menu

Monday 13 August 2012

လှိုင်းလှေကလှုပ်၊ ငါးကပုပ်(တင်ညွှန့်)

ကျွန်တော်သည် ကျောင်းဆရာ ဘဝကို နှစ်ပေါင်း ၂ဝ တိုင် မွေ့ပျော်ပြီးမှ ပင်စင်ယူခဲ့ရပါသည်။ ကျောင်း ဆရာဘဝမှ အနားယူခဲ့စဉ်က နာကျည်းမှု အပြည့်ဖြင့် အနားယူခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ကျေးလက်ဆရာ ဘဝမှာသာ ကျွန်တော်ပျော်မွေ့လျှင် ကျောင်းဆရာ ဘဝကို မြဲနေမည်မှာ အမှန်ပင်ဖြစ်သည်။ ကျေးလက် ကျောင်းဆရာလေး ဘဝကိုတော့ ယနေ့တိုင် လွမ်းဆွတ်မိသည်။
ကျွန်တော့်ကို မူလတန်းပြဆရာအဖြစ် စတင်တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်း ခံရသည့် ကျောင်းမှာ အဆိပ်တောင် ဆိုသည့် ပဲခူးချောင်းဖျားမှ ရွာလေးတစ်ရွာတွင် ဖြစ်သည်။ အပြစ်ကင်းစင်သည့် တပည့်များနှင့် ဆင်းရဲဒုက္ခခံကာ ပညာသင်ကြားခဲ့ရသည့် ကာလများကို အမှတ်ရမိသည်။ နောက်ပိုင်း အလယ်တန်းပြ ဆရာ အဖြစ် ရာထူးတိုးတော့လည်း ယခင်ရွာထက် ပဲခူးမြို့နှင့်ပိုဝေးသည့် ဇောင်းတူရွာသို့ ရောက်ခဲ့သည်။ ပဲခူးရိုးမ အနီး ရွာတစ်ရွာသို့ ရာထူးတိုးသည့် ဆရာ၊ ဆရာမများနှင့်အတူ သွားရောက်ခဲ့ပြီး အင်တိုက်အားတိုက် စာ သင်ခြင်း၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ခဲ့ရခြင်း များကိုလည်း သတိရမိသည်။

ကျွန်တော်တို့ ဇောင်းတူရွာသို့ ရောက်သည့်နှစ်မှာပင် ဆရာ၊ ဆရာမများ စည်းလုံးညီညွတ်စွာဖြင့် သင်ကြားပေးနိုင်မှုကြောင့် ထိုနှစ် အစိုးရစစ် ၈ တန်းကို ၃၃ ယောက် ဝင်ဖြေခဲ့သည့် အနက် ၃၂ ယောက် အောင်ပြီး တစ်ယောက်သာ စာမေးပွဲ ရှုံးခဲ့သည်။ သို့သော် မြို့နယ်တွင် လည်းကောင်း၊ တိုင်းတွင်လည်းကောင်း ရာခိုင်နှုန်း ၉၇ ရာခိုင်နှုန်းခန့် အောင်မြင်    သော်လည်း ဆုမရခဲ့။ အနည်းဆုံး ကျောင်းသား ၅ဝ မရှိသဖြင့် ဆုမပေး ဆိုသည့်အတွက် ရင်နာခဲ့ရဖူးသည်။ ထိုကျောင်းသား ၃၃ ယောက် အောင်မြင်ရေးအတွက် တစ်နှစ်လုံး ကျွန်တော်တို့ ဆရာ၊ ဆရာမတွေ မည်မျှကြိုးပမ်း လုပ်ဆောင်ခဲ့ရကြောင်း၊ ပင်ပန်းဆင်းရဲ ခဲ့ကြကြောင်း ကာယကံရှင်များသာ သိကြပါလိမ့်မည်။
ကျွန်တော်သည် အလယ်တန်း ဆရာဘဝမှ သင်တန်းအဆင့်ဆင့်ကို ကျော်ဖြတ်ပြီး ဆရာဘဝ မျှော်လင့်ချက် ဖြစ်သည့် ဘီအီးဒီ သင်တန်းကိုလည်း ရန်ကုန်ပညာရေး တက္ကသိုလ်တွင် လာတက်ခွင့် ကြုံလိုက်သည်။ ကျွန်တော့်ဘဝ အလှည့်အပြောင်း ဖြစ်သည်။ ရန်ကုန်ရောက်ပြီး ကွန်ပျူတာကို အရူးအမူးဖြစ်ကာ လေ့လာလိုက် စားရင်း၊ နောက်ပိုင်း ကွန်ပျူတာကို ကိုင်နိုင်၊ သုံးနိုင်၊ ပြင်နိုင်သည့် ကွန်ပျူတာဆရာဘဝသို့ အရှင်လတ်လတ် ရောက်သွားသည်။ ကွန်ပျူတာဆရာ ဖြစ်သွားသဖြင့် ကျောင်းစာလည်း မသင်ရတော့၊ ကွန်ပျူတာ မရှိသည့် တောကျောင်းသို့လည်း မပြန်ရတော့။ ပဲခူးမြို့ရှိ နာမည်ကြီး ကျောင်းကြီး တစ်ကျောင်းတွင် ကွန်ပျူတာဆရာ အဖြစ် ဝင်လုပ်မိရာမှ ပညာရေးလောကကို အပြီးအပိုင် စွန့်ခွာခဲ့ရသည့်ဘဝ သို့ ရောက်ခဲ့ရသည်။
ထိုနာမည်ကျော် ကျောင်းကြီး၌ ဆရာဖြစ်ရေး ကျောင်းသားဖြစ်ရေး ဆိုသည်မှာ မဟာအခွင့်အရေးကြီး တစ်ခုပမာ သတ်မှတ်နေချိန်တွင် ကျောင်းဆရာ လောကဝယ် ရှားပါးလှသော ကွန်ပျူတာဆရာ ဘဝ(ထိုခေတ်က) ဖြင့် ရောက်လာ ခဲ့ခြင်း ဖြစ်သည်။ ကျွန်တော် ထိုကျောင်းသို့ ရောက်စဉ် ပညာရေး လောက၌ ကိုယ့်ကျောင်းသားကို အချိန်ပို ပြန်သင်၊ ပိုက်ဆံယူသော စနစ်နှင့် ကြုံတွေ့ခဲ့ရသည်။
ကျူရှင် ပပျောက်ရေးဟု ဆိုကာ ညနေ ၃ နာရီခွဲ ကျောင်းဆင်းချိန်တွင် ကျောင်းသားများကို အိမ်မပြန် ခိုင်းသေးဘဲ မိမိသက်ဆိုင်ရာ အတန်းထဲတွင်ပင် အချိန်ပိုဟုဆိုကာ ထပ်နေခိုင်းသည်။ နောက်ထပ် တစ်နာရီလောက် ကျောင်းသား    တွေက လိမ်ပိန်ကာ နေပြီး စာတွေ အော်ဖတ်၊ ဆရာတွေကလည်း ပျင်းရိငြီးငွေ့စွာဖြင့် သတ်မှတ်ချိန်ကို ရောက်စေရန် အပြင်သို့ နားတစ်စွင့်စွင့်ဖြင့် ကျော်ဖြတ်ခဲ့ ကြရသည်။ ပြီးတော့မှ ကျောင်းသား တွေဆီက အချိန်ပိုကြေး ဆိုကာ လကုန်လျှင် မိဘတွေထံက တောင်းသည်။
အတန်းကြီး ကျောင်းသားတွေ ကျူရှင်မသွားနိုင်ရန် စီမံသည်ဟုဆိုစေ၊ ကျောင်းလွှတ်သည့်အချိန်မှ ကျူရှင် ထပ်ပြေး ရပြန်သဖြင့် မိုးချုပ်သည့်တိုင် အိမ်မပြန်နိုင်ခြင်းဖြင့်သာ ပိုပြီး အချိန်ပေးကြရသည်။ ထူးခြား မလာ။ ယင်းကိုပင် လစဉ် ကျောင်းလခအနေဖြင့် ထပ်ဆောင်းပေးနေရပြန်ရာ မိဘများထံမှ အသံတွေ ထွက် လာသည်။
အချိန်ပိုကြေးကို ကျောင်းအုပ်ဆရာကြီးက စုဆောင်းပြီး ကျောင်းရှိ ဆရာများကို ပြန်ခွဲပေးရသည့်စနစ် ကျင့်သုံး သည်။ ကျောင်းသားနည်းသည့် ကျောင်းများတွင် ဆရာတွေရသည့် အချိန်ပိုကြေးက မပြောပလောက် သော်လည်း    ကျောင်းသားတွေ ထောင်ချီရှိနေသည့် ကျောင်းကြီးတွေမှ ဆရာတွေကတော့ မူရင်းလစာထက်ပင် များပြားသည့် ခံစားခွင့်များကို ရရှိလာကြသည်။ ထို့ကြောင့် ဆရာများ လောက အတွင်းမှာပင် သွေးကွဲမှုများ ဖြစ်လာသည်။
ကျူရှင် ပပျောက်ရေးအတွက် တိုက်သည်ဆိုသော်လည်း ကျူရှင်တွေက မှောင်ခို ကျူရှင်တွေ ဖြစ်သွားသဖြင့်  ဈေးပိုကြီး သွားသည်။ ကျောင်းဆရာ လောကတွင်လည်း အတန်းတစ်တန်းတွင် မြို့စားနယ်စားများပမာ ကျောင်းသား ခွဲယူသည့်စနစ်တွေ ခေတ်စားလာသည်။ ဥပမာ ကျောင်းသား ၅ဝ ခန့်ရှိသည့် မူလတန်း တစ်တန်းတွင် အတန်းပိုင်နှင့် ဘာသာရပ်ဆရာတို့ ကျောင်းသားခွဲကာ ကျူရှင်ခေါ်သင်သည့် စနစ်တွေ ခေတ်စားလာသည်။ ကျူရှင်ကောင်းမှန်း သိလာသဖြင့် မြန်မာစာကိုပင် အိမ်ခေါ်ပြီး ကျူရှင် သင်သည်အထိ အတင့်ရဲလာသည်။ မိဘတွေကလည်း ကျူရှင်သွား မတက်လျှင် မိမိသားသမီးကို အငြိုး ထား ပြဿနာ ရှာမည် စိုးရိမ်သဖြင့် တစ်ပတ်နှစ်ရက် ကျောင်းပိတ်ရက်များတွင် ဆရာအိမ်များသို့ အရောက်ပို့ကာ ကျူရှင်တက်ခိုင်း ကြရသည်။ ထိုအချိန်အထိ ပညာရေးဌာနတွင် ကျူရှင်မသင်ရ ဆိုသည့် အမိန့်ကရှိနေသလို ကျူရှင်မသင်ပါဟု ဆရာတွေ၊ ဆရာမတွေ လက်မှတ်ထိုး ထားကြသည်။
ကျောင်းဆရာ လောကတွင် စုန်းပြူးတွေ များစွာ ရှိပါသည်။ တာဝန်သိသိ၊ သစ္စာရှိရှိ အနစ်နာ အပင်ပန်း အဆင်းရဲခံကာ သင်နေကြသော ဆရာ၊ ဆရာများ ရှိပါသည်။ သို့သော် ထိုဆရာတွေက တစ်နေ့တစ်ခြား အရောင်အဆင်းတွေ မွဲလာသည်။ ချောင်ထိုးခံလာရသည်။ ကျူရှင်သင်သည့် ဆရာတွေက ကျောင်းလာလျှင် ဆိုင်ကယ်တွေနှင့် ဖြစ်လာ သည်။ ကျောင်းပြန်လျှင်လည်း ကားကောင်းကောင်းတွေက ကြိုသွားကြသည်။ မျက်နှာလည်း ကျောင်းတွင် အတော်လေး ပွင့်ကြသည်။
ပိုဆိုးသည်က ကျောင်းတွင် ဂိတ်စောင့်အဖြစ် ကျောင်းဆရာတွေကို တာဝန်ချထားခြင်းဖြစ်သည်။ ရိုးသားသည့် ဆရာတွေက တာဝန်ကျရာ နေရာတွင် နေပူမရှောင်၊ မိုးရွာမရှောင်၊ ကိုယ့်ထမင်းဗူးလေး ကိုယ်ဖွင့်ကာ ဘယာကျော် တစ်တုံးနှင့် စားနေချိန်တွင် အခွင့်အရေးသမား ဆရာတွေကို လည်း စိတ်ပျက်စရာ ကောင်းလောက်အောင် ကြုံတွေ့ခဲ့ရသည်။
ဆရာတစ်ယောက်သည် မနက်တိုင်း ဂိတ်ဝအနီးရှိ စက်ဘီးရုံတွင် လာထိုင်တတ်သည်။ သူလာထိုင်တိုင်း သူ့ဇနီး ကလည်း ဈေးဆွဲခြင်းလေးဖြင့် ရောက်လာတတ်သည်။ မကြာမီ ကျောင်းသို့ ကျောင်းသားမိဘများက သားသမီးများကို လာပို့ကြသည်။ ကျောင်းသို့ လာပို့ပြီး ဈေးသွားမည့် မိဘများကို ထိုဆရာနှင့် ဇနီးဖြစ်သူ တို့က ဝက်သား၊ ကြက်သား၊ ငါးတွေ တစ်နေ့တစ်မျိုး မရိုးအောင်မှာသည်။ မိဘတွေက ဆွဲခြင်းထဲသို့ အထုတ်လေးတွေ တစ်ထုပ်ပြီး တစ်ထုပ် လာထည့်သော်လည်း ပိုက်ဆံတစ်ခါမှ ပေးသည်ကို မတွေ့ဖူး။ ထိုဂိတ် စောင့်ဆရာကလည်း နေ့စဉ်ဂျူတီရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ တာဝန်ကျေသည်။ သူသာမက ဇနီး ဖြစ်သူကပါ တာဝန်ကျေစွာ ဝင်ရောက် ထမ်းဆောင်ပေးပါသည်။
နောက်ဆရာ တစ်ယောက်ကလည်း တစ်မျိုး ဖြစ်သည်။ ကျောင်းက သူဌေးကျောင်းဟု လူသိများသဖြင့် ကျောင်းသား    တွေလည်း ကျောင်းသို့လာလျှင် အိတ်ဖောင်းဖောင်း လေးတွေနှင့် ဖြစ်သည်။  နောက်ပိုင်း ကျောင်းသားတွေက    ကျောင်းသို့ မဝင်မီ ကျောင်းထိပ်ရှိ ကွမ်းယာဆိုင်တွင် ပိုက်ဆံအိတ်လေးတွေ အပ်သွား တတ်သည်။ အကြောင်းကို စုံစမ်းလိုက်တော့ လက်ရဲဇက်ရဲ နိုင်လွန်းလှသည့် ဆရာတစ်ယောက်ကြောင့် ဖြစ်သည်။ ပိုက်ဆံချမ်းသာသည့် ကျောင်းသား ဆိုလျှင် သူက ကျောင်းထဲသို့ ဝင်သည်နှင့် လှမ်းခေါ်လိုက်သည်။ သူ့အနီး ရောက်သည်နှင့် အိတ်ထဲကို လှမ်းနှိုက်သည်။ ၅ဝဝ တန် နှစ်ရွက်တွေ့လျှင် တစ်ရွက်သူယူ၊ တစ်ရွက်ကို ကျောင်းသားအိတ်ထဲ ပြန်ထည့်ပေးသည်။ နှစ်ရာတန်တွေ့ နှစ်ရာတန်ယူ၊ တစ်ရာတန်တွေ့ တစ်ရာတန် ယူနေသည်မှာ နေ့စဉ် အလုပ်လို ဖြစ်နေသောကြောင့် ကျောင်းသားတွေ ကျောင်းကို ပိုက်ဆံမယူရဲအောင် ဖြစ်လာသည်။
နောက်ဆရာ တစ်ယောက်ကတော့ တစ်မျိုးဖြစ်သည်။ ညနေ ကျောင်းဆင်းသည်နှင့် သူအရက်သောက်နေ သည့် ဆိုင်ရှေ့မှ ဖြတ်သွားသော ကျောင်းသား များကို ဆိုင်ထဲမှ လှမ်းခေါ်ပြီး အရက်ဖိုး တောင်းတတ်သည်။ ထို့ပြင် ထဘီတစ်ထည်ဖြင့် မကန်တော့မချင်း၊ သဲကြီးမဲကြီး ရိုက်တတ်သော ဆရာမ၊  ကျောင်းဝင်ခွင့် ရမည်ဆိုပြီး ပိုက်ဆံ လိမ်တောင်းတတ်သည့်ဆရာ၊ ကျူရှင် ပိုက်ဆံတွေ ကြိုထုတ်ပြီး မသင်ပေးသဖြင့် မိဘတွေဖြင့် ပြဿနာ တတ်ရသော ဆရာ၊ မိဘတွေထံမှ အတိုးဖြင့် ပိုက်ဆံချေးပြီး ပြန်မဆပ်သည့်အပြင် အော်ကြီးဟစ်ကျယ်ဖြင့် ရန်ဖြစ်ရဲသည့် ဆရာမ စသည့် ပညာရေးလောက အတွင်းမှ ဖောက်ပြန်မှုများသည် တစ်နေ့တစ်ခြား အတင့်ရဲစွာဖြင့် ဆရာဂုဏ်ကို မထောက် ကျူးလွန်လာကြောင်း တွေ့ရသည်။
ယခင်က ဆရာဆိုသည်မှာ အလုပ်ဂုဏ်ဖြင့်လည်း စောင့်စည်း ထိန်းသိမ်းကြရသည့် သဘော ရှိပါသည်။ ခေတ်အဆက်ဆက် လစာနည်းသဖြင့် ဆရာတွေ သိက္ခာ မပျက်ခဲ့ကြပါ။ သို့သော် သိက္ခာ တစ်စက်မှ မရှိစေရန် သိက္ခာချသည့်အနေဖြင့်  အခပေးပညာရေးကို အကောင်အထည် ဖော်လိုက်ကတည်းက ဆရာလောက ရစရာမရှိအောင် သိက္ခာကျပြီး တာကြီးတစ်တာ ကျိုးပေါက်သွားပါတော့သည်။ လျော့ရဲလာသည့် အနေအထားကို အခွင့်ကောင်း ယူပြီး အကျင့်တွေ တိုးပျက်လာသဖြင့်လည်း ကျောင်းဆရာ လောက ဂုဏ်သိက္ခာ ကျခဲ့ရသည်။ ထို့ကြောင့် နောက်ပိုင်း အချိန်ပိုကြေး ယူသည့်စနစ်ကို ပြန်လည် ရုပ်သိမ်းခဲ့ရသည်။
ကျူရှင်ကို အစိုးရက အမျိုးမျိုး တိုက်ဖျက်နေသော်လည်း အောင်မြင်သည့်အဆင့်သို့ မရောက်နိုင်ခဲ့ပေ။ ကျောင်းလွှတ်ချိန် ကျူရှင်၊ ကျောင်းပိတ်ရက် ကျူရှင်၊ အိမ်ခေါ်သင်သော ဟုမ်းကျူရှင်တွေအပြင် မိဘတွေမှာ အမှန်တကယ် တတ်စေရေးအတွက် ပြင်ပကျူရှင်တွေကိုပါ ပို့နေရသော ခေတ်ဖြစ်သဖြင့် နားချိန်မရှိ၊ ကစား ချိန်မရှိ၊ အားချိန်မရှိသော ကလေးများအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ နှင့် အသက်မွေးပညာတို့ဖြင့် ဘက်စုံ ပညာရေးဆိုကာ အကောင်အထည် ဖော်နေမှုမှာ အောင်မြင်နိုင်ပါမည်လော ပြန်လည်စဉ်းစားသင့်ပါသည်။
ကျွန်တော် ယခုလို ပြန်ပြောနေရခြင်းမှာ ဆရာလောကကို အပုပ်ချ၊ မဟုတ်က ဟုတ်က ပြောဆိုရန် မဟုတ်ပါ။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ခဲ့ရသလို ဖြစ်ခဲ့ရသော ဆရာ့ဘဝသည် ခေတ်ကြောင့်လား၊ စနစ်ကြောင့်လား၊ လူကြောင့်လား၊ မူကြောင့်လား ပြန်လည်သုံးသပ် စဉ်းစားစေလိုသောကြောင့် ဖြစ်ပါသည်။ ဆရာလောကတွင် မြင့်မြတ် သော၊ လေးစား ချစ်ခင်ဖွယ် ကောင်းသော၊ ကြည်ညိုဖွယ် ကောင်းသော သူတွေလည်း များစွာ ရှိပါသည်။ ထိုကဲ့သို့သော သူများ ရှိနေသောကြောင့် သာလျှင် ဆရာလောက ရုပ်ပျက်ဆင်းပျက် မဖြစ်ခဲ့ရခြင်း ဖြစ်ပါသည်။
ကျွန်တော်သည် တောကျောင်းဆရာဘဝတွင် ငပိနှင့် မျှစ်ကိုစားကာ ပျော်ရွှင်သာယာခဲ့ပါသည်။ ရိုးသား ဖြူစင်သည့် ဝန်းကျင်တွင် ဆရာဘဝကို ခုံမင်မြတ်နိုးခဲ့ရပါသည်။ သို့သော် မျှစ်နံ့တွေကင်းပြီး ဟန်ဆောင်မှုတွေ ထုံသင်းနေသည့် မြို့နေလူမှုဘဝသို့ ပြန်ရောက်မှ ကျောင်းဆရာဘဝကို လုံးဝစိတ်ကုန်ကာ အပြီးတိုင်စွန့်ခွာ သွားရခြင်းကိုလည်း ကျွန်တော့်ကိုယ် ကျွန်တော် ရှောင်ပြေးတတ်သူတစ် ယောက်အဖြစ် အပြစ်တင်နေမိပါ သည်။
Independent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis