menu

Monday 13 August 2012

ငြိမ်းချမ်းရေးသည် လက်မှတ်ထိုးရုံနှင့်မပြီး ကြောင်း ဒု သမ္မတပြောကြား

ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးသည် နှစ်ဦးနှစ်ဖက် တွေ့ဆုံလက်မှတ်ရေးထိုးပြီးရုံမျှနှင့် ငြိမ်းချမ်းရေးရပြီဟု မဆိုနိုင်ဘဲ ထိလွယ်ရှလွယ်သော အခြေအနေဖြစ်၍ အခန့်မသင့်ပါက အချိန်မရွေးနောက်ဆုတ်ပျက်စီးသွားနိုင်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ယမန်နေ့ကပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးတွင်ပြောကြားသွားသည်။
ထို့အတူ ငြိမ်းချမ်းရေးရယူထားသူများကိုလည်း မိမိတို့၏ ရန်သူဟူသည့် အမြင်မျိုးနှင့် မမြင်ကြဘဲ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းအေးအတူ ပူအမျှနိုင်ထိုင်ကြသည့် တိုင်းရင်းသား ညီအကိုအချင်းချင်းကဲ့သို့ သဘောထားကာ နိုင်ငံ၏ လူမှုရေး စီးပွားရေး နိုင်ငံရေး အသိုက်အ၀န်းထဲ ပြန်လည်ရောက်ရှိနိုင်စေရန် လက်တွဲခေါ်ဆောင် အားပေးသွားမှသာလျင် ထာဝရငြိမ်းချမ်းရေးရရှိနိုင်မည်ဟု ဒုတိယသမ္မတက ပြောကြားသည်။
``သူပြောတဲ့ပုံစံအတိုင်း တကယ်တန်းအကောင်အထည်ဖော်မယ်ဆို ဖြစ်နိုင်တယ် ဒီလိုမဟုတ်ဘဲ ကိုယ့်ဘက်လျော့ သူ့ဘက်က တင်းနေရင်တော့ ဒီအတိုင်းပဲ ဆက်သွားမှာပဲ´´ဟု ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ရေးကဏ္ဍတွင်လည်း မိမိကိုယ်ကို ခုခံကာကွယ်သည့် အခြေအနေမှလွဲ၍ ပစ်ခတ်တိုက်ခိုက်ခြင်း စစ်ဆင်ရေးပြုလုပ်ခြင်း မပြုလုပ်မိစေရန်နှင့် ကြီးသည့်ပြဿနာငယ်စေရန် ငယ်သည့်ပြဿနာ ပပျောက်သွားစေရန် နှစ်ဘက်ဆက်ဆံရေး ကောင်းမွန်နေစေရန် ငြိမ်းချမ်းရေး ဆက်ဆံရေးရုံးများဖွင့်လှစ်ပြီး ဖြစ်ပေါ်လာသည့် ကိစ္စကြီးငယ်များကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ကို ကိုးကား၍ ဒုတိယသမ္မတပြောကြားသည်။
``သမ္မတပြောတာက လမ်းညွန်တာပဲဖြစ်တယ် တပ်မတော်ဘက်က တိတိကျကျမလိုက်နာဘူး ကျွန်တော်တို့ လေ့လာထားသလောက် စစ်ဘက်မှ အမိန့်အသေက ဆုတ်၊တက် ဆိုတာလောက်ပဲ အမိန့်က အသေ မဆုတ်နဲ့ဆို ဆုတ်လို့မရဘူး၊မတက်နဲ့ဆို တက်လို့မရဘူး ကျန်တာတွေကတော့ အပေါ်ကပေးတဲ့အမိန့်နဲ့ အောက်ကအကောင်အထည်ဖော်တဲ့သူတွေက အဆင်ပြေသလို လုပ်သွားတာတွေလည်းရှိတယ် တစ်ချို့ကျတော့ ပုဂ္ဂိုလ်ရေး မုန်းတီးမှုအရ လုပ်တာတွေလည်း ရှိတယ်``ဟု SSA-N မှ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီအား ၂၀၁၂ မေလ ၃ ရက်နေ့ကအဖွဲ့ဝင်၁၁ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်သမ္မတက ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သည်။ထို့အတူ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီကိုလည်း ယင်းနေ့တွင်ပင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ၅၂ ဦးပါဝင်ကာ ဒုတိယသမ္မတက ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သည်။
လုပ်ငန်းကော်မတီဖွဲ့စည်းပြီးနောက် ယခုအကြိမ်ကျင်းပသည့် အစည်းအဝေးသည် ပထမအကြိမ်ဖြစ်သည်။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis