လာမည့်နှစ် အနည်းငယ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား
မြန်မာနိုင်ငံသို့ ပြန်သွားကာ အလုပ်လုပ်ကိုင်ဖွယ်ရှိနေရာ ထိုင်းနိုင်ငံ
ထရန်ခရိုင်ရှိ လုပ်ငန်းများတွင် အလုပ်သမားပြတ်လပ်မှုနှင့် ရင်ဆိုင်
ရနိုင်သဖြင့် ပူပန်မိကြောင်း ထရန်လုပ်ငန်းစုကောင်စီမှ ဥက္ကဋ္ဌဖြစ်သူ
ဝတ်သီးဆူပီတက်က ဘန်ကောက်ပို့စ်သတင်းစာသို့ ပြီးခဲ့သည့် ကြာသပတေးနေ့က
ပြောကြားလိုက်သည်။
ပြီးခဲ့သည့်မေလက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ပြီး
မြန်မာနိုင်ငံ၏ အခြေအနေကို တိုးတက်အောင် ပြုလုပ်သွားမည်ဟု
မြန်မာရွှေ့ပြောင်းလုပ်သားများအား ပြောကြားသွားသဖြင့် နောင်လာမည့် နှစ်နှစ်
သုံးနှစ်အတွင်း ၎င်းလုပ်သားများ မြန်မာနိုင်ငံသို့ ပြန်ကာ အလုပ်လုပ်နိုင်သည်ဟု
၎င်းကပြောသည်။
''ထရန်ခရိုင်မှာ လုပ်ငန်းလည်ပတ်နေသူတွေက အလုပ်သမား ပြတ်လပ်မှု
အကျပ်အတည်းနဲ့ ကြုံတွေ့မှာ စိုးရိမ်နေကြတယ်။ အကြောင်းက သူတို့တွေဟာ
အဲဒီရွှေ့ပြောင်း အလုပ်သမားတွေအပေါ်မှာ အတော်ကြီး မှီခိုနေကြရတယ်''ဟု
မစ္စတာဝတ်သီးက ပြောကြားခဲ့သည်။
ယခင်က ထိုင်းနိုင်ငံတောင်ပိုင်းရှိ စက်မှုလုပ်ငန်းများအတွက်
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှ လူများကို ခန့်အပ်လေ့ရှိသော်လည်း
နောက်ပိုင်းတွင် ထိုင်းနိုင်ငံအရှေ့မြောက်ဒေသတွင်လည်း အလားတူ လစာနှင့်
အလုပ်များပေါ်ပေါက်လာသဖြင့် တောင်ပိုင်းသို့ လာရောက်အလုပ်ရှာဖွေမှု နည်းသထက် နည်းပါးလာခဲ့သည်ဟု ဆိုသည်။
''ရွှေ့ပြောင်းအလုပ်သမားတွေလည်း အိမ်ပြန်သွားရင် တောင်ပိုင်းက
လုပ်ငန်းတွေဟာ လုပ်သားအင်အား နည်းနည်းနဲ့ စက်တွေကို အစားထိုးလုပ်ကိုင်ပြီး
အခြေအနေကို မြန်မြန် အသားကျအောင် လုပ်ရပါမယ်''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထရန်ခရိုင်တွင် နိုင်ငံခြားပို့ကုန်များ ၁၀ ရာခိုင်နှုန်းမှ ၂၀
ရာခိုင်နှုန်း အထိကျဆင်းလာသဖြင့် စီးပွားရေးလည်း ကျဆင်းလာခဲ့သည်။
ထိုင်းအစိုးရမိတ်ဆက်ခဲ့သော မူဝါဒများသည် မဲဆွယ်ရန်အတွက်သာ ကောင်းမွန်ပြီး
တကယ်တမ်း အမှီအခိုမပြုနိုင်သဖြင့် လုပ်ငန်းများ ကောင်းစွာမလုပ်နိုင်ကြောင်း
၎င်းက ပြောသည်။
EMG |
No comments:
Post a Comment