menu

Thursday 5 July 2012

ပြည်သူများသည် စာရွက်ပေါ်တွင်သာ ကူးပြောင်းခြင်းမျိုးမဟုတ်ဘဲ လက်တွေ့ကျသည့် အပြောင်းအလဲ (Change) ကို လိုလားနေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား




ပြည်သူများသည် စာရွက်ပေါ်တွင်သာ ကူးပြောင်းခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ကျသည့် အပြောင်းအလဲ (Change)ကို လိုလားနေသည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က  ဇူလိုင်လ ၃ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး၌ ပြောကြားခဲ့ သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကားတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့အစိုးရဟာ ပြည်သူများက ရွေးချယ်ပေးလိုက်သော ပြည်သူ့ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရဖြစ်ပါတယ်။ ပြည်သူ့အစိုးရ ဖြစ်တာနဲ့အညီ ပြည်သူရဲ့သဘောထားကို လေးစားလိုက်နာရမှာဖြစ်ပြီး ပြည်သူအများစုရဲ့ ဆန္ဒကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တာဝန်ရှိလာပါတယ်။ ပြည်သူရဲ့သဘောထားဟာ စနစ်ဟောင်းတစ်ခုမှ စနစ်သစ်တစ်ခုသို့ ပြောင်းလဲရန်ဖြစ်ပြီး ပြည်သူအများစုရဲ့ဆန္ဒဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်ပါတယ်။ စနစ်ဟောင်းမှ စနစ်သစ်သို့ ကူးပြောင်းရာမှာ ပြည်သူတွေဟာ စာရွက်ပေါ်တွင်သာ ကူးပြောင်းခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ကျတဲ့ အပြောင်းအလဲ (Change) ကို လိုလားနေခြင်း ဖြစ်ပါတယ်။ ထိုသို့ ပြောင်းလဲရာမှာ တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ နိုင်ငံရေးနှင့် စီးပွားရေးကို ဦးတည်ပြောင်းလဲရမှာ ဖြစ်ပါတယ်။ သို့သော်လည်း ပြုပြင်ပြောင်းလဲမှု အားလုံးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့အတွက် အဲဒီလုပ်ငန်းစဉ်အားလုံးသည်ပင် စနစ်သစ်ဖြင့် နိုင်ငံတော်ကို တည်ဆောက်ရန် ဖြစ်ပါတယ်''ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
''နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာမှာ အရာရာကို Rule of Law အတိုင်း ဖြစ်ရန် အား ထုတ်ကြိုးပမ်းရမှာဖြစ်ပါတယ်။ တိုင်းရင်းသားပဋိပက္ခ၊ တစ်နည်းအားဖြင့် လူမျိုးစု လက်နက်ကိုင် တိုက်ပွဲများ အဆုံး မသတ်နိုင်ခြင်းဟာ စီးပွားရေး တိုးတက်မှုကို အဟန့်အတားဖြစ် ပေါ်စေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်လူမျိုးစုများ ပြန့်နှံ့တည်ရှိနေခြင်းဟာ ဒီမိုကရေစီ နိုင်ငံရေးကျင့်စဉ် တည်ဆောက်ရာမှာ Rule of Law ခိုင်ခန့်မှုကို များစွာ အားနည်းစေပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပဋိပက္ခချုပ်ငြိမ်းအောင် ဆောင်ရွက်ရေးဟာ နိုင်ငံတော် တည်ဆောက်ရေးရဲ့ အခြေခံအုတ်မြစ်ပင် ဖြစ်ပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အောင်မြင်စေဖို့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ခိုင်မာနေရန် လိုအပ်ပါ တယ်။ အလားတူ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ခိုင်မာရန်အတွက် တိုင်းရင်းသား ပဋိပက္ခများ ပြေပျောက်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား ပဋိပက္ခများ ပြေပျောက်စေရန် နိုင်ငံရေးနဲ့ စီးပွားရေး အခွင့်အလမ်းများကို တန်းတူညီမျှ ဖန်တီးပေးရန် လိုအပ်ပါတယ်''ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆက်လက်ပြောကြားခဲ့သည်။
''အဲဒီလို ဖန်တီးပေးနိုင်ရန် အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ နဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာမှာ တိုင်းရင်းသား ပဋိ ပက္ခများ ပြေလည်ရေးကိုပါ ထည့် သွင်းတွက်ချက်ပြီး ဆောင်ရွက်ရ မှာဖြစ်ပါတယ်။ အဲဒီလိုပြုပြင်ပြောင်း လဲ ဆောင်ရွက်မှသာ အမျိုးသားပြန် လည်ပေါင်းစည်းညီညွတ်ရေးနဲ့ တိုင်းရင်းသား ပဋိပက္ခများ ပြေလည်မှာ နိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသား များအတွက် အသက်တမျအရေးကြီးတဲ့ ဥပဒေအရ ပြဋ္ဌာန်းထားသော တန်းတူရည်တူ အခွင့်အရေးများနဲ့ အခြားသော တိုင်းရင်းသား အခွင့် အရေးများကို လွှတ်တော်မှ လေ့လာသုံးသပ်ပြီး ဥပဒေပြဋ္ဌာန်း ပေးမယ်ဆိုရင် မိမိတို့တာဝန် ယူဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဗဟိုကော်မတီရဲ့ လုပ်ငန်းများ အလျင်အမြန် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်သစ် တည်ဆောက်ရာမှာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် အခြေခံအုတ်မြစ်ဖြစ်တဲ့ အမျိုးသားပေါင်းစည်း ညီညွတ်ရေးနဲ့ တိုင်းရင်းသားပဋိပက္ခများ ပြေငြိမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် လူမျိုးစုများနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို ချမှတ်ပေးထားတဲ့ လုပ်ငန်းတာဝန်များအတိုင်း အောင်မြင်သည်အထိ စိတ်ရှည်သည်းခံမှု၊ နားလည် စာနာမှု၊ တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊ တန်းတူရည်တူ ဆက်ဆံမှုတို့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားအပ်ပါတယ်'' ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက အသီးသီး ဆွေးနွေးး တင်ပြခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၊  နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့်  ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis