menu

Thursday 5 July 2012

ဒုတိယသမ္မတတစ်ဦးကို ခုနစ်ရက်အတွင်း ရွေးချယ်မည်


ရာထူးမှ နုတ်ထွက်ခွင့် တင်ပြထားသော ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးအစား ဒုတိယသမ္မတတစ်ဦးကို လွှတ်တော်အတွင်းရှိတပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခုနစ်ရက်အတွင်း (လာမည့် ဇူလိုင် ၁၀ရက်အတွင်း) ရွေးချယ်ပေးရန် ပြည်ထောင်စု လွှတ်တော်နာယက က တပ်မတော်သားကိုယ်စားလှယ်များကို တိုက်တွန်း ပြောကြားလိုက်သည်။

သီဟသူရဦးတင်အောင်မြင့်ဦးမှာ ကျန်းမာရေးအခြေအနေအရ ဧပြီ ၁၈ ရက်မှ မေ ၁ ရက်အထိ ပြည်ပသို့သွားရောက် ဆေးကုသမှု ခံယူခဲ့သည်။ ပြည်ပမှ ပြန်လည်ရောက်ရှိလာပြီးနောက် မေ ၁ ရက်မှ ဇွန် ၃၀ ရက်အထိဆေးခွင့်နှစ်လကို အစိုးရက ပေးခဲ့သည်။ သို့သော် ကျန်းမာရေးအခြေအနေကြောင့် သီဟသူရဦးတင်အောင်မြင့်ဦးက ဇူလိုင် ၁ ရက်တွင် နုတ်ထွက်စာတင်ပြီး သမ္မတက ဇူလိုင် ၄ ရက်တွင် နုတ်ထွက်ခွင့်ပြုခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတတစ်ဦး နုတ်ထွက်လျှင် ခုနစ်ရက်အတွင်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်ပေးရမည်ဖြစ်သည်။ သီဟသူရဦးတင်အောင်မြင့်ဦးကို တပ်မတော်သား ကိုယ်စားလှယ်များက ဒုတိယသမ္မတအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

လစ်လပ်နေသော ဒုတိယသမ္မတရာထူးတစ်နေရာအတွက် တပ်မတော်သားကိုယ်စားလှယ်တစ်ယောက်က ရွေးချယ်သောအခါ လွှတ်တော်အတွင်းမှ ဖြစ်စေ၊လွှတ်တော်ပြင်ပမှ ဖြစ်စေ ဒုတိယသမ္မတအရည်အချင်းနှင့်ကိုက်ညီသော ပုဂ္ဂိုလ်ကို ရွေးချယ်နိုင်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

တပ်မတော်သားကိုယ်စားလှယ်တစ်ဦးကို ဒုသမ္မတ ရွေးချယ်ပေးရတော့မည်နှင့် ပတ်သက်၍ မေးမြန်းရာ ပြင်ပတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးတိုင်ပင်၍ သေသေချာချာ စဉ်းစားပြီး ရွေးချယ်မည်ဖြစ်ကာ၊ ရွေးချယ်ပြီးပါကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို တင်ပြသွားမည်ဖြစ်ကြောင်းပြောသည်။ သို့သော် ယခုလောလောဆယ်တွင် အမည်စာရင်း မစဉ်းစားရသေး ကြောင်း ၄င်းကဆိုသည်။

နိုင်ငံတော် ဒုတိယသမ္မတတစ်ဦး ရာထူးသက်တမ်းမကုန်မီ နုတ်ထွက်ခြင်း ကွယ်လွန်ခြင်း ထာဝစဉ် စွမ်းဆောင် နိုင်တော့ခြင်းစသည်ဖြင့် ရှိခဲ့ပါက ယင်းဒုတိယသမ္မတကို ရွေးချယ်တင်မြှောက်ပေးခဲ့သော လွှတ်တော်ကိုယ်စား လှယ်များအစုအဖွဲ့ကသာ သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်တင်မြှောက်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၇၃ (စ)တွင် အတိအလင်းဖော်ပြထားသည်။
7 DAYS NEWS

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis