menu

Saturday 1 February 2014

မငြိမ်းသေးသော ဒုချီးရားတန်းမီး .....( အောင်မြင့်ထွန်း)

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများ အသတ်ခံရခြင်းမှာ မဟုတ်မမှန်ကြောင်း မြန်မာအစိုးရက နိုင်ငံတကာ အသိုင်းအဝိုင်းကို ရှင်းလင်းပြီး သုံးနာရီခန့်အကြာ ဘင်္ဂါလီများ အကြမ်းဖက်ခံရသည် ဟုဆိုသည့် နေရာအနီးတွင် မီးလောင်မှု ထပ်မံ ဖြစ်ပွားသည်။
မောင်တောမြို့နယ် ဒုချီးရားတန်း အလယ်ကျေးရွာ၌ ဇန်နဝါရီလ ၁၃ ရက်နေ့က ဖြစ်ပွားသည့် ဖြစ်စဉ်တွင် ဘင်္ဂါလီများ သတ်ဖြတ်ခံရခြင်း မဟုတ်ဘဲ လုံခြုံရေး တပ်ဖွဲ့ဝင်များသာ တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး ရဲတပ်ကြပ်ကြီးတစ်ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု မြန်မာအစိုးရ တာဝန်ရှိသူများက ဇန်နဝါရီလ ၂၈ရက်နေ့တွင် ရန်ကုန်မြို့တော်တွင် သံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများကို ရှင်းလင်းခဲ့သည်။
ယင်းရှင်းလင်းမှုအပြီး သုံးနာရီခန့် အကြာ ဇန်နဝါရီလ ၈ ရက်နေ့ည ၉ နာရီ ခန့်တွင် ဒုချီးရားတန်း အလယ်ရွာနှင့် ကပ်လျက် တည်ရှိသည့် ဒုချီးရားတန်း အနောက် ကျေးရွာတွင် မီးရှို့မှုတစ်ခု ဖြစ်စဉ် ဖြစ်ပွားကြောင်း ရခိုင်ပြည်နယ် အစိုးရက ထုတ်ပြန်သည်။
ဒုချီးရားတန်း အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မီးရှို့မှုသည့် ပြည်ထောင်စုဝန်ကြီးများ ရှင်းလင်းချက်ကို မှားယွင်းကြောင်း ပြသရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်သည့် လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သုံးသပ်သည်။
“ဒီနေရာ (မောင်တော) မှာ ဘာမှ မဖြစ်ဘူး၊ အေးဆေးပဲဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို ရှင်းခဲ့တယ်။ အစိုးရပိုင်းက ဝန်ကြီးတွေ ရှင်းလင်းတဲ့ ကိစ္စဟာ မှားနေတယ်။ ဟိုမှာ မီးရှို့တာတွေ တကယ်ဖြစ်နေတယ် ဆိုတာကို ပြချင်လို့ လုပ်တယ်လို့ ယူဆရတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ မီးလောင်မှုသည် ဥရောပ သမဂ္ဂ သံရုံးမှ သံအမတ်ကြီး ဦးဆောင်သော မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ သံရုံးများမှ သံအမတ်ကြီးများအဖွဲ့ ရောက်ရှိရန် ၁၇ နာရီခန့် အလိုတွင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံတကာ ဖိအားနှင့် အချုပ်အခြာအာဏာ

ဒုချီးရားတန်း အလယ်ကျေးရွာတွင် ဘင်္ဂါလီများ တိုက်ခိုက်၍ ရဲတပ်ကြပ်ကြီး တစ်ဦးပျောက်ဆုံးမှု သတင်းသည် နိုင်ငံတကာ စာမျက်နှာများတွင် ဘင်္ဂါလီ ၄၀ခန့် သတ်ဖြတ်ခံရသည်ဟု ပျံ့နှံ့လာပြီးနောက် ဗြိတိန်၊ အမေရိကန်၊ ကုလသမဂ္ဂ အပါအဝင် သံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများက ယင်းကိစ္စ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပေးရန် မြန်မာအစိုးရကို ဖိအားပေးခဲ့ကြသည်။
နိုင်ငံတကာ စာမျက်နှာတွင် ပျံ့နှံ့နေသည့် ဘင်္ဂါလီများ သတ်ဖြတ်ခံရသည့် သတင်းမှာ မှားယွင်းကြောင်း အစိုးရ တာဝန်ရှိသူများက နိုင်ငံတကာ အသိုင်းအဝိုင်းကို ရှင်းလင်းခဲ့သော်လည်း ယင်းရှင်းလင်းချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက သံသယ ရှိနေဆဲ ဖြစ်သည်။
မြန်မာအစိုးရက ပြုလုပ်သည့် စုံစမ်း စစ်ဆေးမှုတွင် ပြည်တွင်း ကိုယ်စားလှယ်များသာ ပါဝင်သဖြင့် ယင်းအစီရင်ခံစာကို နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြုရန် နိုင်ငံတကာ ကိုယ်စားပြု ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြု ခံထားရသူများ ပါဝင်သည့် အဖွဲ့ကို ရခိုင်ပြည်နယ်သို့ သွားရောက်၍ စုံစမ်း စစ်ဆေး ခွင့်ပြုရန် မြန်မာနိုင်ငံ သမ္မတကို တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချဲလ်က အဆိုပါ ရှင်းလင်းပွဲတွင် တောင်းဆိုခဲ့သည်။
သို့သော်လည်း မောင်တော အကြမ်းဖက်မှု ဖြစ်စဉ်သည် ပြည်တွင်းအရေးသာ ဖြစ်သဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများကို စုံစမ်း စစ်ဆေးခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ယင်းတောင်းဆိုမှုကို ပယ်ချထားသည်။
“ဒီကိစ္စက ကျွန်တော်တို့ ပြည်တွင်းရေး ကိစ္စပါ။ ပြည်တွင်းမှာပဲ စုံစမ်း စစ်ဆေးရမယ်။ ပြည်ပက ပါဝင်စရာ အကြောင်း မရှိဘူး” ဟု ၎င်းက ဆိုသည်။

အမြစ်တွယ် အနာ

မြန်မာနိုင်ငံသည် တပ်မတော် အစိုးရလက်ထက် တစ်လျှောက် ဆယ်စုနှစ်ချီ ကျင့်သုံးခဲ့သည့် စနစ်များကြောင့် အစိုးရအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ယုံကြည်မှု ပျောက်ဆုံးမှုမှာ အမြစ်တွယ် နေဆဲဖြစ်သည်။ ယင်းအမြစ်တွယ် အနာကို ဒုချီးရားတန်း အကြမ်းဖက်မှု ဖြစ်စဉ်များက သက်သေ ထူလျက်ရှိသည်။
အစိုးရသစ် လက်ထက်သက်တမ်း ၂ နှစ်ခွဲကျော်ကာလ ပြုပြင်ပြောင်းလဲမှု များကြောင့် နိုင်ငံတကာက အသိအမှတ်ပြုလာခဲ့ ကြသော်လည်း နှစ်ပေါင်းများစွာ ကွန်ရက် ချိတ်ဆက် လုပ်ကိုင်နေသည့် တက်ကြွ လှုပ်ရှားသူများ၏ အရှိန်အဟုန် ကြီးမားနေဆဲ ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။
“အစိုးရပြောတာ မယုံ။ Campaign သမားတွေ ပြောတာကိုသာ ယုံကြည်ခဲ့တယ်” ဟု ၎င်းက နိုင်ငံတကာ အဖွဲ့အစည်းများ၊ သတင်းဌာနများနှင့် ပတ်သက်၍ မှတ်ချက်ပေးသည်။

အချိန်ကိုက်လား . . .

ဒုချီးရားတန်းတွင် ဖြစ်ပွားခဲ့သော ရဲတပ်ကြပ် ပျောက်ဆုံးမှု သတင်းမှားများ ဖြန့်ဝေသည့် နောက်ကွယ်တွင် ကြိုးကိုင် လှုပ်ရှားသူများ ရှိနေကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မီဒီယာများကို ပြောဆိုထားသည်။ မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းနေလျှင် ၎င်းတို့ လိုလားသည့် အခွင့်အရေးများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်၍ နောက်ကွယ်က လှုပ်ရှားသည့် အဖွဲ့များက သတင်းမှားများ ဖန်တီးကာ နိုင်ငံတကာ စာမျက်နှာများအပေါ် ဆွဲတင်နေကြောင်း ၎င်းက စွပ်စွဲသည်။
“ဘင်္ဂါလီတွေကို သူတို့ခေါ်ချင်တဲ့ နာမည်နဲ့ခေါ်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တောင်းချင်တာတွေ၊ တိုင်းရင်းသား တောင်းချင်တဲ့ ကိစ္စတွေ ပျောက်ကွယ်သွားမှာ စိုးရိမ်လို့။ ပြဿနာတစ်ခု ဖြစ်တိုင်း သတင်းမှားကြီး လုပ်ပြီး နိုင်ငံတကာ စာမျက်နှာကို ဆွဲတင်နေတာ” ဟု ဦးရဲထွဋ်က ထပ်မံ ပြောကြားသည်။
သို့သော်လည်း ယင်းပြောဆိုချက်အပေါ် ရခိုင်ပြည်နယ် အခြေစိုက် မေယု တောင်တန်းဒေသ ကွန်ရက် ပြောရေးဆိုခွင့်ရှိသူ ရိုဟင်ဂျာဟုဆိုသူ ဦးကျော်စိုးအောင် ကမူ “ရှင်းရှင်းပြောရရင် ဒါက နိုင်ငံရေးလှည့်ကွက် တစ်ခုလို့ပဲ မြင်တယ်။ ဒီလူမျိုးနဲ့ ဒီဘာသာကို အသုံးချနေတာပါ” ဟု ဆိုသည်။
အစိုးရအပေါ် နိုင်ငံတကာက မယုံကြည်မှု၊ အစိုးရ၏ သတင်းထုတ်ပြန်မှု အားနည်းချက်များသည် ပြဿနာတစ်ခု ဖြစ်ပွားတိုင်း နောက်ကွယ်က ကြိုးကိုင် လှုပ်ရှားသူများအတွက် အခွင့်ကောင်း တစ်ခုသဖွယ် ဖြစ်နေဆဲ ဖြစ်သည်။
ဒုချီးရားတန်း အနောက်ကျေးရွာတွင် ဇန်နဝါရီလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးရှို့မှု၌ မီးရှို့ရန် အသင့် ပြင်ဆင်ထားသည်ကို တွေ့ရပြီး ယင်းမီးလောင်မှု စတင် ဖြစ်ပွားသည့် နေအိမ်ကို မီးငြှိမ်းသတ် နေစဉ် တောင်ဘက်ကိုက် ၁၅၀ ခန့် အကွာကနေ အိမ်တစ်လုံး ထပ်မံ မီးလောင်ကြောင်း၊ ယင်းအိမ်ကို မီးငြှိမ်းနေစဉ် အရှေ့ဘက်က နေအိမ်တစ်လုံး ထပ်မံ မီးလောင်ရာ နေအိမ် ၁၆ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရက သတင်း ထုတ်ပြန်ထားသည်။
“အိမ်ထဲမှာ ပုံထားတဲ့ ထင်းပုံတွေကနေ မီးလောင်နေတယ်။ အိမ်ခေါင်မိုးတွေမှာ ကောက်ရိုးတွေ ပုံထားတယ်။ ရှို့မီးပဲ” ဟု မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ရွှေသန်းက ပြောကြားသည်။
မီးရှို့မှု ဖြစ်ပွားသည့် အဆိုပါ နေရာတွင် မီးမရှို့ခင် ပစ္စည်းများကို ရွှေ့ပြောင်းထားသည်ကို တွေ့ရပြီး ကျေးရွာတွင်းတွင်လည်း လူမရှိကြောင်း ဒုတိယ ရဲမှူးကြီး ရွှေသန်းက ဆိုသည်။
တောင်ဘက်နေအိမ် မီးငြှိမ်းရန် သွားရောက်စဉ် ဘင်္ဂါလီ အမျိုးသား ငါးဦး ထွက်ပြေးသွားပြီး မီးလောင်မှု ဖြစ်ပွားသည့် ကျေးရွာ အနီးတစ်ဝိုက် ကျေးရွာများမှာ ဘင်္ဂါလီများသာ နေထိုင်သည့် ကျေးရွာဖြစ်သဖြင့် အခြားတိုင်းရင်းသားများ လာရောက် မီးရှို့ခြင်း မဖြစ်နိုင်ကြောင်း၊ ဘင်္ဂါလီများ ကိုယ်တိုင် မီးရှို့ခြင်းသာဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ မီးရှို့မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်(ခ) ဦးအဒူရော်ဇက်နှင့် မောင်တောမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်း(ခ) ဦးဇော်ကိရ်အာမက်တို့ကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း လတ်တလော ဖြေကြားနိုင်ခြင်း မရှိကြောင်းသာ ပြန်လည် ပြောဆိုခဲ့သည်။
ဒုချီးရားတန်း မီးလောင်ဖြစ်ပွားပြီး မကြာမီ အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ဘင်္ဂါလီ တက်ကြွ လှုပ်ရှားသူများက မီးလောင်နေသည့် ဓာတ်ပုံများဖြင့် သတင်းမှားများ ထုတ်ပြန်ခဲ့ကြောင်း ဦးဇော်ဌေးက ဆိုသည်။
ရခိုင်ပြည်နယ်တွင် အထင်ကရ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ လာရောက်တိုင်း အကြမ်းဖက်မှုများ ဖြစ်ပွားလေ့ရှိပြီး ဒုချီးရားတန်း မီးလောင်မှုမှာ ရှို့မီးလား၊ မတော်တဆ ဖြစ်ပွားခြင်းလား ယတိပြတ် မပြောဆို နိုင်သေးသော်လည်း ဥရောပ သမဂ္ဂသံရုံးမှ သံအမတ်ကြီး ဦးဆောင်သော အဖွဲ့လာရောက်သည့် ခရီးစဉ်နှင့် အချိန်ကိုက် လုပ်ဆောင်သလောဟု မေးခွန်း ထုတ်စရာ ဖြစ်နေသည်။
ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးခဲ့သည့်ရက်မှ စ၍ ၁၇ ရက်ကြာသည်အထိ ဒုချီးရားတန်းမီးစမှာ မငြိမ်းသေးပေ။
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု ဖြစ်စဉ်များ၊ သတင်းလွှင့်မှု ဖြစ်စဉ်များ တိုက်ဆိုင်နေမှုများအပေါ် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အောက်ပါအတိုင်း မေးခွန်းထုတ်လိုက်သည်။
“ပြဿနာ ဖြေရှင်းနိုင်ဖို့ ကူညီမလား။ ပြဿနာတွေ ဆိုးသထက် ဆိုးစေဖို့ လှုံ့ဆော်နေမလား”

The Voice Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis