menu

Monday 3 February 2014

လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ထွက်ပေါ်ပြီး တစ်နှစ်ခန့် ကြာမြင့်လာပြီးနောက် အငြင်းပွားမှုများ ရှိနေဆဲဖြစ်ကာ ဒေသခံများအနေဖြင့် စီမံကိန်းကို ဖျက်သိမ်းပေးရန် တောင်းဆိုဆန္ဒပြမှုများရှိနေ

Photo: လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ထွက်ပေါ်ပြီး တစ်နှစ်ခန့် ကြာမြင့်လာပြီးနောက် အငြင်းပွားမှုများ ရှိနေဆဲဖြစ်ကာ ဒေသခံများအနေဖြင့် စီမံကိန်းကို ဖျက်သိမ်းပေးရန် တောင်းဆိုဆန္ဒပြမှုများရှိနေ

လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ထွက်ပေါ်ပြီး တစ်နှစ်ခန့် ကြာမြင့်ခဲ့ပြီးနောက် လက်ပံတောင်းတောင်နှင့် ဆက်စပ်ဒေသများတွင် တာဝန်ရှိသူများနှင့် ဒေသခံများအကြား အငြင်းပွားမှုများ ရှိနေဆဲဖြစ်ကာ ဒေသခံများအနေဖြင့် စီမံကိန်းကို ဖျက်သိမ်းပေးရန် တောင်းဆိုဆန္ဒပြမှုများလည်း ရှိနေဆဲဖြစ်သည်။

ဇန်နဝါရီ ၂၉ ရက်ကလည်း လက်ပံတောင်းတောင်အရေး အကြမ်းဖက်ဖြိုခွင်းမှု ၁၄ လပြည့်အဖြစ် လက်ပံတောင်းတောင်ဒေသခံ ၂ဝဝ ဝန်းကျင်ခန့် ဝမ်ပေါင်ရုံးအနီးအထိ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်မှု တစ်နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း လက်ပံတောင်းတောင်နှင့် ဆက်စပ်သော ဒေသများအတွင်းရှိ ပြည်သူများအနေဖြင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းပေးရေး၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုကို ရုပ်သိမ်းပေးရေး၊ အကြမ်းဖက်ဖြိုခွင်းခဲ့သည့် မီးလောင်ဗုံး တရားခံများကို ဖော်ထုတ် အရေးယူပေးရေး၊ လယ်တီသိမ်ကျောင်းကို ဖျက်ဆီးရန် လုပ်ဆောင်နေမှုကို ရပ်တန့်ပေးရေး၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအတိုင်း မလုပ်ဆောင်သည့် ဦးပိုင်နှင့် ဝမ်ပေါင်တို့အား အရေးယူရေး၊ မြေယာလျော်ကြေးမယူသည့် လယ်ယာမြေများပေါ်တွင် သွပ်ဆူးကြိုးခတ်မှုအား ရှုတ်ချခြင်းနှင့် တရားမဝင် မိုင်းခွဲနေမှုများ ချက်ချင်းရပ်ပေးရေး စသည်တို့ကို တောင်းဆိုနေကြဆဲ၊ ကန့်ကွက်နေကြဆဲပင်ဖြစ်သည်။

ထို့ပြင် သက်ဆိုင်ရာကုမ္ပဏီနှင့် တာဝန်ရှိသူများအနေဖြင့် ဒေသခံ တောင်သူလယ်သမားများအပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ချမှတ်သော ဆုံးဖြတ်ချက်များအတိုင်း လုပ်ဆောင်ပေးနိုင်မှု အားနည်းခြင်းများကို ပြစ်တင်ဝေဖန်မှုများ ရှိနေပါသည်။ ထို့ပြင် တစ်ဖက်တွင်လည်း ဒေသခံတို့၏ မပြေလည်မှုများနှင့် ပတ်သက်ပြီး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီအပေါ် မကျေနပ်မှု အသံများလည်း ထွက်ပေါ်ခဲ့သည်။

“ဒေသခံတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီရဲ့ ဆောင်ရွက်ချက်ကို မကျေနပ်ပါဘူး။ စာချုပ်ဟောင်းပြင်ပြီး စာချုပ်အသစ် ချုပ်တယ်ဆိုပေမယ့် ဒေသခံတွေအပါအဝင် ပြည်သူတွေကို စာချုပ်အသစ်မှာပါတဲ့ အကြောင်းအရာတွေကို ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ချမပြလို့ မကျေနပ်ပါဘူး။ အစီရင်ခံစာမှာ ပါတာက သတ္တုတွင်း ဧရိယာများသာမက စိုက်ပျိုးမြေဧကများစွာကို ရယူထားတယ်လို့ တင်ပြထားတာကို တွေ့ရတယ်။ လက်ပံတောင်းတောင် ဒေသခံတွေကို ဧကနှစ်ရာဝန်းကျင် ပြန်ပေးတယ်ဆိုပေမယ့် ပြန်ပေးတဲ့မြေတွေက စိုက်ပျိုးလို့မရတဲ့ မြေနေရာကျဉ်းကျဉ်းလေးပဲ ဖြစ်နေတယ်။ ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းမရဲ့ အနောက်ဘက်က ဆယ်မြောင်းပေါင်နဲ့ လမ်းမကြားမှာရှိတဲ့ မြေကွက်တွေလောက်ပဲ ပြန်ပေးတာဖြစ်လို့ တောင်သူတစ်ယောက်ကို ဝ ဒသမ ၁ဝ ကနေ ဝ ဒသမ ၂၅ ဧကဝန်းကျင်ပဲ ပြန်ရတယ်။ ဒါကြောင့် မြေယာပြန်လည်ခွဲဝေတာနဲ့ ပတ်သက်ပြီး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီရဲ့ လုပ်ရပ်ကို မကျေနပ်ပါဘူး။ ဒေသခံတွေအနေနဲ့ တောင်းဆိုချင်တာက အစီရင်ခံစာအတိုင်း သတ္တုတွင်းဧရိယာ အပြင်ဘက်မှာရှိတဲ့ စိုက်ပျိုးမြေအားလုံးကို ပြန်ပြီးပေးဝေစေချင်တယ်။ နောက်တစ်ချက် ပြောလိုတာကတော့ လုပ်ငန်းဖော်ဆောင်ရေး ကော်မတီက အဆင့်ဆင့် မဆောင်ရွက်ဘဲ မြေယာလျော်ကြေးပေးဝေမှုကို အတင်းအကျပ် စီမံဆောင်ရွက်နေတာဟာ မလုပ်သင့်ဘူးလို့ ကျွန်တော်ပြောချင်ပါတယ်” ဟု တုံရွာမှ ကိုမင်းမင်းက ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ ပွင့်လင်းမြင်သာမှုမရှိသော လုပ်ဆောင်ချက်များရှိနေပြီး မြေယာလျော်ကြေး၊ မြေယာအစား ပြန်လည်ပေးမှု လုပ်ငန်းများတွင်လည်း ဒေသခံများအပေါ် ကျေနပ်မှုရရှိအောင် လက်ရှိအချိန်အထိ လုပ်ဆောင်ပေးနိုင်ခြင်း မရှိကြောင်း သိရသည်။ ၂ဝ၁၃ ခုနှစ် မတ်လအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ထွက်ပေါ်ခဲ့ပြီး တစ်နှစ်ကြာပြီဖြစ်သော်လည်း ဒေသခံများနှင့် တာဝန်ရှိသူများကြားတွင် တင်းမာမှုအချို့ ရှိနေသည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့်ဆိုင်သည့် လုပ်ငန်းစဉ်များနှင့် ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် ၎င်းတို့လုပ်ဆောင်နေသော စီမံကိန်းနှင့်ပတ်သက်ပြီး အကြောင်းအရာများ၊ အကျိုးအမြတ်များအပေါ် ပွင့်လင်းမြင်သာမှု အားနည်းခြင်းများကို ထောက်ပြဝေဖန်မှုများ ရှိနေသည်။

“လုပ်ငန်းဖော်ဆောင်ရေး ကော်မတီရဲ့ လုပ်ဆောင်ချက်တွေဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ဆိုချင်ပါတယ်။ အထူးသဖြင့် မြေယာလျော်ကြေးကို ဒေသခံများနဲ့ မညှိနှိုင်းဘဲ ဆောင်ရွက်နေတာဟာ ပွင့်လင်းမြင်သာမှု မရှိတာကို ဆိုလိုတာပါ။ ဥပဒေမဲ့ လုပ်နေသလိုမျိုးဖြစ်တယ်။ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ လုံးဝမရှိတာလို့ ပြောရမယ်။ EIA, SIA ပတ်သက်ပြီး ဘာမှထိထိရောက်ရောက် ဆောင်ရွက်ထားတာ မတွေ့ရဘူး။ နောက်ထပ်ပြောလိုတာက လယ်တီသိမ်ကို အစီရင်ခံစာမှာ မူလအတိုင်း အခြေအနေမပျက် ထားမယ်လို့ ဆိုထားပေမယ့် မိုင်းအကြိမ်ကြိမ်ခွဲမှုဒဏ်ကြောင့် လယ်တီသိမ်ဟာ ပျက်စီးနေပြီလို့ သိရတယ်။ ရွှေ့ပြောင်းမယ်လို့လည်း ကြားရပါတယ်။ လယ်ယာမြေနဲ့ ပတ်သက်ပြီး လျော်ကြေးယူမထားတဲ့ မြေယာတွေပေါ်မှာ သီးနှံဖျက်ဆီးခံရတာတွေ၊ အဆောက်အအုံ ဆောက်ခံရတာတွေ၊ မြေစာအပုံခံရတာတွေ၊ သံဆူးကြိုး အခတ်ခံရတာတွေ၊ လမ်းဖောက်ခံရတာတွေ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဒေသခံတွေဟာ လုံးဝကျေနပ်မှု မရှိပါဘူး။ ပျက်စီးသွားတဲ့ သီးနှံတွေကို လုံးဝလျော်တာမရှိလို့ လက်ပံတောင်းဒေသခံ တောင်သူလယ်သမားတွေအားလုံး စားဝတ်နေရေး အဆင်မပြေကြပါဘူး” ဟု ဆားလင်းကြီးမြို့နယ် အလယ်တောရွာမှ မစန္ဒာကဆိုသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအတိုင်း လုပ်ဆောင်နေသော်လည်း ဒေသခံများနှင့် အကျေအလည် ဆွေးနွေးမှုမရှိဘဲ တစ်ဖက်သတ် ဆောင်ရွက်နေမှုများ၊ အချို့နေရာများတွင် ရဲဝန်ထမ်းများ အသုံးပြုကာ အင်အားသုံး လုပ်ဆောင်မှုများ၊ ဒေသခံများအတွက် စနစ်ကျစွာဖြင့် အမှန်တကယ် ထိထိရောက်ရောက် ဆောင်ရွက်မှု အားနည်းခြင်းများအပေါ် လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်ထောက်ပြကြသည်။

ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ကာ လက်ပံတောင်းတောင် မြေသိမ်းခံမြေယာများအတွင်း မြေယာလျော်ကြေး ထပ်မံပေးသွားမည်ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသော်လည်း လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအရ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တာဝန်ယူထားသော ကော်မရှင်များနှင့် အဖွဲ့ဝင်များ၏ လုပ်ဆောင်မှုများအပေါ် ဒေသခံများက ယုံကြည်အားကိုးနိုင်စွမ်းမရှိသည့် အနေအထားမျိုး ဖြစ်နေကြောင်း သိရသည်။

လက်ပံတောင်းတောင်ဒေသရှိ မြေယာလျော်ကြေးအဖြစ် လယ်မြေကို ငွေကျပ် ၁၂ သိန်း၊ ဦးပိုင်ပေါက်ယာမြေကို ရှစ်သိန်းနှင့် ဦးပိုင်မပေါက်သည့် ယာမြေကို သုံးသိန်းထပ်မံပေးအပ်ရန်ရှိကြောင်း သိရသည်။

“အစီရင်ခံစာကို အကောင်အထည်ဖော်ရာမှာ တစ်နှစ်နီးပါး ကြာခဲ့ပေမယ့် ဒေသခံပြည်သူလူထု စိတ်ကျေနပ်အောင် ဖော်ဆောင်နိုင်မှု အားနည်းတယ်။ အစီရင်ခံစာနဲ့ ပတ်သက်ပြီး လုပ်နေတာတွေ ရှိပေမယ့် လူထုစိတ်ကျေနပ်ဖို့ ထင်သာမြင်သာတဲ့ လုပ်ဆောင်မှု ရှိသင့်ပါတယ်။ စံပယ်တောင်နဲ့ ကြေးစင်တောင်ဘက်မှာ အက်စစ်စက်ရုံလိုမျိုး ရှိနေတာတွေကိုလည်း လူသားချင်းစာနာမှုနဲ့ ရွှေ့ပြောင်းပေးဖို့ တောင်းဆိုနေတာတွေလည်း တိုးတက်မှု မရှိသေးပါဘူး” ဟု ကြေးစင်တောင်အနီးရှိ ကံကုန်းကျေးရွာမှ ကိုအောင်စိုးက ပြောကြားသည်။

၂၀၁၃ မတ် ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် ပါရှိသော အချက်များမှ ကောက်နုတ်ချက်

ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ လေ့လာတွေ့ရှိသော အားနည်းချက်များကို ပြုပြင်စေကာ နိုင်ငံတော်၏ အကျိုးစီးပွား၊ ဒေသခံလူထု၏ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်အတွက် အကျိုးစီးပွားတို့ကို ပြည့်ဝစွာရရှိရန် အစီအမံများ ချမှတ်ပြီး စီမံကိန်းကို ဆက်လက်လုပ်ဆောင်စေမည့်နည်းလမ်း-    

ကော်မရှင်အနေဖြင့် ဤနည်းလမ်းသည်သာ အသင့်လျော်ဆုံးဟု အကြံပြုပါသည်။ အဆိုပါနည်းလမ်းကို အကောင်အထည်ဖော်မည် ဆိုပါက အောက်ပါတို့ကို လုပ်ဆောင်ရန် လိုအပ်ပါမည်-

(၁) ကြေးနီစီမံကိန်း အကောင်အထည်ဖော်ခြင်းကြောင့် နိုင်ငံတော်တွင် စီပွားရေးအရ ရရှိသည့် အကျိုးအမြတ်ကို ယခုထက် ပိုမိုပြည့်ဝစွာ ရရှိစေရန် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့က တည်ဆဲဥပဒေများနှင့်အညီ သတ္တုတွင်းဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊

(၂) ကြေးနီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမူများနှင့်အညီ ဆောင်ရွက်စေခြင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ဆန်းစစ်ခြင်း အစီရင်ခံစာ (Environmental and Social Impact Assessment-ESIA) ၊ ပတ်ဝန်းကျင်ဆိုင်ရာ စီမံကိန်းခွဲမှု စီမံချက် (Environmental Management Plan-EMP) လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲစနစ် (Occupational Health and Safety Assessment System-OHSAS) တို့ကို စနစ်တကျရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်စေရန်၊

(၃) ကြေးနီစီမံကိန်းတွင် မြေသိမ်းဆည်းခံထားရသော ဒေသခံလူထုအတွက် ပေးအပ်သော မြေလျော်ကြေးတို့သည် ကာလတန်ဖိုးထက် များစွာလျော့နည်းနေရာ ကာလတန်ဖိုးအတိုင်း ပြင်ဆင်၍ ထပ်မံတိုးပေးရန်၊

(၄) သိမ်းဆည်းထားသော မြေပမာဏသည် လိုအပ်သည်ထက် ပိုမိုသိမ်းဆည်းခြင်း ရှိ/မရှိ စိစစ်ပြီး လိုအပ်သည့် ပမာဏကိုသာ သိမ်းဆည်းပြီး ကျန်မြေတို့ကို ကျေးရွာလူထုသို့ ပြန်လည်ခွဲဝေပေးရန်အတွက် စဉ်းစားပေးရန်၊ အချို့နေရာများကို စိုက်ပျိုးမြေအဖြစ် ပြန်လည်သုံးစွဲနိုင်ရေးအတွက် စဉ်းစားလုပ်ဆောင်ပေးရန်၊

(၅) လယ်ယာဆုံးရှုံးသူ ဒေသခံလူထုအတွက် လူမှုရေး၊ ကျန်းမာရေး လိုအပ်ချက်တို့ကို ၀မ်ပေါင်ကုမ္ပဏီအနေဖြင့် ထိရောက်စွာ ပံ့ပိုးဆောင်ရွက်ပေးရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်စေရန် ကုမ္ပဏီတွင် အလုပ်ခန့်ထားပေးသည့်အပြင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SME) ထူထောင်ပေးရန်၊

(၆) လက်ပံတောင်းတောင် ကြားတောရစင်္ကြံကျောင်းခေါ်သော နေရာနှင့် ၎င်းအပေါ်ရှိ စေတီ၊ သိမ်၊ ကျောင်း စသည့် ဗုဒ္ဓသာသနိက အဆောက်အအုံများသည် သတ္တုသိုက်တည်ရှိရာ အဓိကနေရာဖြစ်နေခြင်း၊ သာသနိက အဆောက်အအုံများကို ကွင်းရှောင်ပြီး ကြေးနီသတ္တု တူးဖော်ထုတ်လုပ်မည်ဆိုလျှင်လည်း ယင်းအဆောက်အအုံများ၏ ကြံ့ခိုင်တည်မြဲမှုကို ဧကန်မုချ ထိခိုက်နိုင်မည် ဖြစ်ခြင်းတို့ကြောင့် အဆိုပါ လက်ပံတောင်းတောင်ကြားတောရ စင်္ကြံကျောင်း မြေနေရာနှင့် ၎င်းအပေါ်ရှိ ဗုဒ္ဓသာသနိက အဆောက်အအုံများကို လုံးဝထိခိုက်ပျက်စီးစေမှု မရှိဘဲ လက်ရှိအနေအထားများအတိုင်း အခြားသင့်လျော်မည့် နေရာတစ်ခုခုသို့ ပြောင်းရွှေ့ပေးသင့်ကြောင်း သုံးသပ်အကြံပြုအပ်ပါသည်။

ဤအစီအမံများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်အား ပြန်လည်ပြင်ဆင် ချုပ်ဆိုစေပြီး ကြေးနီစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း တင်ပြအစီရင်ခံအပ်ပါသည်။

လက်ပံတောင်းတောင်ဒေသခံ တောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis