယ်။ ဘယ်သူနဲ့မှ မတိုင်ပင်ဘဲ ကိုယ်ဘာသာ လုပ်ထားတယ်ဆိုတဲ့ သဘောဆောင်နေတယ်။ အထဲမှာပါတဲ့ အချက်တွေကို မီဒီယာလောကသားတွေနဲ့ တိုင်ပင်ရင် ပိုကောင်းလိမ့်မယ်။ အချုပ်အားဖြင့်ပြောရရင် မူအားဖြင့် လက်ခံတယ်။ တချို့အချက်တွေကို လက်မခံနိုင်ပါဘူး'' ဟု The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါသည်။
သတင်းစာဆရာကြီး ဦးသာဘန်းကလည်း အမြုတေကောင်စီတွင် ပါဝင်သူများအနက် ထိပ်ပိုင်းမှပါဝင်သူများသည် စာနယ်ဇင်းလောကတွင် မကြားဖူးသူများဖြစ်ကြောင်း၊ ဆောင်းပါးရေးရုံဖြင့် သတင်းစာဆရာဟု မသတ်မှတ်နိုင်ကြောင်း၊ အဖွဲ့လူစာ ရင်းကိုကြည့်ရုံဖြင့် ၎င်းတို့အဖွဲ့အစည်း၏ အနေအထားကို ခန့်မှန်း၍ရကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသော်လည်း မိမိအနေဖြင့် လက်မခံနိုင်ကြောင်း နှစ်ဖက်ချွန်၊ သုံးဘက်ချွန် ဖြစ်နေသောလူများဖြင့် ဖွဲ့စည်းထားသော စာနယ်ဇင်းအမြုတေကောင်စီ အား လက်သင့်မခံကြောင်း၊ အမှန်တကယ် အလုပ်လုပ်နေသည်မှာ လူငယ်များသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
''ဆောင်းပါးရေးတာနဲ့ သတင်းစာဆရာဖြစ်တာမှ မဟုတ်ဘဲဗျ၊ သူတို့လုပ်ချင်တာ လုပ်တာပဲ။ အမြုတေဆိုတော့ အခုမှစတဲ့ သတင်းစာနဲ့တူပါတယ်။ အမြုတေဆိုတဲ့ နာမည်နဲ့တော့ လိုက်ပါတယ်။ ဖားတာ မဖားတာက အရေးမကြီးဘူး။ ဖားတဲ့အဖွဲ့ ဖွဲ့ချင်ရင် ဖွဲ့ပေါ့။ ဒါပေမယ့် ဂျာနယ်လစ်တော့ ဖြစ်ရမှာပေါ့။ နေမကောင်းလို့သာ အပြင်မထွက်ဘဲ အိမ်ထဲမှာ နေနေတာ၊ ဒါမျိုးတော့ လက်မခံဘူး''ဟု သတင်းစာဆရာကြီးဦးသာဘန်းက ပြောကြားပါသည်။
"ကျွန်တော်တို့ တိုင်းပြည်ဟာ အပြောင်းအလဲကာလမှာ ကြုံရတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရပါတယ်။ အစိုးရ၊ အတိုက်အခံ၊ မီဒီယာ၊ ပြည်သူအားလုံးဟာ တက်ညီလက်ညီနဲ့ ဖြေရှင်းရမယ့် အချိန်ပါ။ ဒါပေမဲ့ အခု သတင်းမီဒီယာ တွေအပေါ် အစိုးရရဲ့ ပြုမူဆောင်ရွက်မှုတွေဟာ ကျွန်တော်တို့ကမ်းတဲ့ လက်ကို ပုတ်ချတယ်လို့ ခံစားရပါတယ်။ အကောင်းဆုံးတွေကို မျှော်လင့်ထားပါတယ်။ အဆိုးဆုံးတွေ အတွက်လည်း အသင့်ပြင်ထားကြရပါမယ်"ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က သုံးသပ်ပါသည်။
EMG
w7_45_02_1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis