menu

Sunday 5 February 2012

"ပြည်သူရဲ့အာဏာဟာ အစိုးရကို လွှမ်းမိုးနိုင်ရမယ်" ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေးကောက်ပွဲစည်းရုံးရေး ပထမဆုံးနိုင်ငံရေးခရီး



ဇန်န၀ါရီလ ၂၉ ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲအတွက် ပထမဆုံးစည်းရုံးရေးခရီးစဉ်အဖြစ် ထားဝယ်မြို့သို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ထားဝယ်မြို့သူမြို့သားများက ကြိုဆိုနှုတ်ဆက်နေကြစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံး စည်းရုံးရေးခရီးစဉ်အဖြစ် တနင်္သာရီ တိုင်း၊ ထားဝယ် မြို့နှင့်လောင်းလုံမြို့များသို့ ဇန်န၀ါရီလ ၂၉ ရက်နေ့က သွားရောက်ရာတွင် မြို့ခံပြည်သူလူထုထောင်ပေါင်းများစွာက သောင်းသောင်း ဖျဖျ ကြိုဆိုခဲ့ကြသည်။
ထားဝယ်မြို့သို့ ရောက်ရှိပြီးနောက် ထားဝယ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြည်သူများအား နှုတ်ခွန်း ဆက်စကား ပြောကြားခဲ့ရာတွင် အဖွဲ့ ချုပ် အနေဖြင့် အခြေခံလိုအပ်ချက်သုံးခုကြောင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရခြင်း ဖြစ်ကြောင်း၊ ယင်းလို အပ်ချက်များမှာ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေတွင်ပါရှိသော အချက်များထဲမှ ပြည်သူကိုအကျိုးမပြု သောအချက်များအား ပြုပြင်ပြောင်းလဲ နိုင်ရေးတို့ဖြစ်ကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။

"ပြည်သူတွေ အလုပ်အကိုင်မဲ့မဖြစ် အောင်၊ ဆင်းရဲတွင်းထဲက ထွက်နိုင် အောင် ဥပဒေစိုးမိုးရေးအရေးကြီးတယ်။ ကျွန်မတို့နိုင်ငံမှာ ရှိနေတဲ့ တချို့ဥပဒေ တွေဟာ ပြည်သူတွေလွတ်လွတ် လပ်လပ်လုပ်ကိုင်စားသောက်နိုင်ဖို့ ဟန့်တားထားတာတွေရှိနေတယ်။ အဲဒါတွေကို လွှတ်တော်ထဲကနေ ဖြေရှင်းချင်ပါတယ်။ အနည်းအကျဉ်းသော ဥပဒေတွေကတော့ ဖျက်သိမ်းဖို့လိုနေတယ်" ဟု ထားဝယ်မြို့နယ်အဖွဲ့ချုပ်ရုံးရှေ့တွင် စုဝေးနေကြသော ပြည်သူများအား ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း ထားဝယ်မြို့သူမြို့သားများက တိုင်းရင်းသားများ၏ လိုအပ်ချက်၊ မျှော် လင့်ချက် များအား ပိုမိုနားလည်မည်ဟု ထင်ကြောင်း ၎င်းက ပြောသည်။
"တစ်ယောက်ကို တစ်ယောက်နားလည်ဖို့ ဆိုတာဟာ တစ်ဖက်သားစကားကို နားထောင်ရမယ်။ တစ်ဖက်သားရဲ့ အသံကို လေးစားရ မယ်။ မျှော်လင့်ချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးချင်စိတ် စေတနာရှိရမယ်။ အားလုံးဟာ ဒီလိုတစ်ယောက်နဲ့ တစ်ယောက် ဒီလိုစေတနာထားရင် နိုင်ငံမတိုးတက်စရာ မရှိဘူး"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေး အောင်မြင်ပါက ရလာမည့်အခွင့်အရေး များစွာရှိပြီး အဆိုပါအခွင့်အရေးများအား နိုင်ငံအတွက် မှန်မှန်ကန်ကန်သုံးတတ်ဖို့လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်ဖြစ်သူက ဆိုသည်။
"နိုင်ငံသူ နိုင်ငံသားတွေအတွက် ပေးတဲ့ အကူအညီတွေ နိုင်ငံသားတွေ လက်ထဲရောက်ဖို့အတွက် တရားဥပဒေစိုးမိုးတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတစ်ခု ဘယ်လောက်လိုအပ်တယ် ဆိုတာ ကျွန်မ ထူးထူးထွေထွေ ရှင်းပြဖို့ မလိုဘူးထင်ပါတယ်"ဟု ၎င်းက ပြောသည်။
ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လည်း လေ့လာကြရန် ပါတီဝင်များအား ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြည်သူ တွေကို အကျိုးမဖြစ်တဲ့အချက်တွေကို ပြောင်းလဲပစ်ဖို့ပါပဲ။ ဒါလုပ်ကိုလုပ်ရ မယ်။ရင်ဆိုင် ရဲရမယ်" ဟု ၎င်းကဆိုသည်။
ဒီမိုကရေစီ ထွန်းကား သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာရန်အတွက် ကောင်းမွန်ဖြောင့်မတ်သည့် နိုင်ငံရေးပါတီများ လိုအပ်ကြောင်း၊ ပြည်သူ များအား ဖြောင့်မတ်စွာ နှင့် နီးကပ်စွာ ဆက်ဆံ ရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
"ပြည်သူကို လှည့်ဖျား ဖို့ မကြိုးစားပါနဲ့။ ပြည်သူ ကို လှည့်ဖျားဖို့ကြိုးစားတဲ့ သူတွေဟာ ဘယ်လောက်ပဲ အရှိန်အ၀ါတက်နေ။ ရေတိုသာပဲ ဖြစ်မယ်။ ရေရှည်မှာ ကျသွားမှာပါ။ "မတည်နိုင်တဲ့ ကတိတွေကို အလွယ် မပေးပါနဲ့။ ကျွန်မ အတတ်နိုင်ဆုံးလုပ်မယ်၊ အကောင်းဆုံးလုပ်မယ်။ အတတ်နိုင်ဆုံးထက်တော့ ပိုမလုပ်နိုင်ဘူး"ဟု ၎င်းကဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် ၄၈ နေရာ စလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တနင်္သာရီတိုင်းတွင် ကျွန်းစုမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်နှင့် လောင်းလုံးမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်တို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော် အဖြစ် ရွေးကောက်ခံမည့် အင်န်အယ်လ်ဒီ ကိုယ်စားလှယ်မှာ ဒေါ်တင်တင်ရီဖြစ်ပြီး လောင်းလုံး မြို့နယ်တွင် ဦးအောင်စိုးက ရွေးချယ်ခံမည် ဖြစ်သည်။
"ရွေးကောက်ပွဲမှာ အရေးကြီးလို့ မဲလို ချင်တာတော့ အမှန်ပဲ။ တကယ်လိုချင်တာက ပြည်သူတွေရဲ့စိတ်ထဲက ထောက်ခံမှု ပဲဖြစ်တယ်။ အဲဒါကသာ တကယ် တန်ဖိုးရှိတယ်ဆိုတာ မမေ့ပါနဲ့။ မဲရပြီး ပြည်သူတွေရဲ့ မေတ္တာနဲ့ယုံကြည်မှုကို မရနိုင်ရင် အနှစ်အရသာ ဘာမှ မရှိတဲ့ အရာပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
"ဒီမိုကရေစီဆိုတဲ့စကားရဲ့အဓိပ္ပာယ် ကိုက ပြည်သူရဲ့အာဏာ၊ ပြည်သူရဲ့အင်အား။ ပြည်သူရဲ့အာဏာဟာ အစိုးရကို လွှမ်းမိုးနိုင် ရမယ်။ ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်ဟာ ပြည်သူ့ကောင်းကျိုး မလုပ်နိုင်ဘူးဆိုရင် နောက်ရွေးကောက် ပွဲမှာ သူ့ကို လှည့်ကြည့် စရာအကြောင်းကို မရှိဘူး"ဟု ၎င်းက စည်းရုံးရေးခရီးစဉ်၏ အစတွင် ပြောကြားသည်။
တနင်္သာရီတိုင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အမြဲကျေနပ် အားရမိကြောင်း၊ ၎င်းနေအိမ်အကျယ် ချုပ်ကျနေစဉ် အချိန်ကတည်းက ထွက်လာပြီးနောက် ပထမဆုံးစည်းရုံးရေးထွက်သည့် အခါ တနင်္သာရီကို လာခဲ့ရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ပထမဆုံး ခရီးစဉ်ကို တနင်္သာရီသို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းက လောင်းလုံးမြို့သို့အရောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ လာရောက် အားပေးသူများအား ပြောကြားသည်။
"ဆင်းရဲသားမှာလည်း မဲတစ်ပြားပဲ။ သူဌေးမှာလည်း မဲတစ်ပြားပဲရှိရမယ်။ ရာထူးအကြီးဆုံးပုဂ္ဂိုလ်ကနေအစ ဘာရာထူးမှ မရှိတဲ့ အသက်ရှိတဲ့ နိုင်ငံသူ နိုင်ငံသားအားလုံး ဟာ မဲတစ်ပြားပဲ ပေးပိုင်ခွင့်ရှိတယ်။ အဲတော့ ရွေးကောက်ပွဲနေ့မှာ ငါဟာလူတိုင်းနဲ့တန်းတူ ပဲလို့ ပြောလို့ရတယ်။ "သာမန်လူတစ်ယောက်ဟာ နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်တဲ့ သမ္မတကြီးနဲ့တောင်မှ ရွေးကောက်ပွဲနေ့မှာတော့ တန်းတူပဲလို့ ပြောပိုင်ခွင့်ရှိတယ်။ ငါဟာ နိုင်ငံရဲ့ ခေါင်းဆောင်ပဲဆိုတဲ့ စိတ်နဲ့ ကြားဖြတ် ရွေးကောက်ပွဲနေ့မှာ မဲပေးကြပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
လောင်းလုံးမြို့၌ ခေတ္တနားပြီးနောက် အောက်ရေဖြူရွာသို့ သွားရောက်ခဲ့ပြီး မောင်းမကန်ရွာသို့ ဆက်လက်သွား ရောက်ခဲ့သည်။ ထို့နောက် ထားဝယ်မြို့ သို့ပြန်ကာ မြို့လယ်ရှိ ဘေဘီစတိုးတွင် ပြည်သူများအား စကားပြောခဲ့သည်။
"ကျွန်မတို့ကလေးတွေ နေပျော်မယ့် နိုင်ငံ တစ်ခုဆောက်တည်ဖို့ ကျွန်မတို့မှာ တာဝန်ရှိတယ်။ အားလုံးလိုချင်တဲ့ နိုင်ငံကြီးကို အမြန်ဆုံးတည်ထောင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်"ဟု ၎င်းက ဆိုသည်။
ထားဝယ်မြို့သူတစ်ဦးဖြစ်သည့် မသိမ့်သိမ့်စုက ဒီမိုကရေစီခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား လာရောက် ကြိုဆိုခြင်းဖြစ်ကြောင်း ထားဝယ် ရုံးရှေ့၌ ပြောသည်။
"အရင်ကလည်း လာဖူးတယ်။ ၀မ်းသာ(လိုက်)တာ သမီး ... ရင်ထဲကို .. မျက်ရည်တောင် လည်တယ်။ သူပြောသွားတာတွေ အကုန်လုံးသဘောကျတယ်"ဟု ၎င်းက ဆိုသည်။
"ထားဝယ်မှာ သူ့ကို အကုန်လုံးထောက်ခံကြတယ်။ (ဆိုင်ကယ်တွေ) အစီးပေါင်း ၁,၀၀၀ လောက်ရှိတယ်လေ" ဟု မသိမ့်သိမ့်စုက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းရုံးရေး ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မန္တလေး မြို့သို့လည်းကောင်း၊ ၇ ရက်နေ့တွင် ပုသိမ်မြို့သို့လည်းကောင်း ဆက်လက်သွားရောက်မည်ဖြစ်သည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis