menu

Sunday 5 February 2012

မန်းချောင်းသောင်ခုံပေါ်မှာ



ရွှေစက်တော်ဆိုသည်နှင့် မြတ်စွာဘုရားရှင်၏ ပါဒခြေတော်ရာနှစ်ဆူတည်ရှိရာ ပွဲတော်တစ်ခု၊ သစ္စာဗန္ဓ တောင်တော်နှင့် မန်းချောင်းရေအလျဉ်တို့ ပနံရလှပရာ အညာမြေ၏ အိုအေစစ်တစ်ခုပမာ မြင်ယောင်လာမိပါသည်။ နှစ်စဉ် တပို့တွဲလဆန်း ၅ရက် နေ့တိုင်း စတင်ဖွင့်လှစ်လေ့ရှိသော ပွဲတော်ချိန်သို့ ရောက်သည်နှင့် တောင်ပေါ်၊ မြေပြန့်မကျန် မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးများ လာရောက်လေ့ရှိကြသည်။ ထိုသို့ လာရောက်ကြသော ဘုရားဖူးများ နှင့် ကြက်ပျံမကျ စည်ကားလေ့ရှိသည့်အပြင် ထိုဘုရားဖူးများကိုမှီခို၍ လုပ်ကိုင်စားသောက်ရန် လာရောက် ကြသူများကလည်း မန်းချောင်း၏ သောင်ခုံများပေါ်တွင် ပျံကျဘ၀များပမာ တည်ရှိနေကြပါသည်။

ရွှေစက်တော်ပွဲတော်သို့ ငွေကြေးကို အရင်းအနှီးပြုနိုင်သူများက တဲကျောင်း၊ ဈေးဆိုင်တန်း၊ မိလ္လာ စသည့်လုပ်ငန်းများကို ကန်ထရိုက်ယူ၍လည်းကောင်း တစ်ဆင့်ပြန်လည်ဝယ်ယူ၍လည်းကောင်း လာရောက်စီးပွားရှာ လေ့ရှိကြသည်။ ငွေကြေးကို အရင်းအနှီး မပြုနိုင်သူများက သူတို့လုပ်အားဖြင့် ရင်းနှီးစားသောက်ရန် လာရောက်လေ့ရှိကြသည်။ ထိုသို့ လာရောက်ကြသူများမှာ ရွှေစက်တော် အနီးတစ်ဝိုက်ကျေးရွာများမှ သာမက မကွေး၊ မင်းဘူး၊ ငဖဲ၊ ပဒါန်း၊ စေတုတ္တရာ၊ စကု၊ ပွင့်ဖြူစသည့် မြို့နယ်များအတွင်းမှ ကျေးရွာများ ကအထိ လာရောက်လေ့ရှိကြသည်။
အောက်သောင်ခုံခေါ် သောင်ခုံပေါ်မှ ဈေးသည်များကို တွေ့ရစဉ်
ရေကြည်ရာ၊ မြက်နုရာဟူသော ဆိုရိုးစကားအတိုင်း မိုးကိုမျှော်၍ စိုက်ပျိုးကြရသော အညာတောင်သူများမှာ နွေအခါရောက်သည်နှင့် ရွှေစက်တော်ပွဲတော်သို့ ရောက်ရှိလာကြသည်။ ရွေစက်တော်ပွဲတော်အ၀င်ဝရှိ ကြိုးကြာ သောင်ခုံ၊ ပွဲတော် ဈေးဆိုင်တန်းများ စတင်ရာနေရာ၏ ၀ဲဘက်၊ မန်းကျိုးရွာထိပ်သောင်ခုံနှင့် ငဖဲစောင်းတန်းအခြေမှ သောင်ခုံတို့မှာ အမြို့မြို့အရွာရွာမှ လာရောက်ကြသော ပျံကျဘ၀များ၏ ကွမ်းခိုရာ တဲစုတို့ဖြင့် ပြည့်နှက် နေလေ့ရှိပါသည်။
ရွှေစက်တော်ပွဲတော်အ၀င်ဝရှိ ကြိုးကြာသောင်ပေါ်တွင် စတည်းချလေ့ရှိသော မိသားစုများမှာ ရွှေစက်တော်အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ လာရောက်ကြသူများဖြစ်ကြသည်။ ထိုသူတို့မှာ ပွဲတော်မစတင်မီတစ်လ ခန့်မှကြို၍ မိသားစုလိုက်လာရောက် လေ့ရှိကြသည်။ ထိုမိသားစုဝင်များမှ ယောက်ျားသားများမှာ ရွှေစက်တော်နှင့် ဆက်စပ်တောင်ကြောများသို့ တက်၍ ၀ါးခုတ်လေ့ရှိပြီး မိန်းမသားများက သက်ကယ် ရက်လုပ်လေ့ရှိ ကြသည်။ ရွှေစက်တော်ပွဲတော်တစ်ခွင်မှ တဲကျောင်း၊ ဆိုင်ခန်းအဆောက်အအုံများရှိ သက်ကယ်များမှာ ထိုမိသားစုများ၏ ထုတ်ကုန်များဖြစ်ကြသည်။
ထိုမိသားစုဝင်များထဲမှ ယောက်ျားသားများမှာ ပွဲတော်ဆိုင်ခန်း၊ တဲကျောင်းများ ဆောက်လုပ်ချိန်တွင် လက်သမားများ၊ သစ်ဝါးခုတ်သူများအဖြစ် ၀င်ရောက်လုပ်ကိုင်လေ့ရှိကြသည်။ ပွဲတော်စတင်ကျင်းပချိန်သို့ ရောက်သည်နှင့် ထိုသူတို့မှာ ရွှေကြိုခေါ် တဲကျောင်းများအတွက် ဧည့်သည်ခေါ်ပေးသူများအဖြစ် လုပ်ကိုင်ကြပြန်သည်။ ၎င်းတို့၏ အမျိုးသမီးများမှာ ပွဲတော်သို့ လာရောက်ကြသော ဘုရားဖူးများအတွက် ထမင်း၊ ဟင်းအငှားချက်ခြင်း၊ အ၀တ်လျော်ခြင်းစသည့် အလုပ်များကို ရှာဖွေ လုပ်ကိုင်လေ့ရှိကြသည်။
'ရွာမှာဆိုရင် နွေကျတာနဲ့ ကူလီလိုက်ဖို့ စိုက်ပျိုးဖို့ သိပ်မရှိတော့ဘူးလေ။ ပွဲတော်မှာလာနေတော့ ရေဖိုး၊ ထင်းဖိုးလည်း ခိုလို့ရတယ်၊ မိသားစုဝင်တွေလည်း အလုပ်ရှာလို့ ရတယ်ဆိုလာနေကြတာပေါ့။ ပွဲတော် သိမ်းတဲ့အချိန် အဆောက်အအုံတွေဖျက်ချိန်မှာ အလုပ်ဝင်လုပ်ပြီးမှ ရွာကိုပြန်ကြတာပါ၊ ငွေကြေးလေးစုမိအောင်တော့ ရသလောက်ရှာပြီး ချွေတာသုံးရတာပေါ့'ဟု ကြိုးကြာသောင်ပေါ်တွင် နေထိုင်သောသူတစ်ဦးက ပြောပြသည်။
အောက်သောင်ခုံခေါ် ဈေးဆိုင်တန်းများ စတင်တည်ရှိရာနေရာ၏ ၀ဲဘက်၊ မန်းကျိုးရွာထိပ်သောင်ခုံပေါ်တွင် မင်းဘူး၊ စကုမြို့နယ်များ အတွင်းမှ လာရောက်ကြသူများ အများဆုံးနေထိုင်လေ့ရှိကြသည်။ ထိုသူများမှာ ပွဲတော်စတင်ကာနီးအချိန်မှ လာရောက်လေ့ရှိကြပြီး အိမ်ရှိမိအို ဖအိုများမှအစ လှည်း၊ နွားများကိုပါ ယူဆောင်လာလေ့ရှိကြသည်။ ထိုသောင်ခုံပေါ်တွင် နေထိုင်ကြသော မိသားစုများမှ အမျိုးသားများမှာ နွားလှည်းများဖြင့် နီးစပ်ရာတောင်ကြောများသို့တက်၍ ၀ါးခုတ်ကာ ပွဲတော်တွင်းသို့ ရောင်းချလေ့ရှိကြသည်။ လှည်း၊ နွားအပိုင်မရှိသောသူများက ပွဲတော်တွင်းသို့ ရွှေစက်တော်အမှတ် တရ၀ါးသေနတ်၊ ဘောကွင်းပူစီဖောင်း စသည့် ကစားစရာများ လိုက်လံရောင်းချလေ့ရှိကြသည်။ အမျိုးသမီးများမှာ မုန့်ပြားသလက်၊ ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ အကြော် စသည်တို့ကို ကိုယ်တိုင်ပြုလုပ်၍သော်လည်းကောင်း၊ တစ်ဆင့်ပြန်ယူ၍သော်လည်းကောင်း ပွဲတော်တွင်းသို့ လိုက်လံရောင်းချလေ့ရှိကြသည်။
''ကျွန်တော်တို့က ပွဲတော်ချိန်တိုင်း လာကြတာပါ၊ နှစ်တိုင်းကျွန်တော်က ကစားစရာတွေ လိုက်ရောင်းပါတယ်၊ ကိုယ်တိုင်လည်း မလုပ်တတ် ငွေရင်းလည်းမရှိတော့ တစ်ဆင့်ယူရောင်းပြီး အမြတ်စားရတာပါ၊ မိသားစုအကုန်လာတာဆိုတော့ နွားတွေကိုပါ ခေါ်လာရတာပေါ့၊ ဈေးရောင်းပြီး လူစာရှာရတဲ့အပြင် နွားစာလည်းရှာရတယ်လေ'ဟု စကုမြို့နယ်အတွင်းမှ လာရောက်သူတစ်ဦးက ပြောပြသည်။
အောက်သောင်ခုံခေါ် သောင်ခုံပေါ်မှ ဈေးသည်များကို တွေ့ရစဉ်
ရွှေစက်တော် အနီးတစ်ဝိုက်ရှိ တောရကျောင်းများမှ သံဃာတော် များမှာ နံနက်အရုဏ်တက်တစ်ကြိမ်၊ နေကြွချိန်တစ်ကြိမ် ပွဲတော်တွင်းသို့ လှည့်လည်၍ ဆွမ်းခံကြွလေ့ရှိကြသည်။ ထိုသံဃာတော်များကို ဘုရားဖူးခရီး သွားများမှ ဆွမ်းနှင့်ဆွမ်းဟင်းများ အဆင်သင့်လောင်းလှူနိုင်ရန် အောက်သောင်ခုံပေါ်တွင်နေထိုင်ကြသော အမျိုးသမီးများက လိုက်လံရောင်းချလေ့ရှိကြသည်။ ထိုသို့ရောင်းချနိုင်ရန် နံနက်သုံးနာရီခန့်မှထ၍ ချက်ပြုတ်ကြ ရသည်။ သံဃာတော်များအတွက် လိုက်လံရောင်းချပြီးသည်နှင့် နေ့လယ်စာစားချိန်တွင် တဲကျောင်းများသို့ လှည့်လည်၍ ထမင်းဟင်းများ ရောင်းကြရပြန်သည်။ ထိုသို့ လုပ်နိုင်ကိုင်နိုင်သူများက လှည့်လည်ငွေရှာနေချိန် တွင် မိအိုဖအိုများက တဲ၌ကလေး ထိန်းရင်းနေခဲ့ကြရသည်။ မွန်းလွဲတစ်ချက်တီးကျော်ချိန်မှ ထိုမိသားစုများ ထမင်းစားရလေ့ရှိကြသည်။ ပွဲတော်တွင်းသို့ ဆန်အကောင်းစားနှင့်ချက်သော ထမင်း၊ အရသာပြည့်ဝသော အသားဟင်းမျိုးစုံကို လိုက်လံရောင်း ချခဲ့ရသော်လည်း ၄င်းတို့စားသောက်ရသည်မှာ ဆန်ကြမ်းထမင်း၊ အသီးအရွက်ဟင်းမျှသာ ဖြစ်သည်။
သစ္စာဗန္ဓတောင်တော်၏ အနောက်တောင်ဘက်၊ ငဖဲစောင်းတန်းအခြေတွင် နေထိုင်ကြသော မိသားစုများမှာ ငဖဲ၊ ပဒါန်းနှင့် စေတုတ္တရာမြို့နယ်များအတွင်းမှ လာရောက်ကြသူများဖြစ်ကြသည်။ ထိုမိသားစုဝင်များမှ အဘိုး၊ အဘွားများမှာ ငဖဲစောင်းတန်းတစ်လျှောက် ရေချမ်းစင်တည်၍ သဒ္ဒါစိတ်ဖြင့် လှူဒါန်းမှုများကို မှီခိုကြရသည်။ လူရွယ်ပိုင်း ယောက်ျားလေးများက အထက်စက်တော်ရာသို့ သောက်ရေထမ်း၍ ပို့သောအလုပ်များ၊ ပွဲတော် အတွင်းသို့ လမ်းလျှောက်အနှိပ်သည် များအဖြစ် လုပ်ကိုင်လေ့ရှိကြသည်။  အမျိုးသမီးများမှာ အ၀တ်အစား အငှားလျော်ခြင်း၊ ထမင်း၊ ဟင်းအငှားချက်ခြင်းများအတွက် ပွဲတော်တွင်းသို့ လှည့်လည် လှုပ်ရှားကြရသည်။ ၄င်းတို့၏ သားသမီးများမှာလည်း အအားနေရလေ့မရှိကြဘဲ ရေနွေး၊ အကြော် စသည်တို့ကို ရောင်းချကြရသည်။ အချို့အမျိုးသမီးများက မုန့်လက်ဆောင်း၊ သာကူ စသည်တို့ကို ရောင်းချကြပြီး ယောက်ျားသားအချို့က ကြာဇံဟင်းခါး၊ မုန့်ဟင်းခါးစသည့် အစားအစာများကို အထမ်းဖြင့် လိုက်လံရောင်းချလေ့ရှိကြသည်။
'ဦးလေးက ဒီပွဲတော်မှာ ကြာဇံဟင်းခါးတစ်ပွဲကို ငါးမူးခေတ်ကတည်းက နှစ်စဉ်လာရောင်းခဲ့တာ၊ ပွဲတော်ချိန်ရောက်တာနဲ့ မလာရမနေနိုင်လို့ ခုချိန်အထိလာနေတာပေါ့။ နှစ်တိုင်းသားတွေ၊ ချွေးမတွေနဲ့ မြေးတွေပါ အကုန် ခေါ်လာတာ၊ ဒီစောင်းတန်းအခြေမှာ နှစ်စဉ်နေလာတာဆိုတော့ အခွန်အခရယ်လို့ မကောက်ကြပါဘူး။ သုံးစွဲတဲ့ ရေတို့ မိလ္လာတို့ကိုတော့ သတ်မှတ်ချက်အတိုင်း လိုက်နာရတယ်။ ပွဲတော်ချိန်ရောက်တာနဲ့ အိမ်ကို သော့ပိတ်ပြီး ထားခဲ့တာပဲ။ အကျိုးအမြတ်ဆိုတာ ထည့်မတွက်မိပါဘူး။ တချို့နှစ်တွေမှာပါလာတဲ့ အိုးခွက်ပန်းကန်တောင် ရောင်းစားခဲ့ရတယ်။ အခုနှစ်တော့ အထမ်းမထမ်းနိုင်တော့လို့ တွန်းလှည်းနဲ့ လိုက်ရောင်းဖို့ ပြင်ထားတယ်လေ'' ဟု မကွေးမြို့မှလာရောက်သော ဦးလေး ကြီးတစ်ဦးက ပြောပြသည်။
''ကျွန်တော်က ပွဲတော်ထဲမှာ ရေခဲထုပ်တို့၊ ရေခဲချောင်းတို့ လိုက်ရောင်းပါတယ်။ နှစ်စဉ်လာဖြစ်တာ လေးငါးနှစ်လောက်ရှိပါပြီ။ မိသားစုလိုက်ပဲ လာကြတာပါ။မိန်းမကတော့ ကလေးလေးယောက်နဲ့ ဆိုတော့အချက်အပြုတ်နဲ့ ကလေးထိန်းပဲပေါ့။ ရေခဲပုံးကို  မင်းဘူးကနေ လိုင်းကားနဲ့ ပို့ပေးတယ်။ လိုတာရှိရင် ကျွန်တော်က ဖုန်းဆက်မှာလိုက်တာပေါ့။ ပွဲတော်ထဲမှာ ကိုယ်တိုင်လည်း လည်ရောင်းသလို တစ်ဆင့်ရောင်းသူတွေကိုလည်း မှာပေး ရတာပေါ့။ တစ်နှစ်ကို စားပြီးသောက်ပြီး ငါးသောင်းလောက် ကျန်ပါတယ်။ ပွဲတော်တွင်းမှာ မိသားစု စားသောက်နေနိုင်တာက အမြတ်ပေါ့''ဟု မင်းဘူးမြို့မှ လာရောက်လုပ်ကိုင်သူတစ်ဦးက ပြောပြသည်။ ထိုသို့ လာရောက်ကြသူများထဲမှ အထက်စက်တော်ရာသို့ တက်ရောက်ရာလမ်းတစ်လျှောက် ငွေအကြွေလဲလှယ်ခြင်း၊ ပွဲတော်တစ်ခွင်လုံးရှိ သန့်ရှင်းရေးလုပ်ငန်းများကို လုပ်ကိုင်ကြခြင်း၊ ဘုရားဆွမ်းတော်တင်နှင့် ဘုရား ပန်းများရောင်းချခြင်းစသည့် အလုပ်များဖြင့် အသက်မွေးဝမ်းကျောင်းကြသူများလည်း ရှိကြသည်။
b44_11_3
''အဘက ငဖဲနယ်ထဲက လာတာပါ၊ အခု ကန်တော့ပွဲပြင်ဖို့ နှီးတောင်းလေးတွေရက်ပြီး ရောင်းတယ်။ တစ်လုံးကို ကျပ်နှစ်ရာနဲ့သွင်းရပြီး နှီးဖြာပြီးသား အဆင်သင့်ရှိရင် တစ်နေ့ကို တောင်းဆယ်လုံးလောက် ပြီးပါတယ်။ အဘွားဖြစ်သူကတော့ ရေချမ်းစင်တည်ထားပြီး ရေကုသိုလ်ပြုတာပေါ့။ သဒ္ဓါလို့ ငွေကြေးစွန့်ကြဲသွားတော့လဲ လက်ဖက်ဖိုး၊ ကွမ်းဖိုးရတာပေါ့''ဟု ငဖဲစောင်းတန်းအနီးတွင် တဲထိုး၍ နေထိုင်သော အဘတစ်ဦးက ပြောပြသည်။
ရွှေစက်တော်ပွဲတော်သည် မြန်မာနိုင်ငံ၏ မိုးနည်းရပ်ဝန်းဒေသအတွင်း တည်ရှိနေသော်လည်း တောတောင် ရေမြေသဘာဝများဖြင့် စိုပြည်သော နေရာတစ်ခုဖြစ်သည်။ ရွေစက်တော်ပွဲတော်သို့ ကိုယ်ပိုင်ကားများ၊ စင်းလုံး ငှားယာဉ်များဖြင့် လာရောက်ကြသူများရှိသကဲ့သို့ လှည်း၊ နွားများဖြင့်ကာယခွန်အားကို အရင်းအနှီးပြုကာ လုပ်ကိုင်စားသောက်ရန် လာရောက်ကြသူများလည်း ရှိကြသည်။ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ဘုရားဖူးများမှာ မြတ်စွာဘုရား ရှင်၏ ပါဒခြေတော်ရာနှစ်ဆူကို ဖူးမျှော်၍ ကြည်နူးမှုများကို ရယူကြသည်။ မန်းချောင်းရေပြင်တွင် ဆော့ကစား၍ ပျော်ရွင်မှုများကို ပိုင်ဆိုင်ကြရသည်။ ထိုသို့ ကြည်နူးပျော်ရွင်ရန်လာ ရောက်ကြသူများကို အမှီပြုရသော ပျံကျဘ၀နှင့် မိသားစုများကလည်း ပွဲတော်ချိန်ကျသည်နှင့် သစ္စာဗန္ဓတောင်တော်အား လှည့်ပတ်စီးဆင်းနေသည့် မန်းချောင်း၏ သောင်ခုံများပေါ်သို့ အရောက်လာကြဦးမည်သာ။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis