menu

Thursday 5 July 2012

အင်န်အယ်ဒီကြောင့် ဆွေးနွေးမှုများ ပိုမိုမြိုင်လာမည်လား


ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးစတင် ကျင်းပသည့်
ဇူလိုင်လ ၄ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုနေကြစဉ်။
ဓာတ်ပုံ - စိုးသန်းလင်း

နေပြည်တော်တွင် ပြန်လည်ကျင်းပတော့မည့် လွှတ်တော်များ၌ လွှတ် တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုနှင့် အကြောင်းအရာများသည် ယခု အကြိမ်တွင် ပိုမိုသွက်လက်လာနိုင်မည်လားဆိုသည်ကို စောင့်ကြည့် လေ့လာသူများက မေးခွန်းများထုတ် လျက်ရှိနေသည်။
ယခု ဇူလိုင်လ ၄ ရက်နေ့မှ စတင်ပြီး ပြန်လည်ကျင်းပနေသည့် လွှတ်တော်အစည်းအဝေးများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ၄၃ ဦး ပါဝင်လာရာ လွှတ်တော်၏ အခင်း အကျင်းပုံစံ ပြောင်းလဲလာမည်လားဟု သုံးသပ်သူများ ပေါ်ထွက် လာလျက်ရှိသည်။
အထူးသဖြင့် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာသူများ အကြားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များသည် လက်ရှိ လွှတ်တော် အခင်း အကျင်းတွင် ဒီမိုကရေစီပိုဆန် လာအောင် ဆွေးနွေးတင်ပြမှုများ လုပ် ဆောင်လာနိုင်မလားဆိုသည်ကို အထူး ပြောဆိုလာကြသည်။

"လက်ရှိ လွှတ်တော်မှာတော့ လုပ်ငန်းကလည်း များများစားစား မရှိဘူး။ အင်န်အယ်လ်ဒီရောက်လာလို့ များများ မေးမယ်ဆိုရင် အလုပ်ပိုများ လာမယ်။ ဥပဒေပြုရေးတွေနဲ့ ပတ်သက်ပြီး များများ မေးကြမယ်။ ဒါနဲ့ပတ်သက်ပြီး သဘော တူကြတယ်ဆိုရင် လွယ်ကူစွာဖြစ် မြောက်သွားမယ်"ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်ရန် ပြည်သူလူထုနှင့် အစိုးရအား နှစ်ပေါင်းများစွာ တွန်းအားပေးနေခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တွင်း ၀င်ရောက်လာသောအခါတွင် လူပိုများလာသောကြောင့် လွှတ် တော်အတွင်း၌ ဆွေးနွေးပွဲများ ပိုမို မြိုင်ဆိုင်လာမည် ဖြစ်ကြောင်း၊ ယခင် အင်အားကြီး ပါတီဖြစ်သည့် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အပြိုင်အဆိုင် ဆွေးနွေးမှုများ လုပ်ဆောင်လာမည်ဟု ၎င်းက သုံးသပ်သည်။
မကြာသေးမီကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အစည်းအဝေးများတွင် ဒီမိုကရေစီ ဆန်ဆန် အပြန်အလှန် ဆွေးနွေးငြင်းခုံမှုများ နည်းနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ရာ ၎င်းဦးဆောင်သည့် လွှတ်တော် ကိုယ် စားလှယ်များ လွှတ်တော်တွင် ၀င်ရောက် လာချိန်တွင် အသားကျနေပြီဖြစ်သည့် လွှတ်တော်ဆွေးနွေးပွဲများကို ပြုပြင် ပြောင်း လဲနိုင်မည်လား ဆိုသည်ကို မေးခွန်းထုတ်သူများလည်း ရှိလာသည်။
"မြန်မာနိုင်ငံလွတ်လပ်ရေးရတာက လည်း နှစ်ပေါင်း ၁၀၀ မရှိသေးဘူး။ စစ်အုပ်ချုပ်ရေး အောက်မှာလည်း နေခဲ့ ရတယ်ဆိုတော့ တခြား ဒီမိုကရေစီ နိုင်ငံ ကြီးတွေရဲ့ စံနဲ့ယှဉ်မယ်ဆိုရင် သဘာဝ မကျဘူးလို့ထင်တယ်" ဟု အမျိုးသား ဒီမိုကရေစီပါတီသစ်၏ ဒုတိယဥက္ကဋ္ဌ ဦးကျော်က သုံးသပ်ပြောကြားသည်။
၎င်းပြောကြားရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေမှုမှာ သက်တမ်းနုလှသေးသောကြောင့် အချိန်များစွာ ယူရဦးမည်ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ရွေး ကောက်ပွဲကာလကပင် ယခုသွားနေသည့် ဒီမိုကရေစီကူးပြောင်းရေးတွင် တပ်မတော်၏ အခန်းကဏ္ဍရှိနေသေးကြောင်း၊ ထို့ကြောင့် ပြောင်းလဲရေး လမ်းကြောင်းကို သတိနှင့် သွားရမည်ကိုလည်း ပြောဆိုခဲ့ ဖူးကြောင်း ဆိုသည်။
"မြန်မာနိုင်ငံက တခြား အနောက် ဒီမိုကရေစီနိုင်ငံကြီးတွေထက် အရှေ့က နိုင်ငံတွေကို ပိုလေ့လာသင့်တယ်။ ဥပမာ အင်ဒိုနီးရှား နိုင်ငံဆိုရင် စစ်တပ် အုပ်ချုပ် ရေးကနေ လာတာပဲ။ စစ်တပ်အင်အား ကို တဖြည်းဖြည်းနဲ့ လျှော့သွားတယ်။ တပ်ကို နောက်ပိုင်း ယုံကြည်မှု ရလာတယ်"ဟု ဦးကျော်က ပြောသည်။
လက်ရှိမြန်မာနိုင်ငံ၏ အနေအထား အရ စစ်တပ်ပါဝင်ခွင့် မရှိသင့်ဆိုသည် ကို ဇွတ်ငြင်းပြောဆိုနေသည့် အချိန် မဟုတ်ကြောင်းနှင့် ထိုသို့ ငြင်းခုံနေပါ က တိုးတက်လာတော့မည်မဟုတ် ကြောင်း၊ ဒီမိုကရေစီအသားကျနေပြီ ဖြစ်သည့် အနောက်နိုင်ငံကြီးများ၏ မူအတိုင်း လိုက်နေ၍ ဖြစ်မည်မဟုတ် ကြောင်း ၎င်းကပြောသည်။
"အနောက်ပုံစံအတိုင်း အကုန်ယူလို့ မရဘူး။ မြန်မာ့ယဉ်ကျေးမှုဆိုတာလည်း ရှိတဲ့အတွက် ဒီမိုကရေစီဆိုပြီး မိဘ၊ ဆရာသမားကို မယဉ်မကျေးပြောဆိုတာမျိုး ဒီမှာလုပ်လို့မရဘူး"ဟု ဦးကျော် ကပြောသည်။
ဒီမိုကရေစီနည်းလမ်းကျသော အပြု အမူ၊ လုပ်ဆောင်ချက်များကို လိုလား သော်လည်း မိမိနိုင်ငံနှင့် လျော်ညီသည့် ဒီမိုကရေစီနည်း လမ်းကိုသာ သင့်တော်စွာ သုံးစွဲသင့်ကြောင်းလည်း လေ့လာသူများက သုံးသပ်သည်။
"လက်ရှိလွှတ်တော်က မူချထားတဲ့ ပုံစံကိုကြည့်ရတာ ဆွေးနွေးပြောဆို ကြတဲ့အခါ ဆွေးနွေးတဲ့ ကိုယ်စားလှယ် အပေါ်မူမတည်ဘဲ ရေးရာကော်မတီတွေက သက်ဆိုင်ရာ ကျွမ်းကျင်သူတွေကနေ ဆွေးနွေးနေတာကို တွေ့နေရတယ်။ ဒီမှာက လူအများဆွေးနွေးတာ ထက် ဘာသာရပ်ကျွမ်းကျင်သူတွေကို ပိုဦးစားပေးတာတွေ့ရတယ်"ဟု မဇ္စျိမ သတင်းဌာန၏ အုပ်ချုပ်မှုအယ်ဒီတာ ဦးစိန်ဝင်းက သုံးသပ်သည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့်လည်း မိမိတို့ ဆွေးနွေး သည့်အကြောင်းအရာများနှင့် ပတ်သက်ပြီး တိကျသည့် အချက်အလက်များ စုဆောင်းရရှိရေးအတွက်လည်း အချိန် ပေးရန်လိုကြောင်းလည်း ဆိုသည်။
"အခုချိန်က လွှတ်တော်ကိုယ်စား လှယ်တွေ ကိုယ်တိုင်ကလည်း မုဆိုး စိုင်သင်ပုံစံဖြစ်နေတယ်။ နိုင်ငံတကာမှာလည်း ဘယ်အမတ် မှတော့ အကြောင်း အရာအားလုံးကို နားလည်မှာမဟုတ်ဘူး"ဟု ၎င်းက ပြောသည်။
သို့ရာတွင် မေးခွန်းထုတ်ရန် လိုလာသည်မှာ ထိုကိုယ်စားလှယ်များအတွက် အချက်အလက်များ စုဆောင်းလေ့လာရန် အချိန်ရှိ သလားဆိုသည့် အချက်ပင် ဖြစ်လာသည်။
"အစိုးရအနေနဲ့ကကော သူတို့ဘာ တွေလုပ်ထားလဲဆိုတာကို ထုတ်ပြန် နိုင်ဖို့ ဘယ်လောက်အလေးထားလဲ ဆိုတာပေါ်မှာလည်း မူတည်နေပြန်တယ်"ဟု ဦးစိန်ဝင်းက ပြောသည်။
ထိုအချက်များ ပြည့်စုံမှသာလျှင် လွှတ်တော်အင်္ဂါရပ်နှင့် ပြည့်စုံမည်ဖြစ်ပြီး ထိုအချက်များ လိုအပ်နေသေးပါက လူနည်းစုကသာ ပြုပြင်မှုများနေပြီး ကျန်လူများမှာ မူလအတိုင်းမျောပါနေကြမည်သာဖြစ်ကြောင်း ၎င်းကသုံးသပ်သည်။
"အခုဆို အင်န်အယ်လ်ဒီက ရှစ်ရာခိုင်နှုန်းသာ ပါဝင်လာတဲ့အတွက် သူတို့ကပဲ ဦးဆောင်လုပ်ဖို့ ဆိုတာကတော့ ခက်ခဲတယ်။ ဒါပေမယ့် သူတို့ပါလာမယ်ဆိုရင်တော့ အရင်ကထက်တော့ ပိုမြိုင်လာမယ်လို့ထင်တယ်"ဟု သူက ဆက်လက်ပြောကြားသည်။
လွှတ်တော်အတွင်းသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၀င်ရောက်လာခြင်းကို စောင့်ကြည့်နေသူများပြားပြီး အပြောင်းအလဲကောင်း တစ်ခုကို ပိုမို မြင်လိုကြသော်လည်း အချိန်အားဖြင့် တိုတောင်းသေးသောကြောင့် သိသာ ထင်ရှားသည့် ပြောင်းလဲမှုကိုမူ မြင်တွေ့ ရန် ခဲယဉ်းသေးကြောင်း သုံးသပ်သူများ ကပြောသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis