menu

Saturday 1 February 2014

ပုဂ္ဂလိကရုပ်သံမီဒီယာများနှင့် ချုပ်ဆိုထားသည့် စာချုပ်များ ပြန်ပြင်ချုပ်ဆိုရန် ရေးဆွဲနေမှုနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ရငွေ၊ သုံးငွေများအကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်

Photo: ပုဂ္ဂလိကရုပ်သံမီဒီယာများနှင့် ချုပ်ဆိုထားသည့် စာချုပ်များ ပြန်ပြင်ချုပ်ဆိုရန် ရေးဆွဲနေမှုနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ရငွေ၊ သုံးငွေများအကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ် 

ပုဂ္ဂလိက ရုပ်သံမီဒီယာများနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား ချုပ်ဆိုထားသည့် စာချုပ်များကို ပြန်လည်ပြင်ဆင်ချုပ်ဆိုရန် စီစဉ်နေမှုနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ရငွေသုံးငွေများအကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဇန်န၀ါရီ ၃၁ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။
    
သတင်းစာရှင်းလင်းပွဲသို့ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ ညွှန်ကြားရေးမှူးများပါဝင်သည့် ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ရေးအဖွဲ့က တက်ရောက်ရှင်းလင်းခဲ့သည်။
    
ရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကရုပ်သံမီဒီယာဖြစ်သည့် Sky Net၊ Forever တို့နှင့် ချုပ်ဆိုထားသည့် စာချုပ်ပါအချက်များ၊ အကျိုးအမြတ်ခွဲဝေမှုအပိုင်းများကို ပြန်လည်ပြင်ဆင် ချုပ်ဆိုရန် စီစဉ်နေပြီး ပုဂ္ဂလိက FM လိုင်း ခြောက်ခုဖြင့် ချုပ်ဆိုထားသည့် စာချုပ်များကို ပြန်လည်ပြင်ဆင် ချုပ်ဆိုရန် စီစဉ်ရေးဆွဲနေသည့်အကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ရှင်းလင်းခဲ့သည်။
    
ပြင်ဆင်ချုပ်ဆိုရာတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားပိုင် အခြေခံအဆောက်အအုံများကို အသုံးပြုသည့်အတွက် ထိုသို့အသုံးပြုမှုအတွက် လက်ရှိကာလသုံးစွဲမှုနှင့် ညီညွတ်စေရန်၊ ထုတ်လွှင့်မှုစနစ်များနှင့်အညီ ငွေပေးသွင်းမှု ရှင်းလင်းလွယ်ကူစေရန်အတွက် Forever နှင့် ရွှေသံလွင်မီဒီယာ (Sky Net)တို့နှစ်ဦးစလုံးကို ပြန်လည်ပြင်ဆင်ချုပ်ဆိုမည်ဟု ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက ရှင်းလင်းရာတွင် လက်ရှိထုတ်ဝေနေသည့် နိုင်ငံပိုင်သတင်းစာများသည် တစ်စောင် ၅၀ ကျပ်ဖြင့် ရောင်းချနေသော်လည်း လုပ်ငန်းမှာ အရှုံးမရှိကြောင်း၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က ၀င်ငွေပေါင်းကျပ် ၁၄ ဒသမ ၁၉ ဘီလျံရရှိပြီး သုံးငွေပေါင်းမှာ ကျပ် ၁၁ဒသမ ၇၅ဘီလျံဖြစ်၍ ပိုငွေကျပ် ၂ ဒသမ ၄၄ ဘီလျံဖြစ်ကြောင်း၊ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်လည်း ဒီဇင်ဘာလအထိ စာရင်းများအရ ၀င်ငွေပေါင်း ကျပ် ၁၃ ဒသမ ၉၂ ဘီလျံရှိပြီး သုံးငွေပေါင်း ကျပ် ၁၀ ဒသမ ၀၄ ဘီလျံဖြစ်သည့်အတွက် ပိုငွေ ကျပ် ၃ ဒမသ ၈၈ ဘီလျံရှိကြောင်း ထို့အတွက် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှာ မရှုံးကြောင်း ရှင်းလင်းခဲ့သည်။
    
ယင်းအပြင် ပြန်ကြားရေးဝန်ကြီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် တောင်းခံထားသည့် ဘတ်ဂျက်ငွေကျပ် ၃၆ ဒသမ ၅၆၆ ဘီလျံထဲတွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ကျပ် ၃ ဒမသ ၃၃၇ ဘီလျံကိုသာ တောင်းခံခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်တွင် ကိုယ်ပွားသတင်းစာတိုက်သစ်နှင့် ဆက်စပ်ပစ္စည်းများအားလုံး တပ်ဆင်ရန်၊ မြစ်ကြီးနားတွင် ကိုယ်ပွားသတင်းစာတိုက်အား ရောင်စုံပုံနှိပ်စက်များနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ရန်နှင့် စက်အတွက် အဆောက်အအုံတည်ဆောက်ရန်၊ ကလေးတွင်လည်း မြစ်ကြီးနားကဲ့သို့ပင် ကိုယ်ပွားသတင်းစာတိုက်အား ရောင်စုံပုံနှိပ်စက်များတပ်ရန်အတွက် အဆိုပါ ၃ ဒသမ ၃၃၇ ဘီလျံကို တောင်းခံခြင်းဟု ပြန်လည်ရှင်းလင်းခဲ့သည်။
    
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်အထိ သတင်းစာ သုံးစောင်၊ ဂျာနယ် ၁၀ စောင် ထုတ်ဝေခွင့် လျှောက်ထားကြောင်း၊ မကြာမီ စိစစ်ကာ ချထားပေးရန် အစီအစဉ်ရှိကြောင်း ရှင်းလင်းခဲ့သည်။
    
သတင်းစာသုံးစောင်မှာ လူထုမော်ကွန်း၊ ပြည်သူ့ခွန်အားနှင့် Myanmar Eleven သတင်းစာများဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    
ယခုပြုလုပ်သော သတင်းစာရှင်းလင်းပွဲသည် အဓိကအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကရုပ်သံမီဒီယာများ ချုပ်ဆိုထားသည့် စာချုပ်များပြန်ပြင်ချုပ်ရန်နှင့် သတင်းနှင့်စာနယ်ဇင်း၏ ၀င်ငွေထွက်ငွေများကို အဓိကထားရှင်းလင်းခဲ့ခြင်းဖြစ်သည်။   

(ဇန်န၀ါရီ ၃၁ရက်က နေပြည်တော်တွင်ကျင်းပသည့် ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်)

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis