menu

Monday 3 February 2014

ယူနတီဂျာနယ် သတင်း၌ဖော်ပြခဲ့သည့် စက်ရုံသည် အခြားကာကွယ်ရေး ပစ္စည်းစက်ရုံသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား


ယူနတီသတင်းဂျာနယ် အတွဲ ၃၊ အမှတ် ၄ မျက်နှာဖုံးတွင် သတင်းဖော်ပြခဲ့သော စက်ရုံသည် အခြားကာကွယ်ရေးပစ္စည်း စက်ရုံသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဖေဖော်ဝါရီ ၂ ရက်တွင် Weekly Eleven သတင်းဂျာနယ်သို့ ပြောကြားသည်။

Unity ကရေးတဲ့စက်ရုံဟာ လျှို့ဝှက်ဓာတုလက်နက်စက်ရုံ မဟုတ်ပါဘူး။ အခြားကာကွယ်ရေး ပစ္စည်းစက်ရုံသာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ဓာတုလက်နက်နဲ့ ပတ်သက်တဲ့ ကွန်ဗင်းရှင်းကို လက်မှတ်ထိုးထားပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။

အခြားကာကွယ်ရေးလက်နက် ပစ္စည်းစက်ရုံဟု ဆိုသော်လည်း အမေရိကန်နိုင်ငံမှာပင် ကာကွယ်ရေးဆိုင်ရာ လက်နက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများနှင့် ပတ်သက်သော သတင်းအချက်များကို အမျိုးသားလုံခြုံရေးအတွက် ကာကွယ်ထားရကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောကြားသည်။


“အမေရိကန်လို နိုင်ငံမှာတောင် ကာကွယ်ရေးဆိုင်ရာ လက်နက်ပစ္စည်းများထုတ်လုပ်တဲ့ စက်ရုံများနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်များကို အမျိုးသား လုံခြုံရေးအတွက် ကာကွယ်ထားပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။

ထို့ပြင် ယူနတီဂျာနယ်၌ ဖော်ပြခဲ့သော သတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်သော သတင်းထောက်များကို အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်ဟု ဦးရဲထွဋ်က ပြောကြားသည်။

ဇန်န၀ါရီ ၂၃ ရက် နေ့စွဲဖြင့် ထုတ်ဝေခဲ့သော ယူနတီဂျာနယ် အတွဲ ၃၊ အမှတ် ၄ နှင့် ဇန်န၀ါရီ ၃၀ ရက်ထုတ် ယူနတီဂျာနယ် အတွဲ ၃၊ အမှတ် ၅ တို့တွင် ပေါက်မြို့နယ်မှ လျှို့ဝှက်လက်နက်စက်ရုံ သတင်းများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထိုသတင်းများကို ဖော်ပြရာ၌ စက်ရုံသို့ သွားရောက်ခဲ့သော သတင်းထောက်များ၏ တင်ပြချက်များနှင့် ဒေသခံရွာသားများ၊ အလုပ်သမားများ၏ ပြောကြားချက်များကို ကိုးကားပြီး စက်ရုံအတွက် လယ်မြေသိမ်းခံရသော အေအဒသခံများ၏ ဖြစ်စဉ်များကို ပေါင်းစပ်ရေးသားခဲ့ခြင်းဖြစ်သည်

ထိုသတင်းနှင့် ပတ်သက်ပြီး ယူနတီဂျာနယ်၏ ပေါက်မြို့နယ်သတင်းထောက် ကိုလူမော်နိုင်ကို ဇန်န၀ါရီ ၃၁ ရက်ညပိုင်း၌ သက်ဆိုင်ရာက ခေါ်ယူမေးမြန်းခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက် နံနက်တွင် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက် ဥပဒေ ၃/၁(က)/၉ ဖြင့် အမှုဖွင့်ကာ ပခုက္ကူသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁ ရက်မှာပင် ရန်ကုန်မြို့ရှိ ယူနတီဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းကို စုံစမ်းမေးမြန်းရန် သက်ဆိုင်ရာက ခေါ်ဆောင်သွားခဲ့ပြီး ထိုနေ့ညနေပိုင်းမှာပင် ယူနတီဂျာနယ် ရန်ကုန်အခြေစိုက် သတင်းထောက်များဖြစ်သော ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုစည်သူစိုးတို့ကိုလည်း စုံစမ်းမေးမြန်းရန် ထပ်မံခေါ်ဆောင်သွားကြောင်း သိရသည်။

ယူနတီဂျာနယ်၏ ပေါက်မြို့နယ်သတင်းထောက် ကိုလူမော်နိုင်အား အမှုဖွင့်ခဲ့သည့် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ၃/၁(က)/၉ နှင့်ပတ်သက်၍ ၃/၁ (က) ဆိုသည်မှာ “မည်သူမဆို နိုင်ငံလုံခြုံရေး၊ သို့မဟုတ် အကျိုးကိုထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ပိတ်ပင်တားမြစ်သည့် နေရာတစ်ခုကို ချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်းပြုလုပ်လျှင် သို့မဟုတ် ထိုနေရာအနီးတွင် ရှိနေလျှင် သို့မဟုတ် ထိုနေရာသို့ ၀င်ရောက်လျှင်...”၊ ၉ ဆိုသည်မှာ “မည်သူမဆို ဤအက်ပဒေအရ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန် အားထုတ်လျှင် သို့မဟုတ် ကျူးလွန်စေရန် အားပေးကူညီလျှင် အဆိုပါပြစ်မှုကို မိမိကိုယ်တိုင် ကျူးလွန်ပြီးသကဲ့သို့ အလားတူ အရေးယူခြင်း ခံရမည့်အပြင် အလားတူ ပြစ်ဒဏ်ချမှတ်ခြင်းလည်း ခံရမည်” အစရှိသော ဖွင့်ဆိုချက်များဖြစ်ကြောင်း သိရသည်။

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis