menu

Monday 3 February 2014

သံလွင်ရေကာတာ အလိုမရှိကြောင်း လက်မှတ်ထိုး ကန့်ကွက်ပွဲ ယနေ့ပြုလုပ်မည်

Photo: သံလွင်ရေကာတာ အလိုမရှိကြောင်း လက်မှတ်ထိုး ကန့်ကွက်ပွဲ ယနေ့ပြုလုပ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ၊၂

မြန်မာနိုင်ငံ အတွင်းရှိ မြစ်များအနက် ရေစီးအသန်ဆုံး မြစ်အဖြစ် လူသိများသော သံလွင်မြစ် တစ်လျှောက်တွင် တရုတ်နှင့် ထိုင်းကုမ္ပဏီများက ရေအားလျှပ်စစ် စီမံကိန်းများအတွက် ရေကာတာများ တည်ဆောက်ရန် စီစဉ်နေခြင်းကို သံလွင် ရေကာတာ အလိုမရှိဟူသည့် ခေါင်းစဉ်ဖြင့် လက်မှတ်ထိုး ကန့်ကွက်ပွဲကို ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကမာရွတ်မြို့နယ် ဦးထွန်းလင်းခြံလမ်း အမှတ် (၁) အဆောက်အအုံတွင် နံနက် ၁၀ နာရီမှ စတင်၍ ကျင်းပသွားမည် ဖြစ်ကြောင်း ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့မှ ကိုစောသာဘိုးက ပြောကြားသည်။

“ကျွန်တော်တို့ ကရင်ပြည်နယ်မှာတော့ ရေကာတာ အလိုမရှိကြောင်း လက်မှတ်တွေ လိုက်ကောက်နေတာ ကြာပါပြီ။ ရန်ကုန်မှာကတော့ အခုမှ ပထမဆုံး လုပ်တာပါ။ ဧရာဝတီမြစ် မြစ်ဆုံ ရေကာတာကို ကန့်ကွက်ခဲ့သလို ပြည်မက လူတွေကော ပါဝင်လာစေဖို့အတွက် ရန်ကုန်မှာလည်း  လက်မှတ်တွေ ကောက်ခံရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

သံလွင်ရေကာတာ အလိုမရှိကြောင်း လက်မှတ်ထိုး လှုံ့ဆော်မှုများမှ ကောက်ခံရရှိသော ကန့်ကွက်သည့် လက်မှတ်များကို စုစည်းပြီး ပြည်ထောင်စုအစိုးရ၊ တရုတ် အစိုးရ၊ ထိုင်းအစိုးရနှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနများသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

သံလွင်ဒေသတွင် ရေအားလျှပ်စစ် စီမံကိန်းအတွက် ရေကာတာ ခြောက်ခု တည်ဆောက်ရန်အတွက် သဘောတူညီမှု ရယူထားပြီးဟု သိရပြီး လက်ရှိတွင် လမ်းဖောက်ခြင်းများ၊ စက်ယန္တရားများနှင့် မြေညှိခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောကြားသည်။

သံလွင်မြစ်အထက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်းလုံမြို့နယ် ဟိုလီကျေးရွာ အထက်ဘက် ၄ ဒသမ ၃ မိုင်နေရာတွင် ၁၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ကွမ်လုံရေကာတာ၊ လားရှိုးမြို့ အရှေ့ဘက် တန့်ယန်းမြို့နယ် တာဆန်းလျှံ ကျေးရွာအနီးတွင် ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နောင်ဖာရေကာတာ၊ မိုင်းမောမြို့နယ်တွင်၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် မန်တောင်ရေကာတာ၊ တောင်ကြီးမြို့ အရှေ့ဘက် ၁၉၅ မိုင်ခန့်အကွာ မိုင်းပန်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့ အကြားတွင် ၇၁၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် တာဆန်း ရေကာတာ၊ ကယားပြည်နယ် ဘော်လခဲ မြို့နယ် အရှေ့ဘက် ၁၄ မိုင်ခန့်အကွာ ရွာသစ်ကျေးရွာအနီးတွင် ၄၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်နှင့် သောင်းရင်းမြစ်ဆုံ၏ အောက်ဘက် ၂၉ မိုင်အကွာတွင် ၁၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဟတ်ကြီး ရေကာတာတို့ကို ဆောင်ရွက်ရန် သဘောတူညီချက် ရရှိထားပြီး ဆည်ခြောက်ခုမှ မဂ္ဂါဝပ်ပေါင်း ၁၅,၀၇၀ ခန့်  ထုတ်လုပ်နိုင်မည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis