menu

Thursday 5 July 2012

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်)၏ အထူးသံတမန် ဂျက်ကီချန်း မြန်မာနိုင်ငံသို့ လာရောက်



ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်)၏ အထူးသံတမန် ဂျက်ကီချန်းသည် ဇူလိုင်လ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လေးရက်ကြာ လာရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ 
ခရီးစဉ်အတွင်း ကလေးသူငယ်များ လူကုန်ကူးမှုခံရမှု တိုက်ဖျက်ရေးတွင် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဂျက်ကီချန်းသည် ဇွန်လ ၅ ရက်နေ့တွင် မန္တလေးမြို့သို့ တိုက်ရိုက်သွား ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရေးအတွက် ဆွေးနွေးမှုများလည်း လုပ်ဆောင်သွားမည်ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံရှိ လူကုန်ကူးခံရသည့် ကလေးသူငယ်များအတွက် ဖွင့်လှစ်ထားသည့် အသက်မွေးဝမ်းကျောင်း သင်တန်းများသို့ သွားရောက်မှာဖြစ်ပြီး လူကုန်ကူးခံခဲ့ရပြီး ပြန်လည်ကယ်တင်နိုင်ခဲ့သည့် ကလေးသူငယ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ ကလေးသူငယ်များ မိမိတို့နေအိမ်သို့ ပြန်နိုင်ရေးနှင့် လိုအပ်သည့်စောင့်ရှောက်မှုများကိုလည်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ယူနီဆက်မှထောက် ပံ့ကူညီနေသည့် စီမံချက်နေရာများသို့ သွားရောက်ပြီး ကလေးသူငယ်များ၊ လမ်းမတွင် လေလွင့်နေကြသည့် မိဘမဲ့ကလေးသူငယ်များကိုလည်း လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဂျက်ကီချန်းသည် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်) ၏ အထူးသံတမန်အဖြစ် ၂၀၀၄ ခုနှစ်မှစ၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးအတွက် အစဉ်တစိုက် လုပ်ဆောင်နေ သူတစ်ဦးဖြစ်ကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis