menu

Monday 3 February 2014

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ခွင့်ရ တောင်ကိုရီးယားမှ အင်ချွန်းကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်ရေး ညှိနှိုင်းမှုအား ရပ်ဆိုင်းပြီး စင်ကာပူကုမ္ပဏီနှင့် ဆက်လက်ဆွေးနွေးမည်

Photo: ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ခွင့်ရ တောင်ကိုရီးယားမှ အင်ချွန်းကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်ရေး ညှိနှိုင်းမှုအား ရပ်ဆိုင်းပြီး စင်ကာပူကုမ္ပဏီနှင့် ဆက်လက်ဆွေးနွေးမည်

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ခွင့်ရ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်ရေး ညှိနှိုင်းမှုအား ရပ်ဆိုင်းပြီး ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် စင်ကာပူကုမ္ပဏီနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

“ကိုရီးယားကုမ္ပဏီဘက်က လိုလားချက်တွေက မြန်မာဘက်က မလိုက်လျောနိုင်တဲ့ တောင်းဆိုချက်တွေများတယ်။ ဒါကြောင့်မို့ ကိုရီးယားကုမ္ပဏီနဲ့ ညှိနှိုင်းမှုကို ရပ်လိုက်ပါပြီ။ အပြီးရပ်ဆိုင်းတာ မဟုတ်ပေမယ့် ဒုတိယဦးစားပေး ရွေးချယ်ထားတဲ့ ကုမ္ပဏီနဲ့ ကျွန်တော်တို့ဘက်က လိုလားချက်တွေကို ဆက်လက်ညှိနှိုင်းမယ်။ ညှိနှိုင်းလို့မှ မြန်မာဘက်က လိုလားချက်အတိုင်း လုပ်နိုင်မယ်ဆိုရင်တော့ စင်ကာပူကုမ္ပဏီနဲ့ ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရေးကို ဆက်လုပ်သွားမယ်” ဟု မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက် တစ်ခုဖြစ်သည့်အပြင် အကြီးဆုံးလေဆိပ်အဖြစ် သတ်မှတ်ရမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်ရန် တောင်ကိုရီးယားနိုင်ငံမှ Incheon Airport Consortium သည် Successful tenderer အဖြစ် ရွေးချယ်ခံခဲ့ရသည်။ Back up tenderer အဖြစ် Yongnam-CAPE-JGC ကုမ္ပဏီအား ရွေးချယ်ခဲ့သည်။ Yongnam-CAPE-JGC ကုမ္ပဏီသည် စင်ကာပူနိုင်ငံမှ Yongnam Holdings Limited၊ ဂျပန်နိုင်ငံမှ JGC Corporat-ion၊ စင်ကာပူနိုင်ငံမှ Changi Airport Planners & Engineers Pte.ltd စသည့် ကုမ္ပဏီသုံးခုတို့ ပူးပေါင်းထားခြင်းဖြစ်ကြောင်း သိရသည်။

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ခွင့်ရ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကုမ္ပဏီသည် မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် လေဆိပ်တည်ဆောက်ရေး သဘောတူစာချုပ် ချုပ်ဆိုရန် လက်တွေ့ညှိနှိုင်းမှုတွင် တင်ဒါတင်သွင်းစဉ်က စည်းကမ်းချက်များနှင့် ကွဲလွဲချက်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ကွဲလွဲမှုတွင် အရေးကြီးသည့် အဓိကစည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိဘဲ ကွဲလွဲနေပါက လက်ခံမည်မဟုတ်ကြောင်းနှင့် အဓိကမကျသည့် အချက်များ ကွဲလွဲမှုကိုမူ လက်ခံညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘက်မှ ပြောဆိုခဲ့သည်။

တောင်ကိုရီးယားကုမ္ပဏီသည် လေဆိပ်တင်ဒါတင်သွင်းစဉ်က လေဆိပ်တည်ဆောက်ရေး ပထမအဆင့် အနေဖြင့် ဟံသာဝတီလေဆိပ်အား တစ်နှစ်လျှင် ခရီးသည် ၁၂ သန်း ဝင်ဆံ့နိုင်မည့် လေဆိပ်အဆောက်အအုံ တည်ဆောက်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်တွေ့ညှိနှိုင်းမှုတွင် ခရီးသည် ၁ဝ သန်းဆံ့ အဆောက်အအုံသာ ဆောက်လုပ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအချက်သည် အရေးကြီးသည့် အဓိကအချက်ဖြစ်သောကြောင့် မြန်မာနိုင်ငံဘက်မှ လက်ခံခြင်းမရှိဘဲ လေဆိပ်တည်ဆောက်ရန် ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် စင်ကာပူကုမ္ပဏီနှင့် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းကုမ္ပဏီသည် တင်ဒါတင်သွင်းစဉ်က ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ပထမအဆင့် အနေဖြင့် တစ်နှစ်လျှင် ခရီးသည် ၁၂ သန်း ဝင်ဆံ့နိုင်မည့် လေဆိပ်၊ ပြေးလမ်း၊ လေဆိပ်လုပ်ငန်းနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဒုတိယအဆင့် ခရီးသည် သန်း ၃ဝ ဝင်ဆံ့နိုင်မည့် လေဆိပ်အဆောက်အုံနှင့် ဆက်စပ်အဆောက်အုံများ၊ ဟိုတယ်များ၊ ရှော့ပင်းမောလ်များ၊ ကုန်တိုက်ကြီးများနှင့် လူနေတိုက်ခန်းများ ဆက်စပ်လုပ်ငန်းများ ပါဝင်တည်ဆောက်ပေးမည်ဟု တင်ပြထားသည်။

ယင်းပြင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးတွင် ခရီးသည်တင် လေယာဉ်အမျိုးအစားများတွင် အကြီးဆုံးဖြစ်သည့် Air-bus A 380 လေယာဉ်အထိ ဆင်းသက်နိုင်မည်ဖြစ်ကာ၊ လေယာဉ်ဆိုက်ကပ်တံတား ၁၂ ခု၊ ခရီးသည်တင်လေယာဉ် ၃၇ စီး၊ ကုန်တင်လေယာဉ် ရှစ်စီးနှင့် ပြုပြင်ရေးလေယာဉ် ၁၅ စီး စုစုပေါင်းလေယာဉ် အစီး ၆ဝ ရပ်နားနိုင်မည့် လေဆိပ်အဖြစ် တည်ဆောက်ပေးမည်ဟု တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။    

အင်ချွန်းကုမ္ပဏီမှ တည်ဆောက်ရန် ဒီဇိုင်းရေးဆွဲထားသော ဟံသာဝတီလေဆိပ် ပုံစံငယ်အား တွေ့ရစဉ်

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis