menu

Sunday 1 January 2012

ကျွန်တော့ကို ရွာပြင်ထုတ်ပါ(ပေါ်ဦးသစ်)

ကျွန်တော်သည် ဝါသနာအလျောက် ကဗျာ၊ဝတ္ထုများကို ကြိုးစားရေးသားခဲ့သော် လည်း ခွဲထား၊ သတ်ပုံများကို ကျွမ်းကျင်မှု မရှိသောကြောင့် ပထမဆုံးထုတ်ဝေသော လက်ရေးကဗျာ စာအုပ်လေး၏ တစ်နေရာ တွင် ”သတ်ပုံမှားယွင်းပါက သည်းခံဖတ်ရှုပါရန်’ ‘ဆိုသည့် သဘောသက်ရောက်သော စာတန်းကို စာအုပ်၏တစ်နေရာတွင် ထည့် သွင်းဖော်ပြခဲ့သည်။ ဘဝပေးအခြေအနေအရ မိခင်ဘာသာ စကားဖြစ်သော မြန်မာစာ၊ မြန်မာစကားကို လည်း အဓိကဘာသာရပ်တစ်ခုအဖြစ် တက္က သိုလ်တွင် သင်ယူခွင့်မရှိခဲ့ပါ။ သို့သော်လည်း ၁၉၈၆ခုနှစ်၊ မန္တလေးတက္ကသိုလ်၊ တတိယနှစ် ကျောင်းသားဘဝတွင်
တက္ကသိုလ်များစာအုပ် အရောင်းဆိုင်မှမြန်မာစာလုံးပေါင်း သတ်ပုံကျမ်း စာအုပ်ကိုဝယ်ယူပြီးလေ့လာဖတ်ရှုခဲ့ပါသည်။
ဇဝေဇဝါ ဖြစ်နေသော စာလုံးပေါင်းများ ကို အကြိမ်ကြိမ်လေ့လာမှတ်သားသည်။ အား လပ်ချိန်များတွင် တစ်မျက်နှာချင်းဖတ်ရှုသည်။ တစ်ကြိမ်က နှစ်ကြိမ်ဖြစ်သော အခါ  နှစ်ပေါင်းများစွာ အမှန်ဟုယူဆထားသော စာလုံးပေါင်းသတ်ပုံ တချို့၏အမှန်ကို သိလာ ရသည်။ ခွဲထားဝေါဟာရများကို မှတ်ထား ရသည်။ ယပင့်(-ျ)နှင့်ရေးသည်ဟု ထင် ယောင်ထင်မှားဖြစ်ထားသော စာလုံးပေါင်း အချို့  ရရစ်(ြ-)နှင့် ရေးသည်ကို တွေ့ရ သည်။ တစ်လျှောက်လုံး(ဘ)နှင့်ရေးသည်ဟု ထင်မှတ်ထားသော အရာများ(ဖ)နှင့်   ရေးမှန်း သတ်ပုံကျမ်းစာအုပ်ကို ဖတ်မှသိရသည်။
ဒီလိုနှင့် စိတ်ခံစားမှုမြင့်မားချိန်တွင် ရေး ချင်သလိုရေးထားသော ကဗျာ၊ဝတ္ထုတချို့ မဂ္ဂဇင်း၊ စာစောင်များတွင် ပုံနှိပ်ဖော်ပြခွင့် ရရှိ ခဲ့ပါသည်။ ကျွန်တော်သည် ကိုယ်တိုင်   ရေးထားသော စာမူကို အယ်ဒီတာထံမပေးပို့မီ စာရေးသူတို့ထုံးစံအတိုင်း ဖင်ပြန်ခေါင်းပြန် ဖတ်ပါသည်။ သတ်ပုံများ မှန်ကန်မှုရှိ၊မရှိ၊ ဝေါဟာရအသုံးအနှုန်းများ မှန်ကန်မှု ရှိ၊မရှိလည်း ဂရုတစိုက်စစ်ဆေးကြည့်ရှုပါသည်။
ကျွန်တော်ကဝါကျအတွင်းတွင် ကြိယာ ဝိသေသနတွေ နာမ်ရှေ့ရောက်နေသလား၊ နာမဝိသေသနတွေ ကြိယာရှေ့ရောက်နေ သလား၊ ကတ္တားပုဒ်ဆက်၊ ကံပုဒ်ဆက်၊   နေရာ ပြပုဒ်ဆက်များမှန်ရဲ့လား၊ အစရှိသဖြင့် ကိုယ် လေ့လာမှတ်သားထားသော အသိဖြင့်စိစစ် ပြီး စိတ်တိုင်းကျသောအခါမှ အယ်ဒီတာများ ထံပေးပို့ပါသည်။
လွန်ခဲ့သောနှစ်များက ‘ဆရာမောင်ခင် မင်(ဓနုဖြူ)’ရေးသားထားသော’ငယ်ပေါင်းကြီး ဖော်မြန်မာစာ’ဆိုသည့် စာအုပ်ငယ်ကလေး တစ်အုပ်ကိုဖတ်ရပါသည်။ ဆရာ့ စာအုပ် ကလေးမှာငယ်ပင်ငယ်သော်ငြား လည်း မြန်မာစာအရေးအသား နှင့်ပတ်သက်မှုများ မဖတ်မဖြစ် ဖတ်သင့်သော စာအုပ်ငယ်တစ်အုပ် ဖြစ်ပါသည်။ ယခုအချိန် အထိနေရာ အတော်များများတွင် မှားယွင်း ရေးသားနေကြသော’နေ့လည်’၊  ‘အိမ်ယာ’၊ ‘မှ’နှင့်’က’၊’ကို’နှင့် ‘အား’၊’နဲ’နှင့်’နည်း’အသုံးများ ကိုဆရာ့စာအုပ်တွင် လွယ်ကူ ရှင်းလင်းစွာ ဥပမာ၊ဥပမေယျများနှင့်ရေးသားထားသည် ကို ဖတ်ရှုမှတ်သားရသည်။ (ကျွန်တော်က ဆရာ့စာအုပ်ပါအကြောင်းအရာကို အကျဉ်းချုပ်ကာ လိုသလောက် ထုတ်နုတ်ရေးသားရ သည်မှာ မပြည့်စုံပါ။တစ်အုပ်လုံး ဖတ်ရှုမှ လုံလောက်မည်ဖြစ်ပါသည်။ စကားချပ်)
သို့သော်လည်း တိုင်းပြည်၏နေရာအနှံ့ အပြားတွင် သတ်ပုံများ မှားယွင်းမြဲ မှားယွင်း နေသည်ကို ကျွန်တော်က မခံစားနိုင်ခဲ့ပါ။ နိုင်ငံတွင် အလွန်ပင် ကြွယ်ဝချမ်းသာ မှသာ ရင်းနှီးမြှုပ်နှံနိုင်သော Super Market များ တွင်လည်းကောင်း၊ ကြီးမားသော ကုန်ထုတ် လုပ်ငန်းကြီးများလုပ်ကိုင်နေကြသော ကုမ္ပဏီ ကြီးများ၏   ကြော်ငြာများ တွင်လည်းကောင်း သတ်ပုံများ၊ ဝေါဟာရ အသုံးပြုပုံများ၊ ဝါကျ တည်ဆောက်ပုံများ မှားယွင်းလျက်ရှိသည်။
ထိုကဲ့သို့ မှားယွင်းမှုအပေါ် ကုမ္ပဏီ၏ အကြီးအကဲများက ပြုပြင်ခြင်းမရှိကြသည်မှာ မသိ၊မတတ်၍မပြုပြင်ခြင်းလား၊ပြုပြင်ပေးမည့် ဝန်ထမ်း(ပညာရှင်)မရှိ၍လား၊ သို့မဟုတ် ”ငါတို့ရေးထားသော သတ်ပုံမှားချင်မှား၊ သဒ္ဒါမှားချင်မှား၊ ဖတ်တဲ့ လူကဆိုလိုတဲ့အဓိပ္ပာယ်ကို နား လည်နိုင်တယ်မဟုတ်လား။ သတ်ပုံမှားတာ ဘာမှအရေး မကြီးပါဘူးကွာ” လို့များသဘောထား ခံယူချက်နဲ့ မပြုပြင်တာလား။ ဒါဆိုရင် တော့ ကျွန်တော်တို့ ‘မြန်မာ စာသည်တို့စာ၊ မြန်မာစကား သည်တို့စကား၊ တို့စာကိုလေးစားပါ၊ တို့စကား ကို ချစ်မြတ်နိုးပါ’ဆိုသည့်ဆောင်ပုဒ်ကို အခြေ တည်ကာ တိုင်းပြည်လွတ်လပ်ရေးကိုအရ ယူပေးခဲ့ကြသော ဘိုးဘွားသူရဲကောင်းများ၏ အသက်သွေးချွေး များကို လျစ်လျူရှုကာ အာဇာနည်မျိုးချစ်များ၏ သမိုင်းစာမျက်နှာ များကို သစ္စာမဲ့ရာကျပါမည်။
ကျွန်တော်အထူးစိုးရိမ်သည်မှာ မြန်မာ စာပေကို လေ့လာသင်ယူကြသော နိုင်ငံခြား သားမြန်မာစာ စာပညာရှင်များက မြန်မာ နိုင်ငံမှ နိုင်ငံကျော်သူဌေးကြီးများ၏ ကုန် ပစ္စည်းကြော်ငြာများကို ဖတ်ရှုပြီး ”မြန်မာ ပြည်က သူဌေးတွေက စီးပွားချမ်းသာအောင် လုပ်တတ်ပေမယ့်၊ သူတို့စာတောင် သူတို့မှန် အောင်ရေးတတ်ကြသူတွေ မဟုတ်ဘူး”ဆိုသည့် အမြင်ကို မြင်သွားမှာ အထူးစိုးရိမ်ပါသည်။
အခွင့်ကြုံတုန်းရေးလိုသော အချက်တစ် ခုရှိပါသည်။ ယနေ့ထုတ်ဝေနေသော ဂျာနယ် များတွင် ‘နောက်’(နောက်ကျောဘက်၊ အင်္ဂလိပ်လိုBack )နှင့် ‘အနောက်’ (အနောက် အရပ်၊အင်္ဂလိပ်လို West)၊’ရှေ့’(မျက်နှာမူရာ ရှေ့ဘက်အင်္ဂလိပ်လို in front of)နှင့်’အရှေ့’ (နေထွက်ရာအရပ်မျက်နှာ အရှေ့ဘက်၊ အင်္ဂလိပ်လို East)တို့ကို ခွဲထားမှန်ကန်စွာ တည်းဖြတ်နိုင်ခြင်း မရှိကြသည့် အယ်ဒီတာ ချုပ်များ၊ စီအီးအိုကြီးများကို မလေးစားဘဲ မနေနိုင်ပါ။ စာတစ်စောင်တွင် အယ်ဒီတာ၏ အခန်းကဏ္ဍ ကဘာလဲ။ယနေ့ဂျာနယ်လစ်ဇင် သင်တန်းများကို ဦးစွာတက်ရောက်ရမည့် သူများမှာ အယ်ဒီတာချုပ်များ ဖြစ်မည်ထင်သည်။ ရက်သတ္တတစ်ပတ် ၁၆၈ နာရီမှ တစ်စောင် ထုတ်သော ဂျာနယ်တစ်စောင်မှာပင် အမှားအယွင်း၊ အကျအပေါက်များရှိနေလျှင် တစ်ရက် (၂၄) နာရီတစ်ကြိမ်ထုတ် သတင်းစာကို ထုတ်ဝေဖို့ဆိုလျှင် မည်မျှ လေ့ကျင့်   ပြင်ဆင်ထားရမည်ကို ပုံနှိပ်မီဒီယာလုပ်ငန်းနှင့် စီးပွားရှာရန် စိတ်ကူးကြံစည် နေကြသူများကို အထူးသတိပေးအပ်ပါသည်။
ထိုနည်းတူစွာပင် ကျွန်တော်တို့နိုင်ငံ၏ ရုံးသုံးဘာသာစကားမှာ မြန်မာဘာသာစကား ဖြစ်ပါသည်။ သို့ရာတွင် ရုံးလုပ်ငန်းအချို့တွင် မြန်မာဘာသာစကားဖြင့်ရေးလျှင် ရပါလျက် နှင့် အင်္ဂလိပ်အသံထွက်များကို မြန်မာမှုမပြု ဘဲ ပေါပေါလောလောရေးသား သုံးနှုန်းနေ ကြပါသည်။ ဥပမာ-မော်တော်ကား တင်သွင်း ခွင့်ပါမစ်(Permit)ကို   မော်တော်ကားတင် သွင်းခွင့် ‘ခွင့်ပြုမိန့်’ဟု သုံးနှုန်းလျှင် မသင့်တော်ပါလား။ ‘ပါမစ်’ကို ‘ခွင့်ပြုမိန့်’ဟုရေး ရမှာကိုအတော်ပင်ဝန်လေးနေကြပုံရပါသည်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်အစိုးရနှင့် ကိုယ်ဖြစ်ပါမှကိုယ့်ရုံးသုံးဘာသာစကားကို အလေးအနက် မပြုကြလျှင် မည်သည့်အချိန် တွင် အလေးအနက်ပြုကြပါမည်နည်း။ သို့ မဟုတ်ဘဲ ‘ဒီအသံထွက်၊ ဒီအသုံးအနှုန်းတွေ က လူတိုင်းသိပြီးသားပဲ။ မြန်မာလိုပြန်ရေးမှ ပိုရှုပ်ထွေးသေးတယ်’လို့ ဆင်ခြေမတက်စေ လိုပါ။  မြန်မာလို ခက်ခက်ခဲခဲ ဘာသာပြန်ရ မည့်  ‘အီကြာကွေး’လို၊’နံပြား’လို အများသိပြီးသား ဝေါဟာရတွေကို မြန်မာမှုပြုရမည် မဆိုလိုပါ။ မြန်မာမှုပြုလို့ရသည်ကို တတ်နိုင်သမျှအမျိုးသားရေး စိတ်ဖြင့်မြန်မာမှုပြုစေလိုခြင်းသာဖြစ်ပါသည်။
ကျွန်တော်တို့သည်’အမှားကိုပြင်ရမည် သာ’ဖြစ်ပါသည်။တရုတ်ပြည်၏ခေါင်းဆောင် ကြီး၊ဥက္ကဋ္ဌကြီးမော်က ‘ရန်သူသည် မကောင်း၊ မိတ်ဆွေသည်ကောင်း’၊ ‘ဆင်းရဲ   ခြင်းသည် မကောင်း၊ချမ်းသာခြင်းသည်ကောင်း’ဆိုသည့် အလွန်ရိုးရှင်းသောအိုင်ဒီယာ(အတွေးအခေါ်) တစ်ခုကို မိန့်ဆိုခဲ့ဖူးပါသည်။ ကျွန်တော်ကလည်း ‘အမှားသည် မကောင်း၊ အမှန်သည် ကောင်း’ ဟုပင်ဆိုချင်ပါသည်။
လူတိုင်းသည် အမှန်နှင့်အမှားပေါ်မူ တည်၍ ကိုယ်ကျိုးစီးပွား၊(လူ့ဘဝ၏အောင် မြင်ခြင်း၊ရှုံးနိမ့်ခြင်းများ)ကို တည်ဆောက်ကြ ရ၊လက်ခံရရှိကြရခြင်း ဖြစ်ပါသည်။ ‘သတ်ပုံ လေးမှားတာနဲ့ လူ့ဘဝကြီး ကျဆုံးနိုင် သလား’ ဟု စကားမကပ်စေလိုပါ။ အမှားသည် အမှား သာဖြစ်သည်။’သတ်ပုံမှားတာနဲ့ လူ့ဘဝပျက် မသွားပါဘူး၊ ကိုယ်ကျိုး စီးပွားပျက်မသွားပါ ဘူး၊ လူ့ဘဝရှုံးနိမ့်မသွားပါဘူး’ဟု ဆင်ခြေ တက်လိုကတက်နိုင်ပါသည်။ အမှားကိုနောက် ကျမှသိသူများ၏နောင်တသည် အမှားကျူး လွန်သူ၏ ပုဂ္ဂိုလ်ရေးဘဝပေါ် မူတည်ပြီး သမိုင်း တန်ဖိုးကြီးမား သွားမည်ဖြစ်ပါသည်။
လွန်ခဲ့သောရက်များက စာရေးဆရာ ‘ကိုကိုမောင်ကြီး’၏ ‘ကျွန်တော်သိသော တစ်ရံရော အခါများ’ စာအုပ်ပါ ကောက်နုတ်ချက် တစ်ခုကို အလျဉ်းသင့်၍ တင်ပြလိုပါ သည်။ ”ကိုယ့်အနေနဲ့ ဒီသံသရာတရားတွေ၊ သင်္ခါရ တရားတွေ၊ အနိစ္စအနတ္တတရားတွေကို ဒီနေ့ သိမြင်သလိုများ ဟိုတုန်းက သိခဲ့မယ်ဆိုရင်၊ ၁၉၆၂ခုနှစ် မတ်လကိစ္စကို ကိုယ်မလုပ်ခဲ့ပါ ဘူး…”(၁၉၉၅ခု၊ဇူလိုင်လ ၂၆ရက်က ပြော ခဲ့သော စကား) (ကောက်နုတ်ချက်-စာ ၇၆၂) ထိုစကားများကို ပြောခဲ့သူမှာ ယခင် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ် ပါတီ ဥက္ကဋ္ဌဦးနေ ဝင်းကစာရေးသူကိုကိုမောင်ကြီးကိုပြောခဲ့သော စကားများဖြစ်ပါသည်၊၊၄င်းစာပုဒ်ကလေးသည် မှားယွင်းမှုတစ်ခု၏ သမိုင်းဖြစ်ပါသည်။   ခေါင်း ဆောင် တစ်ဦး၏ မှားယွင်းမှုသည် ၄င်းခေါင်း ဆောင်ရသော အဖွဲ့အစည်း၏ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းပင်ဖြစ်ပါသည်။ ထိုအရှုံးကိုကျွန်တော်တို့ တိုင်းပြည်က ခါးစည်းခံနေကြ ရသည်မှာ မည်သည့်အချိန်တွင်ဆုံးခန်းတိုင်မည်နည်းမသိနိုင်။
ကျွန်တော်သည် အမှားကို လက်ခံလို သော ဗီဇစိတ်မပါခဲ့သော လူတစ်ယောက်ဖြစ် ပါသည်။ အထူးသဖြင့် မြန်မာစာ အရေးအသား အမှားများကို လက်ခံလိုစိတ် မရှိခြင်း ဖြစ်ပါသည်။ သို့သော် ကျွန်တော်သည် ”ကိုယ့်ထက်ကြီးရင် ပိုသိတယ်၊ ပိုတတ်တယ်။ မင်းသိသလောက်တော့ ငါလည်းသိတယ်၊ ဒါပေမဲ့ လူတွေအားလုံး လက်ခံထားတဲ့အမှား၊ နေသားကျနေတဲ့အမှားကို သွားပြင်ရင် ကိုယ် တစ်ယောက်တည်းဘေးရောက်သွားမယ်။ ရွာ ပြင်ထုတ်ခံရမယ်”ဟုဆုံးမသော ကျွန်တော့် ဆရာ၏ စကားများကို ရုတ်တရက်တုံ့ပြန်ရန် အသားကျနေသောကျွန်တော့်စရိုက်ကအဆင် သင့်မဖြစ်ခဲ့ပါ။
ဤသို့ဖြင့် ကျွန်တော်သည် လူ့ဘဝတွင် နှစ်ပေါင်း (၂ဝ)ခန့် သတ်ပုံအမှားများဖြင့် စိတ်ဖိစီးစွာ အချိန်ကုန်ခဲ့ပါသည်။ နောက်ထပ် ဘယ်လောက်အထိများ သတ်ပုံ အမှား များ ဖြင့် ဆက်လက်ရှင်သန်ရမည်ကို ကျွန်တော် မတွေးဆနိုင်ပါ။ ကျွန်တော် ပြောနိုင်တာတစ် ခုကတော့ မှားနေတာကို မှားနေတယ်လို့ ပြောတဲ့အတွက် ဘယ်လိုပဲ မခံရပ်နိုင် သည်ဖြစ်စေ၊ ကျွန်တော်ကအမှန်ကို ရဲရဲဝံ့ဝံ့ ပြောဆို ပါမည်။ ”ကျွန်တော့်ကိုရွာပြင်ထုတ်ပါ” ဟုသာ။
By Popular news

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis