menu

Sunday 1 January 2012

အလုပ်သမားအဖွဲ့အစည်းဥပဒေ ၂၀၁၂ တွင်အတည်ပြုပြဌာန်းမည်


အလုပ်သမား အဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းနိုင်မှုနှင့် အလုပ်သမား အခွင့်အရေးများ ကာကွယ်ရန် အလုပ်သမား အဖွဲ့အစည်း ဥပဒေအား ပြဋ္ဌာန်းပြီးဖြစ်၍ ၂၀၁၂ ခုနှစ်အတွင်း အာဏာတည်ကာ အတည်ပြုမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီး ဌာနမှ သတင်းရရှိပါသည်။
အလုပ်သမား အဖွဲ့အစည်း ဥပဒေအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄ နှင့်အညီ အလုပ်သမားများ၏ အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ရန်နှင့် အလုပ်သမားအချင်းချင်း အကြား၊ အလုပ်ရှင်နှင့် အလုပ်သမား အကြား ဆက်ဆံရေးကောင်းမွန်စေ ရန်၊ အလုပ်သမား အဖွဲ့အစည်းများ စနစ်တကျနှင့် လွတ်လပ်စွာဖွဲ့စည်း ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ပြီး ယင်းဥပဒေအား ILO ၏ ပြဋ္ဌာန်းချက်နှင့်အညီ ILOမှ ဥပဒေ အကြံပေးအဖွဲ့များနှင့်ပေါင်းစပ်ညှိနှိုင်း ကာ အတည်ပြုပြဋ္ဌာန်းထားခြင်းဖြစ် ကြောင်းသိရသည်။ သို့ရာတွင် ယခု လက်ရှိတွင် ယင်းဥပဒေအားပြဋ္ဌာန်း ပြီးဖြစ်သော်လည်းယင်းဥပဒေသည်
၎င်းဥပဒေ၏အခန်း(၁)ပုဒ်မ၁(ခ)တွင် ပါ ရှိချက်အရ နိုင်ငံတော်သမ္မတ၏ အမိန့်ကြော်ငြာစာဖြင့်သတ်မှတ်သည့် နေ့ရက်တွင်စတင်အာဏာတည်ရမည် ဟု ပါရှိသောကြောင့်သမ္မတ၏ အမိန့် ကြော်ငြာစာထွက်ရှိလာမှသာ စတင် အာဏာတည်မည်ဟု သိရှိရသည်။
အလုပ်သမား အဖွဲ့အစည်းဥပဒေ ပြဋ္ဌာန်းမှုနှင့်ပတ်သက်၍အလုပ်သမား ၀န်ကြီးဌာနမှ ပြည်ထောင်စု ဒုတိယ၀န်ကြီးဦးမြင့်သိန်းက “တိုင်း ပြည်ရဲ့အစိုးရသစ် အပြောင်းအလဲမှာ အလုပ်သမားအဖွဲ့အစည်းဥပဒေ အသစ်ကို ရေးဆွဲပြီးပြဋ္ဌာန်းလိုက်ပါ တယ်။ အဲဒီဥပဒေကို အလုပ်သမားတွေ အားလုံး နားလည်သဘောပေါက် ပြီး မှန်မှန်ကန်ကန် ကျင့်သုံးမယ် ဆိုရင် လုပ်သားတွေရဲ့ အခွင့်အရေး အပြည့်အ၀ရရှိအောင် ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။ အလုပ်သမား အဖွဲ့အစည်းဥပဒေဟောင်းက ၁၉၂၆ ခုနှစ်မှာ The Trade Unions Act ဆိုပြီးရှိခဲ့ပြီး အဲဒီဥပဒေမှာသံဃာတော် များပါဝင်တဲ့ပုဒ်မပါတယ်။ ၁၉၅၅ ခုနှစ်မှာILO ရဲ့ ပြဋ္ဌာန်းချက်ဖြစ်တဲ့ အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခွင့်ဆိုတဲ့ ပြဋ္ဌာန်းချက်ထဲကပြဋ္ဌာန်း ချက် ၈၇ ကိုလက်ခံခဲ့ပြီး အဲဒီပြဋ္ဌာန်း ချက်က The Trade Unions Act နဲ့ မညီညွတ်လို့ The Trade Unions Act ကို တော်လှန်ရေးအစိုးရ လက်ထက်ကတည်းက မကျင့်သုံးတော့တဲ့ အတွက် အဲဒီဥပဒေက သူ့အလိုလို ပျက်ပြယ်တဲ့ အနေအထားကို ရောက်နေပါပြီ။ အဲဒါကြောင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၄ နဲ့ အညီ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့ အခန်း ၁၄ ခန်းနဲ့ပုဒ်မ ၅၈ ခုပါတဲ့ အလုပ်သမား အဖွဲ့အစည်းဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေမှာ ထူးခြားချက်က ဥပဒေနဲ့အညီ စနစ်တကျအလုပ်ပိတ်တာ၊ သပိတ်မှောက်တာ လုပ်လို့ရတယ်။ ဘာလို့လည်းဆိုတော့ ဒီဥပဒေ ကို ILO ရဲ့ပြဋ္ဌာန်းချက်များနဲ့အညီ ILO  ကနေ ဥပဒေ အကြံပေးတဲ့အဖွဲ့ ကိုခေါ်ပြီး ပူးပေါင်းရေးဆွဲတာပါ။ကျွမ်းကျင်တဲ့ ကိုယ်စားလှယ်တွေပါတဲ့ တကယ့်ကို နိုင်ငံတကာစံနှုန်းနဲ့ညီတဲ့ အလုပ်သမား အဖွဲ့အစည်းဥပဒေကို ကျွန်တော်ဦးဆောင်ပြီး ပေါင်းစပ်ညှိနှိုင်းပြီးမှ အတည်ပြုခဲ့တာပါ”ဟု လှိုင်သာယာစက်မှုမြို့တွင် ပြုလုပ်ခဲ့သည့် အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့်ပတ်သက်၍ အသိအမြင် တိုးမြှင့်ရေးဆွေးနွေးပွဲတွင် ရှင်းလင်း ပြောပြခဲ့သည်။
အဆိုပါဥပဒေ ပြဋ္ဌာန်းထားမှုတွင် အလုပ်သမား အဖွဲ့အစည်းအား အဆင့်ဆင့်ဖွဲ့စည်းရာတွင် အခြေခံ အလုပ်သမား အဖွဲ့အစည်းများကို လုပ်ငန်း (သို့) လုပ်ဆောင်မှုအမျိုး အစားအလိုက် သက်ဆိုင်ရာလုပ်ငန်း တွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား အနည်းဆုံးဦးရေ ၃၀ ဖြင့် ဖွဲ့စည်းနိုင်ပြီး မြို့နယ်အလုပ်သမား အဖွဲ့အစည်းကိုလုပ်ငန်း(သို့) လုပ်ဆောင်မှု အမျိုးအစားအလိုက် သက်ဆိုင်ရာမြို့နယ်အတွင်းရှိ အခြေခံ အလုပ်သမား အဖွဲ့အစည်း၏ ၁၀ ရာခိုင်နှုန်းအောက် မနည်းသော အဖွဲ့အစည်းကထောက်ခံလျှင် ဖွဲ့စည်းနိုင်ကြောင်း ပါရှိသည်။ တိုင်းဒေသကြီး (သို့)ပြည်နယ် အလုပ်သမားအဖွဲ့ အစည်းကိုလည်း လုပ်ငန်း(သို့)လုပ်ဆောင်မှု အမျိုးအစားအလိုက် သက်ဆိုင်ရာတိုင်းဒေသကြီး(သို့) ပြည်နယ် အတွင်းရှိ မြို့နယ်အလုပ်သမား အဖွဲ့အစည်း၏ ၁၀ ရာခိုင်နှုန်းအောက် မနည်းသော အလုပ်သမားအဖွဲ့အစည်း ကထောက်ခံလျှင်ဖွဲ့စည်းနိုင်ပြီး အလုပ်သမားအဖွဲ့ချုပ်ကိုလည်း လုပ်ငန်း(သို့) လုပ်ဆောင်မှု အမျိုးအစား အလိုက်တိုင်းဒေသကြီး (သို့) ပြည် နယ်အလုပ်သမား အဖွဲ့အစည်း၏ ၁၀ ရာခိုင်နှုန်းအောက်မနည်းသော အလုပ်သမားအဖွဲ့အစည်းများက ထောက်ခံလျှင် ဖွဲ့စည်းနိုင်ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံလုံးဆိုင် ရာအလုပ်သမားရေးရာအဖွဲ့ကိုအလုပ် သမားအဖွဲ့ချုပ်၏ ၂၀ ရာခိုင်နှုန်း အောက် မနည်းသောအလုပ်သမား အဖွဲ့ချုပ်များကထောက်ခံလျှင်ဖွဲ့စည်း နိုင်ပြီး အခန်း(၂)၊ ပုဒ်မ ၅ ၌ ပါရှိ ချက်အရ အလုပ်သမားအဖွဲ့အစည်း များသည် ကိုယ်ပိုင်အမည်၊ အမှတ် တံဆိပ်တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့် ရှိစေကြောင်းသိရကာ အခန်း(၂)၊ ပုဒ်မ ၈ အရအလုပ်ရှင်များသည်လည်း အလုပ်ရှင်အဖွဲ့အစည်းများကို ထိုဥပဒေအရ အပြိုင်ဖွဲ့စည်းနိုင်ကြောင်း သိရှိရပါသည်။
ထို့ကြောင့် ယင်းဥပဒေအခန်း (၃) အရ မှတ်ပုံတင်ခြင်း ဆောင်ရွက်သည့်အခါပုဒ်မ ၉ တွင်ပါရှိသည့် အတိုင်းမှတ်ပုံတင်အရာရှိချုပ်သည် နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သူဖြစ်ရမည်ဖြစ်သည်။ အလုပ်သမား အဖွဲ့အစည်းအခန်း(၅) ပုဒ်မ(၁၈) တွင်လည်း အလုပ်ရှင်မှအလုပ်သမား တစ်ဦးအားအလုပ်မှထုတ်ပယ်ရာတွင် အကြောင်းအရင်းသည် အလုပ်သမား အဖွဲ့အစည်းဝင်ဖြစ်မှု၊ လုပ်ဆောင်မှု နှင့်သက်ဆိုင်လျှင်ဖြစ်စေ၊ ဥပဒေများ နှင့်ညီညွတ်မှုမရှိဟု ယုံကြည်ရန် အကြောင်းရှိလျှင်ဖြစ်စေ အလုပ်သမား အဖွဲ့အစည်းသည် ယင်းအလုပ်သမားအားပြန် အလုပ်ခန့်ရန် အလုပ်ရှင်အား တောင်းဆိုခွင့်ရှိကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးချစ်ရှိန်က “ဒီဥပဒေမှာအလုပ်ပိတ်လိုတဲ့ အလုပ်ရှင်က အလုပ်စပိတ်မယ့် နေ့ရက်နဲ့ ကာလကိုသတ်မှတ်ချက်နဲ့အညီအနည်း ဆုံး ၁၄ ရက် ကြိုတင်အကြောင်း ကြားပြီး ခွင့်ပြုချက်ရမှပိတ်ခွင့်ရှိပါ တယ်။ အများပြည်သူဆိုင်ရာဝန် ဆောင်မှုလုပ်ငန်းမှာ သပိတ်မှောက် လိုတဲ့အလုပ်သမား အဖွဲ့အစည်းဟာ အဖွဲ့ဝင်အများစုရဲ့ဆန္ဒပြုချက်အရ သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ ညွှန်ကြားချက်နဲ့ သပိတ်မှောက်မယ့် နေ့ရက်၊ နေရာ၊ ဦးရေ၊ နည်းလမ်းနဲ့ အချိန်ကာလကို ဖော်ပြပြီး အဲဒီရက် မတိုင်ခင်အနည်းဆုံး ၁၄ ရက်ကြိုတင် အကြောင်းကြားရပါမယ်။ ဒါပေ မယ့် အလုပ်ပိတ်တာပဲဖြစ်ဖြစ်၊ သပိတ် မှောက်တာပဲဖြစ်ဖြစ် ရေပေးဝေရေး၊ လျှပ်စစ်ဓာတ်အား၊ မီးသတ်၊ ကျန်းမာရေးဝန်ဆောင်မှု၊ တယ်လီကွန်း ဆက်သွယ်ရေး လုပ်ငန်းတွေမှာ လုပ်မယ်ဆိုရင်တော့ ဥပဒေနဲ့ဆန့်ကျင်တဲ့ကိစ္စလို့ သတ်မှတ်ပါတယ်”ဟုရှင်းပြပါသည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis