menu

Sunday 5 February 2012

ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်တွေ့ဆုံခြင်း


မြန်မာ့ပင်လယ်ပြင်အတွင်း ပြောင်းလဲပေးလိုက်သော ငါးဖမ်းဆီးခွင့်အခြေအနေနှင့် ပြည်ပသို့ ငါးရောင်းချနေသော အခြေအနေများကို မြန်မာနိုင်ငံ ပင်လယ် ငါးဖမ်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမောင်မောင်စိုးနှင့်တွေ့ ဆုံမေးမြန်းခဲ့သည်များထဲမှ  ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ပထမဦးဆုံး ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်တွေကို ငါးဖမ်းဆီးခွင့်ပုံစံ ပြောင်းပေးတဲ့အခြေအနေကိုရှင်းပြပေးပါ။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်)က မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးက ငါးဖမ်းလုပ်ငန်းရှင်တွေနဲ့တွေ့ပြီး မြန်မာပြည်တစ်ပြည်လုံး ကမ်းဝေး ငါးဖမ်းလှေတွေကို တစ်ခေါက်ထွက်ရင် ရက် ၉၀ ခွင့်ပြုပေးခဲ့တယ်။ (ယခင်ကရက်  ၇၀  သာပေးခဲ့သည်။) နောက်တော့ အရင်တုန်းကဆို ရန်ကုန်က ထွက်တဲ့ လှေဆိုရင် ငါးဖမ်းကွက်နှစ်ကွက်ပဲရတာ။ ဧရာဝတီနဲ့ မွန်၊ ဒါမှမဟုတ်ရင်  ဧရာဝတီနဲ့ ရခိုင်ပဲရတာ။ အခုတော့ မြိတ်၊ ဧရာဝတီ၊ မွန်၊ ရခိုင်လေးကွက်လုံး ဖမ်းလို့ ရပြီ။ အရင်ကဆို မြိတ်ကလူက မြိတ်မှာပဲ ဖမ်းလို့ရတာ၊ အခုတော့ ကြိုက်တဲ့နေရာ ဖမ်းလို့ရပြီ။ ရက် ၉၀ ပြည့်ရင်   Check Point    (စစ် ဆေးရေးဂိတ်)မှာ လက်မှတ်ထိုးပြီး ပြန်ထွက်ဖမ်းပေါ့။ အရင်က သုံးထပ်ပိုက်နဲ့ ငါးဖမ်းခွင့်  ပိတ်ထားတာ၊ အခု မြိတ်မှာ ဖမ်းခွင့်ပြုလိုက်တယ်၊ မေနဲ့ ဇွန် နှစ်လတော့ နားရ တယ်။ မြိတ်ဒေသမှာရှိတဲ့ ပုစွန်တင်ပို့မယ့် အအေးခန်း စက်ရုံတွေလုပ်ငန်းအဆင်ပြေအောင် သုံးထပ်ပိုက်နဲ့ ပုစွန်ဖမ်းဆီးခွင့်ကို တစ်နှစ်မှာ ၁၀ လခွင့်ပြုထားတာပေါ့။ပြည်တွင်းငါးနဲ့ ပုစွန်ဖမ်းလှေတွေ အဆင်ပြေအောင်ပေါ့။
ငါးဖမ်းရမယ့် နေရာတွေကိုရော တိတိကျကျသတ်မှတ်ပေးထားပါသလား။
ရခိုင်မှာဆို ကမ်းခြေကနေ ငါးမိုင်၊ ဧရာဝတီ၊ မွန်နဲ့ တနင်္သာရီမှာဆို ကမ်းခြေကနေ ၁၀ မိုင်။အပြင်မှာ ဖမ်းရတာ၊ အတွင်းဝင်မဖမ်းရဘူး။ သူတို့(ငါးလုပ်ငန်း ဦးစီး ဌာန)သတ်မှတ်တဲ့ ဧရိယာကစည်းကမ်းပျက်ပြီး ဖမ်းတယ်ဆိုပထမနဲ့ ဒုတိယအကြိမ်တွေမှာ သိန်း ၄၀၊ ၈၀ လောက်ဒဏ်ရိုက်ပြီးနောက် တစ်ကြိမ်ဆို ပြည်သူ့ဘဏ္ဍာ
အဖြစ် လှေပါသိမ်းမယ်တဲ့။ ငါးဖမ်းလှေတစ်စီးကို ကျပ်ငွေသိန်း၂၀၀၀ နဲ့ ၄၀၀၀ ကြားရှိတော့ နိုင်ငံခြားလှေတွေလိုဒေါ်လာနဲ့ပဲဖြစ်ဖြစ် မြန်မာငွေနဲ့ပဲဖြစ်ဖြစ် ဒဏ်ပဲရိုက်ပါလို့ပြောထားတယ်။
ဒီနှစ် ပင်လယ်ပြင်မှာ ငါးအထိအမိရော ဘယ်လိုနေလဲ။
ငါးအထိအမိကတော့ ကောင်းတယ်။ ဒီဇယ်တစ်ပီပါကို ငွေ ၁၆၀၀၀၀ ဆို ငါးပြန်ရောင်းရင် ၃၀၀၀၀၀ နဲ့ ၃၅၀၀၀၀ လောက်ရတယ်။ နောက် စရိတ်စကနုတ်
လိုက်ရင် ဆီတစ်ပီပါမှာ ၅၀၀၀၀ လောက် မြတ်တာပေါ့။ ပီပါ ၁၀၀ ဆို သိန်း ၅၀၊ ပီပါ ၂၀၀ ထွက်ရင်သိန်း ၁၀၀ ရတယ်။ (ပင်လယ်ပြင်တွင် ငါးဖမ်းထွက်သော တစ်ကြိမ် လျှင်ရရှိခြင်းဖြစ်သည်။)
မြန်မာ့ပင်လယ်ပြင်ထဲမှာ သွားလုပ်တဲ့ သုတေသနအချို့က ငါးသယံ ဇာတလျော့နည်းသွားပြီဆိုပေမယ့် အခု ငါးအထိအမိကောင်းတာ ဘာကြောင့်လဲ။
သူတို့တွေက ငါးရှားတဲ့ မတ်လမှာ ကဒုံကနိဘက်လိုမျိုးမှာ ရက် ၂၀ လောက်ပဲလုပ်ကြတာ၊ ကျွန်တော်တို့အသင်းကတောင်သိန်း   ၇၀၀  ပေးလိုက်ရတယ်။ အဓိကက ငါးတွေက ရာသီဥတုပေါ်မူတည်ပြီး အရွှေ့အပြောင်းရှိတယ်။ ရာသီလေမှန်မှ ငါးကမှန်တာ၊ ဒါကြောင့် ငါးရှားချိန်မှာ သုတေသနလုပ်ရင် ဘယ်တွေ့မလဲ၊ သူ့အချိန်အခါနဲ့ သူပေါ့။
တရုတ်ငါးဖမ်းလှေတွေရော ရှိသေးလား။
တရုတ်လှေတွေက ငါတို့လို တိုင်းရင်းသားပိုင်တွေဖြစ်ကုန်ပြီလေ။ သူတို့လူတွေ လိုက်လို့မရတော့ဘူး။ဖမ်းမိတဲ့ငါးတွေကို ဘယ်ကို အဓိကရောင်းကြပါလဲ။
ရန်ကုန်မှာ တံတား(ငါးချဆိပ်ကမ်း) ခုနစ်စင်းရှိတယ်။ ငါးလှေတွေနဲ့ အကျိုးတူ လုပ်ထားရ တယ်။ အဲဒီမှာ ဘယ်သူမဆို လေ လံဝယ်လို့ရတယ်။ အပြိုင်အဆိုင်ပဲ သူတို့(တရုတ်ကုမ္ပဏီ)တွေ ၀ယ်တယ်။ နိုင်ငံတော်ကိုအခွန်ဆောင်ထားတာပဲ တရားဝင်ဝယ်ကြတာ။
ပြည်ပကိုတင်ပို့ရာမှာကော့သောင်းFOB (သင်္ဘောပေါ်အရောက်ဈေး)နဲ့ ပို့လို့ရတဲ့အကြောင်း ရှင်းပြပေးပါဦး။
အရင်ကဆို တနင်္သာရီတိုင်းက FOB ဆို မြိတ်ချက်ပွိုင့်ကပဲသွားရတာ။
အခုတော့ ကော့သောင်းကနေFOB နဲ့ရနောင်းကို သွားခွင့်ပြု လိုက်ပြီ။ ဒါပေမဲ့ FOB ဆိုတာ အခုလိုအချိန်မှာ မရှိသင့်တော့ဘူး။ မဖြစ်သင့်တော့ဘူး။ ထုံးစံအတိုင်း   CIF   (၀ယ်သူနိုင်ငံ ဆိပ်ကမ်းအရောက်ဈေး)နဲ့ပဲရောင်းရမှာ၊ ရန်ကုန်မှာလာရောင်းရင် ပြည်တွင်းကုမ္ပဏီတွေက ၀ယ်ပြီး CIFနဲ့ပို့ရင် နိုင်ငံတော်က ၀င်ငွေရမယ်။ အလုပ်သမားတွေလည်း အလုပ်ရမယ်။ အအေးခန်းတွေ လည်း အဆင်ပြေမှာပေါ့။ မြိတ်မှာက ကုမ္ပဏီကြီးတွေလည်း မရှိသေးဘူး၊ မောတောင်လမ်းကလည်း မဖြစ်သေးဘူးလေ။ နောင်ဆို FOB ပျောက်မှာပါ။
မြန်မာ့ပင်လယ်ပြင်ထဲ ထိုင်းငါးဖမ်းလှေတွေ လာဖမ်းတာတွေရှိနေတုန်းပဲလား။
သူတို့ကို Fishing Right ပေးထားတာကို သူတို့တွေက ဒီဘက်ထဲ ၀င်ဖမ်းနေတုန်းပဲ။ သူတို့တွေ အစီး ၃၀၀ လောက်ဆီက အခွန်က တစ်နှစ်လုံးမှ ဒေါ်လာ
ဆယ့်ငါးသန်းလောက်ပဲရတာ၊ ဒေါ်လာပုတ်ပြတ်နဲ့ပေါ့၊  တချို့လှေအစီး ၂၀ လောက်ကတော့ ဖက်စပ် Joint Venture လုပ်ကြတာတွေရှိတယ်။ သူတို့ကို ရေတပ်က
လည်း မဖမ်းဘူး။ ကျွန်တော်တို့တွေက တွေ့နေရတာ။
ထိုင်းပင်လယ်ပြင်မှာ  လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်ကတည်းက ငါးသယံဇာတမရှိတော့ဘူးလို့ ကမ္ဘာကို ကြေညာခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့သူတို့ ဘာကြောင့်ငါးဖမ်းလုပ်ငန်း ဆက်လုပ်နိုင်ရတာပါလဲ။
သူတို့က  အင်ဒိုနီးရှားကဖမ်းတယ်၊ ဘင်္ဂလားဒေ့ရှ်က ဖမ်းတယ်၊ မြန်မာက ဖမ်းတယ်။
ရေချိုငါးမွေးသူတွေတော့ ပို့ကုန်ရငွေ တန်ဖိုးကျတာ၊ ပြည်ပဈေးကွက် အ၀ယ်နည်းနေတာကြောင့် ဆုံးရှုံးမှုများနေပြီး ပင်လယ်ငါး ဖမ်းလုပ်ငန်းက ဘာကြောင့် မရှုံး
တာလဲ၊ ဒေါ်လာနဲ့ ပို့ကုန်ရငွေ တန်ဖိုးကျတာက ပင်လယ်ငါးဖမ်းလုပ်ငန်းအပေါ် သက်ရောက်မှု မရှိဘူးလား။
ငါတို့က ဒေါ်လာနဲ့ ရောင်းတာမှ မဟုတ်တာ၊ မြန်မာငွေနဲ့ ရောင်းတာဆိုတော့ ဘာမှမဖြစ်ဘူး။
ရေငန်ငါးဖမ်းလုပ်ငန်းမှာ အဓိကကြုံရတဲ့ အခက်အခဲဘာတွေရှိ ပါသလဲ။
အခက်အခဲတွေကို ဖြေလျှော့ပေးလိုက်ပြီလေ။ ငါးဖမ်းရက်ကိုလည်း ရက် ၉၀ ပေးလိုက်တယ်။ ရေချိုငါးလိုမျိုး မဟုတ်ဘူး။
အပြည်ပြည်ဆိုင်ရာငါးလေလံဈေး အဓိက မအောင်မြင်တာက ငါးဖမ်းလှေတွေက လာမရောင်းကြတာရယ်၊ အစိုးရက ပူးပေါင်းဆောင်ရွက်မှုနည်းတာတွေကြောင့်
လို့မစ္စတာပီရွှန်းက ပြောတယ်၊ အဲဒါဟုတ်လား။
ဘာကြောင့် ဒီလိုပြောနိုင်ရတာလဲ။   သူတို့တွေ    စလုပ်ကတည်းကမှားနေတာ အတွေ့အကြုံမရှိလို့ပေါ့။ ငါတို့ အဏ္ဏ၀ါဆိပ်ကမ်းမှာဆို ငါးဖမ်းစက်လှေ အစီး ၃၀၀ လောက်နဲ့ ချိတ်ထားတာ၊ ပိုက်ဆံလည်းချေးပေးရတယ်၊ သူတို့ရလာတဲ့ ငါးတွေကိုလည်း ကုန်အောင်ရောင်းပေးရတယ်၊ ပြီးရင် ငါးဖိုးကို ရက်ခြားပြီး အကြေချေ ပေးရသေးတယ်။ မြိတ်ကလှေတွေက ထိုင်းနဲ့ အကျိုးတူလုပ်ထားကြတာ၊ ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ဒါကြောင့်ပဲ။ တံတားတွေမှာ ရောက်လာတဲ့ ငါးတွေတိုင်းက ချက်ချင်းရောင်း ကုန်တာမဟုတ်တော့ ငါးခြောက်ခွဲလှန်းရသေးတယ်။ အဲဒီ့အတွက်လည်း အလုပ်သမားငှားထားရတယ်၊ ငါးခြောက်အကြွေးချရတယ်။ အဲဒါတွေ မလုပ်နိုင်ရင် မအောင်မြင်ဘူး။
သန်းဌေး (7daynewsjournal )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis