menu

Saturday 1 February 2014

သူရိယနေဝန်း အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်း ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်ခြင်းမရှိ

Photo: သူရိယနေဝန်း အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်း ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်ခြင်းမရှိ

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ယခင် တပ်မတော်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် ယင်းတို့နှင့် ပတ်သက် ဆက်နွှယ်ခဲ့သော  စီးပွားရေး လုပ်ငန်းရှင်များ အကြောင်းကို ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးသား ထုတ်ဝေသည့် သူရိယနေဝန်းဂျာနယ် အမှုဆောင် အရာရှိချုပ် ဖြစ်သူ ဦးမိုးဟိန်း ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်သွားသည့် သတင်းများ ထွက်ပေါ်နေခြင်းမှာ မမှန်ကန်ကြောင်း ယင်းသတင်းစာတိုက်နှင့် နီးစပ်သူများထံမှ  သိရှိရသည်။

ထို့ပြင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၏ ပြည်ပ ထွက်ခွာသူ စာရင်းတွင်လည်း မပါရှိကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဦးမိုးဟိန်း၏ အွန်လိုင်း စာမျက်နှာပေါ်တွင် “ကျုပ်ကိုတော့ ဒင်းတို့ လုပ်ပြန်ပြီဗျာ ... ဒေါ်လာခြောက်သိန်း ပိုက်ပြီး ထွက်သွားတယ်တဲ့ ...။ နောက် အမေရိကန် နိုင်ငံသားမို့လို့ ဆိုပြီး ကန်ထုတ်လိုက်တယ် ... မဟုတ်ရပါဘူးဗျာ ... ဒေါ်လာက ၁၀ သိန်း လောက်လေးကို ...” ဟု ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

အထက်ပါ ကိစ္စရပ်နှင့် ပတ်သက်၍ အမှုဆောင် အယ်ဒီတာချုပ်ဖြစ်သူ မိုးဟိန်းထံသို့ ဆက်သွယ်ရာတွင်လည်း ဖုန်းပိတ်ထားသဖြင့် ၎င်းအလုပ်လုပ်ကိုင်သည့် ဂျာနယ်တိုက်နှင့် ထုတ်ဝေသူ ဦးခင်အေးကို ဆက်သွယ် မေးမြန်းရာတွင်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

မြန်မာနိုင်ငံ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးတေဇကို ဦးမိုးဟိန်း၏ သူရိယနေဝန်း ဂျာနယ်တွင် “မင်းတို့ခရိုနီတွေ ဘင်္ဂလား ပင်လယ်ထဲကိုသာ ခုန်ချကြပေတော့ (သို့မဟုတ်) ဦးတေဇနှင့် စိန်စီသောညများ” ဟူသည့် ဆောင်းပါး ရေးသား ဖော်ပြခဲ့သည့်အတွက် ဦးတေဇက ၎င်းပိုင် အွန်လိုင်း စာမျက်နှာပေါ်တွင် “ဘယ်မီဒီယာမှ မကျင့်သုံး မရေးသားခဲ့တဲ့ အဝါရောင်ဆန်သော အရေးအသားများနဲ့ မိမိအပေါ် စော်ကားမှုများ အတွက်လည်း လူကြီးလူကောင်း ပီသစွာ ဥပဒေ ဘောင်အတွင်းမှပဲ စကားပြောပါမယ်။ လမ်းဘေးစရိုက်ဆန်စွာ စိန်ခေါ်မှုအတွက် မိမိဥပဒေဘောင် အတွင်းမှ တုံ့ပြန်ပါမယ်။ မိမိကို ပုတ်ခတ်စော်ကား ရေးသားသော တခြားသော စာစောင်များကိုလည်း ဥပဒေကြောင်းအရ တုံ့ပြန်သွားပါမည်။ ၎င်းအချိန်မှ ထွက်မပြေးရန် မိမိပြောလိုပါသည်” ဟု တုံ့ပြန် ရေးသားထားခဲ့သည်။

ယင်းကဲသို့ ဦးတေဇက ရေးသားပြီး နောက်တွင် သူရိယနေဝန်း ဂျာနယ်တွင် ဦးတေဇအကြောင်း ပါရှိလာခြင်း မရှိတော့ပေ။

သူရိယနေဝန်း အမည်ဖြင့် ဂျာနယ် ပြောင်းလဲမထုတ်မီ သူရိယအလင်းဂျာနယ် အမည်ဖြင့် စောင်ရေ ၁၂ စောင် ထုတ်ဝေခဲ့သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့၌ အမှုဆောင်ချုပ် ဦးမိုးဟိန်းက (ထုတ်ဝေသူ  ဦးယုနိုင်နှင့် အဆင်မပြေဖြစ်ကာ) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် သူရိယအလင်း ဂျာနယ် အတိအလင်း ရပ်စဲလိုက်ပြီး သူရိယနေဝန်း အမည်ဖြင့် ပြောင်းလဲ ထုတ်ဝေခဲ့ရာ ၁၄ စောင် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis