menu

Thursday 5 July 2012

ဘန်ကောက်တွင် ရေနံချက်စက်ရုံ မီးလောင်




ဇူလိုင်လ ၄ ရက်နေ့က ဘန်ကောက်ရှိ ဘန်ချက်ရေနံချက်စက်ရုံတွင် မီးလောင်မှုကို ငြှိမ်းသတ်နေကြသော မီးသတ်သမားများ
ဘန်ကောက်မြို့ အချက်အချာရှိ ရေနံချက်စက်ရုံတစ်ရုံတွင် ဇူလိုင်လ ၄ ရက်နေ့က မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ထိုစက်ရုံအား နေရာရွှေ့ပြောင်းရေး တောင်းဆိုမှုများ အရှိန်မြင့်တက်လာခဲ့သည်။ လူ ၁၃ သန်းခန့်နေထိုင်သော ဘန်ကောက်မြို့ကောင်းကင်တွင် မီးခိုးလုံးများနှင့် မီးတောက်များမြင်ရသည်အထိ ဖြစ်ပွားခဲ့သော မီးလောင်ပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးနေစဉ်အတွင်း ယင်းစက်ရုံကို တစ်လခန့် ပိတ်ပင်ထားရမည်ဖြစ်သည်။

တစ်ရက်ရေနံစည် ၁၂၀၀၀၀ ခန့် ချက်လုပ်နိုင်သော ဘန်ချက်ရေနံချက်စက်ရုံ မီးလောင်ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိမှုသတင်းအား လောလောဆယ်တွင် မသိရသေးပေ။ ယခု မီးလောင်မှုကြောင့် ဘန်ကောက် အုပ်ချုပ်ရေးမှူးက လူဦးရေထူထပ်သည့်နေရာတွင် တည်ရှိသည့်  အဆိုပါရေနံချက် စက်ရုံကို မြို့စွန်သို့ ရွှေ့ပြောင်းရေး စိတ်ကူးကို ထုတ်ဖော်ပြောကြားခဲ့သည်။ စက်မှုဇုန် ဧရိယာတွင်ရှိသည့် အဆိုပါရေနံချက်စက်ရုံကို လွန်ခဲ့သည့်  နှစ် ၅၀ က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဘန်ကောက်၏ လူဦးရေထူထပ်လာခြင်းက စက်ရုံတွင် အန္တရာယ်တစ် စုံတစ်ရာ ဖြစ်ပွားပါက လူထုကို ထိခိုက်နိုင်သည်ကို စိုးရိမ်နေကြသည်။
''အရင်တုန်းကတော့ ဘန်ချက် ရေနံချက်စက်ရုံက မြို့ပြင်မှာရှိခဲ့တာပါ။ အခုတော့ စက်ရုံနားမှာ လူတွေသန်းနဲ့ချီပြီး ရှိပါပြီ။ ကျွန်တော့်စိတ်ကူးက ဘန်ချက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စက်ရုံကို ဒီနေရာကနေ ရွှေ့ပစ်ဖို့ပါ။ ဒီနေရာကို အများပိုင်ဥယျာဉ်တစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါက အနာဂတ်အတွက် အိပ်မက်ပါ ဒီနေ့အတွက်တော့ မဟုတ်ပါဘူး''ဟု ဘန်ကောက် အုပ်ချုပ်ရေးမှူး ဆူခွန်ဟန်ပရီဘတရာက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး ရေနံချက်လုပ်ငန်းပိုင် ရေနံချက်စက်ရုံတွင် လူ ၆၀၀ ခန့် လုပ်ကိုင်နေကြပြီး ကနဦးစုံစမ်းစစ်ဆေးမှုများအရ ရေနံ သို့မဟုတ် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် မီးလောင်ခြင်းဖြစ်နိုင်သည်ဟု ယူဆထားသည်။
Ref:AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis