menu

Monday 3 February 2014

ဝမ်းတွင်း ယာဉ်တိုက်မှု (၆)ဦးသေဆုံး၊ (၂၉)ဦး ဒဏ်ရာရ


(၂-၂-၂၀၁၄)နေ့ နံနက်(၁၀)နာရီ အချိန်ခန့် မှာ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ရွှေတောင်တိုက်နယ် ရဲစခန်းအပိုင် ရွှေဂူကျေးရွာအနီး မိုင်တိုင် (၃၇၈/၁)မှာ မတော်တဆ ယာဉ်တိုက်မှုကြောင့် (၆)ဦးသေဆုံးပြီ (၂၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။

ရန်ကုန်ဘက်မှ မန္တလေးဘက်သို့  ကိုရွှေဝင်း မောင်းနှင်လာသော (၃ဌ/၆၃၀၇)အပြာရောင် ထော်လာဂျီယာဉ်နှင့် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ကိုအောင်ဝင်း မောင်းနှင်လာသော (9A/9142) ဗင်ခဲရောင်ယာဉ်တို့ ကားလမ်းမအလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့တာဖြစ်ပါတယ်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် (၃ဌ/၆၃၀၇) ယာဉ်ပေါ် ပါသူ(၂၉)ဦး ဒဏ်ရာရရှိပြီး (၄)ဦးသေဆုံးခဲ့ပါတယ်။ (9A/9142)ယာဉ်ပေါ် ပါသူများ မှလည်း (၁ဦး)ဒဏ်ရာ ရရှိကာ(၂)ဦး သေဆုံး ခဲ့ပါတယ်။ အားလုံးပေါင်း (၆)ဦးသေဆုံး (၂၉)ဦး ဒဏ်ရာ ရရှိပါတယ်။


သေဆုံးသူ(၆)ဦးမှာ
(၁)ဦးကျော်သောင်း (၇၂နှစ်) ဘ-ဦးပန်းကံ၊ ကန်ပေါက်ကြီးကျေးရွာ ၀မ်းတွင်းမြို့။

(၂)ကိုဝင်းငြိမ်း (၃၇)နှစ်-ဘ-ဦးဖိုးလူ၊ ကြာပင်အိုင်ကျေးရွာ။ နွာထိုးကြီးမြို့။

(၃)မမြင့်မြင့်အေး (၂၄)နှစ်-ဘ-ဦးဝင်းအောင်၊ ကြာပင်အိုင်ကျေးရွာ နွားထိုးကြီးမြို့။

(၄)မသန်းလှ (၂၅)နှစ်-ဘ-ဦးကောက်၊ ကြာပင်အိုင်ကျေးရွာ  နွားထိုးကြီးမြို့။

(၅)ဦးဘိုမောင်(၆၀)နှစ်-ဘ-ဦးစောမြင့် ချမ်းမြသာစည်မြို့သစ်(၅) မန္တလေးမြို့ ။

(၆)ကိုလှိုင်မင်း(၃၀)နှစ်-ဘ-ဦးမြနှိုင်၊ ညောင်ကုန်းကျေးရွာ၊ တောင်တွင်းကြီးမြို့ များက ဖြစ်ပါတယ်။

ဒါ့အပြင်

အဆိုပါ သေဆုံးသူနဲ့ ဒဏ်ရာ ရရှိသူတွေကို လာရောက် မေးမြန်းကြတဲ့ သူတွေဟာ ဇန်န၀ါရီလ(၂)ရက်နေ့ နေ့ ခင်း နှစ်နာရီ(၁၄း၀၀)မှာ သတင်းမေးမြန်းပြီး အပြန် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ကိုကျော်မင်း မောင်းနှင်သော ဟိုင်လတ်ကား(၆က/၅၄၄၂)သည်  မိုင်တိုင် ၃၆၄/၄နှင့် ၃၆၄/၅ အကြား ဘုရားစုကျေးရွာအနီး ညာဘက် ယာဉ်ကြောသို့  တိမ်းစောင်း မှောက်ခဲ့ပါတယ်။

အဲဒီ ယာဉ်မှောက်မှုမှာလည်း လူနာမေး ပြန်လာသူ(၁၃)ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ယာဉ်မောင်းသူ ကြောက်လန် ပြေးသွားခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးဦးမြတ်ထင်နှင့် အဖွဲ့ မှ လိုက်လံ ဖမ်းဆီးခဲ့ပါတယ်။

အဆိုပါ ယာဉ်မတော်တဆ မှုများကြောင့် သေဆုံး ဒဏ်ရာ ရရှိသူတွေကို ၀မ်းတွင်းမြို့ နှင့် ကူမဲမြို့ မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၊ လူမှုကူညီရေး အသင်းများ နှင့် ကြက်ခြေနီ အသင်းတို့ က ကူညီပေးခဲ့ကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရှိ ရပါတယ်။

ဦးကိုလင်း

By Thit Htoo Lwin

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis