menu

Sunday 5 February 2012

တနင်္သာရီမြစ်တွင် ရွှေတူးရန်လုပ်သားတစ်ဦး တစ်လ ၁၀ သိန်းဖြင့်ခေါ်ယူ


ရွှေတူးဖော်ရေးလုပ်ငန်းခွင်တခုမြင်ကွင်း
သဘာဝသယံဇာတများစွာထွက်ရှိသော တနင်္သာရီတိုင်းဒေသကြီးရှိ အထင်ကရမြစ်တစ်ခုဖြစ်သောတနင်္သာရီမြစ်အထက်ပိုင်းတွင် ရေအောက်ရွှေတူးဖော်ရေးလုပ်ငန်း( ဒေသအခေါ် ရေငုပ်ကျင်း) တွင် လာရောက်လုပ်ကိုင်ရန် ကချင်ပြည်နယ်မှ ရေငုပ်လုပ်သားများကို တစ်လလျှင်ကျပ် ၁၀ သိန်းဖြင့် ခေါ်ယူနေကြောင်း ယင်းလုပ်ငန်းသို့သွားရောက်ရန် ပြင်ဆင်နေသော မိုးညှင်းမြို့နယ် ဘီလူးကျေးရွာဒေသခံတို့က ပြောကြားသည်။
´´လူတော်တော်များများလာခေါ်တယ်၊ မြစ်ဆုံဘက်မလုပ်ခိုင်းတော့ အောက်ပိုင်းကအလုပ်ခေါ်တဲ့ဘက်ကိုဘဲ၊ သွားလုပ်ကြတယ်။ ပုံမှန်ကတော့ ရွှေ့ကျင်တဲ့ပေါင်းလောင်းဘက်က လာခေါ်တာများတယ်´´ ဟု ဘီးလူးကျေးရွာမှ အသက် ၃၀ ကျော်အရွယ်ကိုကျော်လင်းကဆိုသည်။
တနင်္သာရီမြစ်ကြောင်းတစ်လျှောက်တွင်နေထိုင်သူများမှာ ရေငုပ်နိင်သူများရှိသော်လည်း ရေငုပ်ရွှေတူးဖေါ်ခြင်းနှင့်ပတ်သက်ကာ လုပ်ငန်းကျွှမ်းကျင်မှုမရှိသောကြောင့် မြန်မာနိုင်ငံအထက်ပိုင်းရှိ ကျွှမ်းကျင်လုပ်သားများကို ဒီဇင်ဘာလလယ်မှစတင်ခေါ်ယူခြင်းဖြစ်ကြောင်း ၄င်းကပြောကြားသည်။
´´တစ်ရက်ရွေးနှစ်ရာကျော်၊ (မှော်ရွေး ၁၂၀ ရွေးလျှင် ၁ ကျပ်သား) ရတယ်လို့ပြောတယ် ။ ၁၀ ကျပ်သားကျော်ရတဲ့မျှောတွေရှိတယ်´´ဟု တနင်္သာရီမြစ်ရှိ ရွှေဖောင်များတွင် သွားရောက်လုပ်ကိုင်ခဲ့သူ၏ ပြောဆိုချက်ကို ကိုးကားကာ ၄င်းကဆိုသည်။
ရေအောက်ရွှေတူးဖော်ခြင်းဆိုသည်မှာ ၀ါးလုံးများစုစည်းထားသောဖောင်ပေါ်တွင် ရွေှ့မျှောများတပ်ဆင်ပြီး မြစ်ရေအောက်ကြမ်းပြင်ရှိ သဲများကို ရေငုပ်သမားက မှုန်စုပ်ပိုက်ကိုင်၍ ဖောင်ပေါ်ရှိရွှေမျှောပေါ်သို့စုပ်ယူကာယင်းသဲစာမှ ရွှေကိုရှာဖွေခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။
´´ရေငုပ်တဲ့သူတစ်ယောက်က အနည်းဆုံး ၅နာရီလောက်ငုတ်ကြတယ်။ ရေငုတ်ဝတ်စုံတွေဝတ်ပြီး အောက်စီဂျင်ပိုက်နဲ့ ငုတ်ရတာပါ´´ဟု ကိုကျော်လင်းကဆိုသည်။
ရွှေတူးဖော်ကြရာတွင် မြစ်ကမ်းပါးတစ်လျှောက်၌ ရေပန်းများဖြင့်ထိုးဖြိုကာ မြေစာ၊ သဲမှုန်စုပ်စက်ဖြင့်ရွှေရှာဖွေခြင်း(ကုန်ကျင်း) နှင့် မြစ်ရေအောက်ကြမ်းပြင်ရှိ သဲစာများကိုစုပ်ယူကာ ရွှေရှာခြင်း(ရေငုတ်ကျင်း) ဟူ၍ နှစ်မျိုးရှိကြောင်း၊ မြစ်ဆုံဒေသတို့တွင် ရွှေတူးဖော်ခြင်းများ သွားရောက်လုပ်ဆောင်ခဲ့သူ ဦးမောင်ကရှင်းပြသည်။
ကချင်ပြည်နယ် မေခ၊ မေလိခနှင့် မြစ်ဆုံဝန်းကျင်တစ်ဝိုက်တွင် ရေငုပ်ရွှေတူးဖော်ရေးလုပ်ငန်းများ ၂၀၀၀ပြည့်နှစ်ဝန်းကျင်မှစတင်ကာ တွင်ကျယ်စွာလုပ်ကိုင်လာကြရာ နောက်ပိုင်းတွင် တရုတ်လုပ်ငန်းရှင်များပါ ၀င်ရောက်လုပ်ကိုင်လာကြသည့်အတွက် ဧရာဝတီမြစ်သဘာဝပတ်ဝန်းကျင် ပျက်စိးယိုယွင်းလာသောကြောင့် ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲအပြီး အစိုးရသစ်လက်ထက်တွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရွှေတူးဖေါ်ခြင်းလုပ်ငန်းများကို ပိတ်ပင်ခဲ့သည်။
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis