menu

Monday 3 February 2014

အလွန်သတိထားသင့်သော မြန်မာ့သမိုင်း တစ်ကျော့ပြန် အန္တရာယ်

Photo: အလွန်သတိထားသင့်သော မြန်မာ့သမိုင်း တစ်ကျော့ပြန် အန္တရာယ်

(တင်အေးကျော်)

မြန်မာနိုင်ငံသည် ယမန်နှစ် ဒီဇင်ဘာလက အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးနောက် ယခုအခါ လူကြိုက်များလျက်ရှိသော ရုံတွင်း အားကစားပွဲတစ်ပွဲကို နေပြည်တော်တွင် ကျင်းပလျက်ရှိသည်။ အခြားမဟုတ် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ အခြေခံဥပဒေ ပြင်ဆင်ရေးပွဲပင် ဖြစ်သည်။ 

ယခင်စစ်အစိုးရ လက်အောက်တွင် ရေးဆွဲခဲ့ပြီး လူထုဆန္ဒ ခံယူပွဲနှင့် ပတ်သက်၍လည်း အကြီးအကျယ် ဝေဖန်ခံခဲ့ရသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြင်ဆင်ခွင့် ပေးထားသော အခြေခံဥပဒေ ဖြစ်သည်။ ပြင်ဆင်သည့် နည်းလမ်းနှင့် ပတ်သက်၍မူ ပုဒ်မပေါ် မူတည်၍ သာမန် ပြင်ဆင်နိုင်သည့် ပုဒ်မနှင့် လွှတ်တော် နှစ်ရပ်လုံးမှ အမတ်အများစု (၇၅ ရာခိုင်နှုန်းကျော်) ၏ ထောက်ခံမှုဖြင့် ပြင်ဆင်ရမည့် ပုဒ်မဟူ၍ လိုအပ်ချက် အမျိုးမျိုး ရှိနိုင်သည်။

အခြေခံဥပဒေနှင့် ပတ်သက်၍ အစိုးရ၏ အသိပေးစကားမှာ ရှင်းသည်။
‘မကြိုက်ရင် အလွယ်တကူ ပြင်လို့ရတယ်။ အခြေခံမူတွေကလွဲရင်’ ဟူ၍ ဖြစ်သည်။ အဆိုပါ အခြေခံမူများ ဆိုသည်မှာ တိုင်းပြည် အုပ်ချုပ်ရေးတွင် စစ်တပ်၏ အခန်းကဏ္ဍ ဆက်လက် ရှိနေခြင်းနှင့် အခြေခံကျကျ ဆက်စပ် နေသကဲ့သို့  အစိုးရအဖွဲ့နှင့် လွှတ်တော်တွင် စစ်တပ် ပါဝင်နိုင်မှုကို ထည့်သွင်း လက်ခံထားခြင်းကို ဆိုလိုသည်။ အထူးသဖြင့် လွှတ်တော် ကိုယ်စားလှယ်များတွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်နိုင်ခြင်း ဖြစ်သည်။ ထို့ပြင် ယခု အခြေခံဥပဒေက သမ္မတလောင်းများ၏ အရည်အချင်းကိုလည်း ကန့်သတ်ထားသည်။ မိဘ၊ ဇနီး၊ ခင်ပွန်း၊ သား၊ သမီးနှင့် ချွေးမ၊ သမက်များမှာ နိုင်ငံခြားသား မဖြစ်ရဟူသည့် ကိစ္စဖြစ်သည်။ 

ယခုအခါ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းလျက်ရှိပြီး လွှတ်တော်ရှိ ပါတီအာလုံးမှ ကိုယ်စားလှယ် ၁၀၉ ဦး ပါဝင်သော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီက အခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုချက် များကို ဇန်နဝါရီလ ၃၁ ရက်နေ့မတိုင်မီ အစီရင်ခံစာ တင်သွင်းကြမည် ဖြစ်သည်။

အချို့သော အဖွဲ့များတွင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပုဒ်မနှစ်ခုပေါ်တွင် အခြေတည် စဉ်းစားလျက် ရှိသည်ကို တွေ့ရသည်။ အဆိုပါပုဒ်မ နှစ်ခုစလုံးမှာလည်း လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမှုရရှိရန် လိုအပ်သော ပုဒ်မများ ဖြစ်ကြသည်။ ပထမတစ်ခုမှာ တိုင်းဒေသကြီး ခုနစ်ခုနှင့် ပြည်နယ် ခုနစ်ခုတို့၏ အခွင့်အာဏာနှင့် ပတ်သက်သော ပုဒ်မဖြစ်ပြီး ဒုတိယတစ်ခုမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ခွင့်ကို ပိတ်ပင်ထားသည့် သမ္မတ အရည်အချင်းပင် ဖြစ်သည်။

ပြည်နယ်များ၏ အာဏာနှင့် ပတ်သက်သော ကိစ္စတွင် ဖက်ဒရယ် တစ်ပိုင်း နိုင်ငံရေး စနစ်အတွင်း သင့်တော်သော အာဏာခွဲဝေမှု ရရှိရန် ရည်ရွယ်သည် ဆိုပါက အတော်အတန် ရှင်းလင်း ပြတ်သားသော ပုံစံဖြင့် ရင်ဆိုင် ဖြေရှင်းသင့်သည်။ အတိတ်ကာလ ဗြိတိသျှနှင့် ဂျပန်ကိုလိုနီ ခေတ်လွန်အချိန်က ဖက်ဒရယ်ဝါဒနှင့် ပတ်သက်၍ ပြောဆို ခဲ့ကြသည်မှာ ဘာသာရေး အငြင်းအခုံနီးပါး ဖြစ်ခဲ့သည်ကို တွေ့ရသည်။

‘ပြည်နယ်များက ဗဟိုအစိုးရကို ဖန်တီးတာလား၊ ပြည်နယ်ဆိုတာ ဗဟိုအစိုးရရဲ့ လက်အောက်ခံလား’ စသည့် အငြင်းအခုံများ ဖြစ်သည်။ အတိတ်သမိုင်းကာလ အငြင်းအခုံများနှင့် စိတ်ခံစားမှုများကို  ထည့်သွင်း စဉ်းစားမည် ဆိုပါက အဆိုပါ ကိစ္စအတွက် အောင်မြင်စေရန် နှစ်ဖက် အပေးအယူပြု ညှိနှိုင်းရန်မှာ ခက်ခဲနေလိမ့်မည်။

ဒုတိယကိစ္စဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ယှဉ်ပြိုင်ခွင့်ပြုရန် အခြေခံဥပဒေကို ပြင်သင့် မပြင်သင့်ကိစ္စမှာ ပြည်တွင်းနိုင်ငံရေး  ရည်မှန်းချက်နှင့် ဒွန်တွဲနေသကဲ့သို့ ပြည်ပနိုင်ငံများ၏ အာရုံစိုက်မှုနှင့်အတူ လိုလားနေသောကိစ္စ ဖြစ်သည်။ အနောက်နိုင်ငံမှ နိုင်ငံရေး သမားများနှင့် မြန်မာပြည်တွင်းမှ လယ်သမားများ ကဲ့သို့သော ထောက်ခံ သူများ၏ အမြင်အရ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်လည်းဖြစ် နှစ်ပေါင်း များစွာ အာဏာရှင် အစိုးရကို ဆန့်ကျင်ခဲ့သူလည်း ဖြစ်သော သူမကို နိုင်ငံအား ဦးဆောင်ခွင့် အာဏာပေးထားပြီး ဖြစ်သည်။ မကြာသေးမီ အချိန်က ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ် တစ်ခုတွင် အခြေခံဥပဒေ ပြင်ဆင်ရေးသည် အာဏာရှင်စနစ်မှ လစ်ဘရယ် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို အစစ်အမှန် ဟုတ်မဟုတ် မှတ်ကျောက်တင်မည့် ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စမှာ အခြေခံဥပဒေ သုံးသပ်ရေးကော်မတီသို့ အကြံပြုစာပေါင်း သုံးသန်းကျော် ရောက်ရှိလာခြင်းနှင့်အတူ စတင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ အကြံပြုစာများတွင်  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အကြံပြုပြင်ဆင်ချက် ၁၆၈ ချက် ပေးပို့ခဲ့ပြီး တပ်မတော်၏ ကျောထောက် နောက်ခံမှု ရယူထားသော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြင်ဆင်ချက် ၅၁ ချက် ပေးပို့ထားသည်ဟု ဆိုသည်။ အများစုမှာ ဗဟိုနှင့် ဒေသအစိုးရအကြား အာဏာခွဲဝေမှုနှင့် ပတ်သက်သော ကိစ္စကို ဗဟိုပြုထားသည်ကို တွေ့ရသည်။

အာဏာခွဲဝေမှု ကိစ္စနှင့် နှိုင်းယှဉ်ပါက အကြံပြုချက် အနည်းငယ်သော ကိစ္စမှာ  သမ္မတ အရည်အချင်း သတ်မှတ်ချက်နှင့်ဆိုင်သော ပုဒ်မဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်ပါက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ယခင်ထက် ပိုမို ပျော့ပျောင်းလာသည်ကို တွေ့ရသည်။ ၎င်းတို့က တင်သွင်းသည့် သမ္မတ အရည်အချင်း ပြင်ဆင်ချက် အရ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦး ဗြိတိန်နိုင်ငံသား အဖြစ်မှ စွန့်လွှတ်၍ မြန်မာနိုင်ငံသား ခံယူခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သမ္မတလောင်းအဖြစ် အရွေးခံနိုင်ရန် အရည်အချင်း ပြည့်မီ သွားပြီ ဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့၏ အဆိုပြုချက်ကို ပြည်တွင်းရှိ လိုလား တောင့်တမှုများနှင့် ကိုက်ညီနိုင်ဖွယ် မရှိပေ။ ပို၍ အရေးကြီးသည်မှာ ပြည်ပရှိ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများ၏ လိုလားချက်များနှင့် ကိုက်ညီနိုင်ဖွယ် မရှိဟု ဆိုရမည်။

အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ လုပ်ငန်းများ ပြီးဆုံးခါ နီးလာချိန်တွင် မြန်မာ့နိုင်ငံရေးစနစ်၏ အနာဂတ်မှာ မရေရာမှုများနှင့် တွေ့လာရပုံ ပေါ်သည်။ ယင်းသို့ ဖြစ်ရသည်မှာ အမှန်တကယ် အံ့သြစရာ မကောင်းလှပေ။ နိုင်ငံရေးပါတီ အားလုံးမှာ ယခင်စစ်အစိုးရ ချမှတ်ခဲ့သော စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်သို့ ဟူသည့် နိုင်ငံရေး လမ်းပြမြေပုံ ဆိုသည်ကို သတိမမူဘဲ ရှေ့ဆက်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့သော ပါတီစုံနိုင်ငံရေး သမိုင်း (ပါလီမန် ဒီမိုကရေစီခေတ်) ကို လေ့လာဖူးသူတိုင်း မြန်မာ အနာဂတ်မှာ ‘ဝမ်းမြောက်ဝမ်းသာ မဖြစ်ရာ’ ဟု ဆိုရမည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အစီအစဉ်ဖြင့် ခရီးဆက်ခဲ့သော မြန်မာနိုင်ငံရေးခရီးမှာ ၁၉၆၂ ခုနှစ်တွင် ပြိုကျပျက်စီး သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် လူမျိုးစုအရ ခွဲခြားထားသော ပြည်နယ်များမှ ခေါင်းဆောင်များ၏ မည်သည့် အစိုးရကမျှ လက်ခံနိုင်ဖွယ် မရှိသော တောင်းဆိုချက် များကြောင့် ဖြစ်သည်။ ထို့ပြင် ထိုအချိန်က အင်အားကြီး ပါတီဖြစ်သော ဖဆပလတွင်လည်း ပါတီ ခေါင်းဆောင်များအကြား မလိုလားအပ်သော အမျက်ဒေါသကြောင့် စေ့စပ်ညှိနှိုင်းလိုစိတ် မရှိရာမှ ဖြစ်လာသော ပါတီတွင်း အကွဲအပြဲကြောင့်လည်း ဖြစ်သည်။

မြန်မာနိုင်ငံအတွက် သမိုင်းဘီးသာ တစ်ကျော့ ပြန်လည်မည် ဆိုပါက ရွေးကောက်ပွဲ များမှာလည်း မြန်မာ့ အနာဂတ်ကို မည်သို့မျှ ဖြေရှင်းပေးနိုင်မည် မဟုတ်ပေ။ အဆိုးဆုံး ဖြစ်နိုင်ဖွယ် အခြေအနေမှာ ရလဒ်များကို ဆန့်ကျင်သူများသည် လမ်းပေါ်ထွက် ဆန္ဒပြကြခြင်း နည်းလမ်းကို ရွေးချယ်ခဲ့ပါက အကျိုးဆက် အနေနှင့် စစ်အုပ်ချုပ်ရေးသို့ ပြန်လည် ထွက်သွားခြင်း ဟူသည်သာ အဖတ်တင်နိုင်ဖွယ် ရှိပေတော့သည်။

Ref:Myanmar's constitution: Addressing--and creating--confusion

ယခုဆောင်းပါးမှာ စင်ကာပူရှိ
အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျုတွင် ဧည့်ပညာရှင် အဖြစ် ဆောင်ရွက်နေသော ရောဘတ်တေလာ၏ အမြင်များ ဖြစ်သည်။ ရောဘတ်တေလာသည် The State in Myanmar ဟူသော စာအုပ်ကို ရေးသားခဲ့သူလည်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis